Thursday, September 27, 2012

ကိုယ်စီ ကိုယ်စီ တာဝန်ယူသင့်တယ်


    မနေ့က လူနာလာလို့ ကြည့်လိုက်တိုင်း သိပ်စိတ်မချမ်းသာရဘူး။ လူနာကြောင့်မို့ မဟုတ်ပါဘူး။ လာလိုက်တဲ့ လူနာတိုင်းက စိတ်မချမ်းသာ စရာဖြစ်နေလို့ပါ။ တယောက်လာလို့ မေးလိုက်တော့ ဆိုင်ကယ်ချင်းတိုက်တာ။ ဒါပေမယ့်  ဘာမှဆိုးဆိုးရွားရွားတော့ မဖြစ်ဘူး။ ပွန်းပဲ့ရုံပဲ။ နောက်တယောက် လာလို့ မေးလိုက်တော့လည်း ဒီလိုပဲ။ ယာဉ်တိုက်မှုလို့ ခေါ်ရမယ်။ ဒါပေမယ့် ထူးဆန်းတာ တခုက ဆိုင်ကယ်စီးနေတုန်း ကားသစ်တစ်စီးက ဝင်တိုက်သွားတာတဲ့။ အဲဒါနဲ့ ကားနံပတ်မှတ်မိလား ဘယ်လိုကားမျိုးလည်း မေးကြည့်တော့ ကားကအသစ်ချပ်ချွတ်။ ဒါပေမယ့် ကားနံပါတ်တော့ တပ်မထားလို့ မသိလိုက်ဘူးတဲ့။ ကားကလည်း တိုက်မိပြီဆိုတာနဲ့ ထွက်ပြေးသွားတယ်လို့ ဆိုတယ်။ အဲဒီတော့ အစအန ရှာမရအောင် ပျောက်ပြီပေါ့။ အဲဒီအချိန်မှာ ကျွန်တော်စဉ်းစားမိတာက
အကယ်၍များ ကားတိုက်ခံရတဲ့လူသာ တခုခုဖြစ်ပြီဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဒီလိုပဲ မြန်မာလူမျိုးတို့ရဲ့ ထုံးစံအတိုင်း ဖြစ်သမျှအကြောင်းအကောင်း၊ ကံစီမံရာပေါ့ဆိုပြီး နေမလား။အကယ်၍များ ကိုယ့်ဆွေမျိုး၊မိဘအသိုင်းအဝိုင်းထဲများ ဒီလိုဖြစ်ပြီဆိုရင် ဘယ်လိုလုပ်မလဲ။ ကားနဲ့တိုက်မိပြီး ပြဿနာရှင်းရမှာ ဆိုးလို့ထွက်ပြေးသွားတဲ့ ထိုပုဂ္ဂိုလ်ကရော အဲလိုစဉ်းစားမိရဲ့လား။လူဆိုတာ ကိုယ့်ကိုမထိခိုက်ရင် ပြီးရော။စာနာစိတ်မထားတတ်သေးဘူး။ ကိုယ်ကိုယ်တိုင် ခံစားဖူးမှ၊ ကိုယ့်မိဘဆွေမျိုး ခံစာဖူးမှ သိကြတာ။ဒီလိုသာ တိုက်မိပြီးတာနဲ့ ထွက်ပြေး။လိုက်တဲ့သူက ဘယ်လိုလိုက်ရမှန်း မသိဖြစ်နေရင် မကြာခင် မြန်မာနိုင်ငံမှာ ယာဉ်တိုက်မှု၊ရာဇဝတ်မှုတွေ ပေါလာလိမ့်မယ်ထင်တယ်။ ယာဉ်တိုက်မှု ပေါတာတော့ ဟုတ်ပါပြီ။ တရားခံကို ရှာမတွေ့ဖူးဆိုရင် နောက်ဆက်တွဲ ဘယ်လိုလုပ်ရမလဲဆိုတာ တွေးတောင် မတွေးရဲဘူး။ ကားတွေကလည်းများလာတော့မယ်။ မောင်းတဲ့သူက စည်းကမ်းမရှိ။ဒီကြားထဲ အခုမှ သင်ခါစ ဆယ်ကျော်သက်တွေက လက်တဲ့စမ်းပြီးကားကို အမြန်မောင်း၊နံပတ်ပြားနဲ့ လိုင်စင်မပါဘူးဆိုရင်တော့ သိပ်မလွယ်ဘူး။ အကယ်တင်းတင်းကျပ်ကျပ် စိစစ်မှသာ တော်ရုံကျမယ်။
          ၂၀၁၂ နှစ်သစ်တုန်းကလည်း မန္တလေးမြို့ ၇၈လမ်းက ဆိုင်းဘုတ်တွေ ရိုက်ခွဲသွားသေးတယ်တဲ့။ ကျွန်တော်စဉ်းစားမိတာက ဆိုင်းဘုတ်တွေ ရိုက်ခွဲသွားလို့ သူတို့မှာ ဘာများအကျိုးရှိသွားလဲ။ မိုက်ကြောင်းပြချင်တာလား၊ သတ္တိရှိကြောင်း ပြချင်တာလား။ဒါမှမဟုတ် မကျေနပ်ချက်တွေ သိပ်များနေလို့ လူမရှိ၊သူမရှိတဲ့ နေရာမှာ ဒေါသတွေကို ဖောက်ခွဲပြစ်တာလား။ အကြောင်းအရာတွေ အများကြီးထဲကမှ တစ်ခုခုတော့ ဖြစ်မှာပါ။ဒီလိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီး မြန်မာ့ လွတ်လပ်ရေးဗိသုကာ၊အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားတစ်ခွန်း ရှိတယ်။ “ဗမာတွေ စိတ်ဓာတ်က မဟုတ်တဲ့နေရာတွေ သွားတော်နေတာ။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။ ဗမာပြည် ပြန်လည်ထူထောင်ရေး လုပ်တဲ့နေရာမှာလည်း အသုံးမကျချင်ဘူး။ ဗမာ ဗမာချင်း ချဖို့ဘဲ လုပ်ချင်ကြတယ်” တဲ့။ ဒါပေမယ့် ဗမာတိုင်းကိုတော့ ဆိုလိုတဲ့ သဘောမဟုတ်ပါ။ဖြစ်တာကို မီးမောင်းထိုးပြတာသာ ဖြစ်ပါတယ်။
          နောက်အကျင့်တစ်ခုက နိုင်ငံခြားသားတွေ့ရင် လက်ပြချင်တဲ့အကျင့်။ သူတို့ ကို ကိုယ်ကလက်ပြနှုတ်ဆက်ရအောင် သူတို့က ဘယ်လောက်မြင့်မြတ်နေလို့လဲ။ ကျွန်တော်တို့လည်း နိုင်ငံခြားသွားရင် foreigner ပါဘဲ။ ဒါပေမယ့် အဲဒီလိုသွားရင် သူတို့လည်းကိုယ့်ကို ပုံမှန်ဆက်ဆံတယ်။ ကိုယ်ကလဲ ပုံမှန်ဆက်ဆံတယ်။ ဒါဆိုရင်ပြီးပြီပေါ့။ ကူညီစရာရှိရင် ကူညီတာ အလွန်ကောင်းတဲ့ စိတ်ဓာတ်ပါ။ အဲဒီစိတ်ဓာတ်ကတော့ တခြားဘယ်နိုင်ငံနဲ့ ယှဉ်ယှဉ် ကောင်းကောင်းကြီးယှဉ်နိုင်တယ်လို့ ကျွန်တော် ပြောဝံ့တယ်။
          နောက်တချက်က တာဝန်ယူမှု အပိုင်း။ အဲဒီအပိုင်းမှာလည်း ကျွန်တော်တို့ လူမျိုးတွေ အလွန်ချို့တဲ့တယ်လို့ ထင်တယ်။ အမှိုက်လဲ အတူတူပဲ။ ကိုယ်စားပြီးရင် ကျန်တဲ့အမှိုက်ကို ပြီးပြီးရော။ တွေ့တဲ့နေရာမှာ ပစ်တယ်။ ကိုယ့်အမှိုက်ကို တာဝန်မယူဘူး။ ကိုယ့်ဘာသာကိုယ်သာ တာဝန်ယူရင် အခြားလူတွေလဲ မပင်ပန်းတော့ဘူး။ မြို့တော်စည်ပင်သာယာရေးကော်မတီလည်း အလုပ်မရှုပ်တော့ဘူး။ တခြားဟာ မကြည့်ပါနဲ့။ ကျွန်တော်နေ့စဉ်ကြက်တောင်သွားရိုက်နေတဲ့ ကလပ်မှာတောင် ဘာတွေ့ရလဲဆိုတော့ ကြက်တောင်ရိုက်ပြီးရင် ကျန်တဲ့သူက မီးပိတ်၊သော့ခတ်ရတယ်။ အဲဒီ အလုပ်လောက်ကို မလုပ်ချင်ကြဘူး။ သူတို့တာဝန်ယူပြီး တခုခုဖြစ်မှာ ကြောက်လို့လားမသိဘူး။ နောက်တချက်က မီးပျက်ရင် မီးစက်နှိုးပြီး ကြက်တောင်ရိုက်ရတာ။ ကိုယ်တိုင်နှိုးဖို့ မလိုပါဘူး။ ဘေးနားအိမ်က လာနှိုးပေးတာ။ပိတ်ရင်တော့ ကိုယ့်ဘာသာပိတ်ပေါ့။ ပိတ်ရင်လည်း ခလုတ်ကလေးကို အောက်ချလိုက်ရင် ပိတ်သွားတာ။ ဆီဂေါက်တောင် မပိတ်ကြဘူး။ ဒါတောင်မှ တချို့အသင်းသားများက တာဝန်ယူရမှာစိုးလို့ ပိတ်ပုံ ပိတ်နည်း လာမကြည့်ကြဘူး။ မပိတ်တတ်ဘူးဆိုပြီး “ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ” ဆိုတဲ့ စကားပုံလိုပဲ ဘူးခံငြင်းနေတာ။ “မီးစက်ပိတ်မှာလား။” “မပိတ်တတ်ဘူး။” “တံခါးပိတ်မှာလား။” “ မပိတ်ဘူး။”  “ဘူး” ဆိုတဲ့ စကားလုံးသုံးနေရတာကို လည်း မရှက်တတ်တော့ဘူး။ ကိုယ်မသိ၊မတတ်ရင် သိအောင်လုပ်ရမယ်ဆိုတဲ့ အယူအဆလည်း မရှိဘူး။ စာရေးသူကိုယ်တိုင်လည်း ငယ်ငယ်တုန်းကတော့ တာဝန်မယူချင်ဘူး။ “ဘူး” ဆိုရင် ပြီးသွားလိမ့်မယ် ထင်ခဲ့တာ။ ဒါပေမယ့် ဆရာဝန်ဖြစ်ကာစက စလို့ အဲဒီအကျင့်နဲ့ ဘယ်လိုမှ ရှေ့ဆက်လို့ မဖြစ်တော့ ဘူးဆိုတာ သိလာတယ်။ ကိုယ်က ဘာမှ မသိရင် လူနာကို ဘယ်လိုကြည့်မလဲ။ “ကျွန်တော် မလုပ်တတ်ပါဘူး၊ မကြည့်တတ်ပါဘူး”ဆိုတာနဲ့ ကိစ္စရပ်တွေက ပြီးသွားမှာ မဟုတ်ဘူး။ နောက်ဆုံးကုန်ကုန်ပြောရရင် ကိုယ်က မတတ်လို့ တတ်နိုင်တဲ့ဆရာဝန်ဆီလွှဲမယ်ဆိုရင်တောင်မှ ဘယ်သူ့ဆီလွှဲရမှန်းမသိရင် မခက်ပေဘူးလား။ တကယ်တော့ ဆရာဝန်တွေ ဆိုတာက ပိုတာဝန်ကြီးသလို ပိုတာဝန်ယူရဲရမှာပါ။ ကိုယ့်ဆီ ဗိုက်နာလို့ ရောက်လာရင်တောင် ရိုးရိုးနာတာလား၊ အရေးပေါ်ကိစ္စကြောင့် နာတာလား မသိဘဲနဲ့ လူနာရဲ့အသက်ကို ဘယ်လိုကယ်မလဲ။ ကိစ္စမရှိပါဘူး။ လာသမျှလူနာကို ကိုယ့်အထက်က ဝါရင့် ဆရာကြီးဆီပဲ လွှဲမှာပေါ့ဆိုရင် ဆေးပညာကို ၆နှစ်လုံးလုံး သင်ယူထားတာ ဘာအတွက်လဲလို့ ပြန်မေးရမလို ဖြစ်နေပြီ။ ဆိုလိုချင်တာက ဘယ်သူမှ သိနေ၊တတ်နေသူမဟုတ်ဘူး။ သင်ယူရမယ်။ ဘာ့ကြောင့် သင်ယူရမလဲဆိုတော့ ကိုယ့်တာဝန်ကိုယ်ကျေဖို့ သင်ယူရမယ်။ အခုမှ မသိလို့၊ မတတ်လို့ သင်ယူမယ် ဆိုရင်လည်း နောက်ကျတယ်လို့ ကျွန်တော်တော့ မထင်ဘူး။ တတ်မြောက်ဖို့သာ အဓိကပါ။ အဲဒီတော့ တာဝန်ကျေဖို့၊ တာဝန်ယူရဲဖို့ ဆိုတဲ့ စိတ်ဓာတ်ကလေးသာ အခြေခံရှိသွားရင် ကျန်တဲ့ကိစ္စတွေက အလိုလို အဆင်ပြေသွားမှာပါ။ ဘယ်သူတွေ မကောင်းလို့ ဒီလိုဖြစ်ရတယ်ဆိုတာထက် ငါတို့စိတ်ဓာတ်တွေကို ပြင်ကြမယ်။ ငါတို့ အကောင်းဆုံးလုပ်ကြမယ် ဆိုရင် အသိစိတ်လေးနဲ့ လုပ်လိုက်ရင် ဘယ်သူ့ဘယ်သူမှ မျက်နှာငုံ့မနေရပဲ အားလုံးလိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်မှာ သေချာပါတယ်။

ဒေါက်တာ အေးမင်းထူး
(Health Digest: 28.3.12)