Tuesday, November 12, 2019

ငါးမျက်စိအကြောင်း သိကောင်းစရာ

ငါးမျက်စိအကြောင်း နည်းနည်းရေးပါရစေ။ ငါးမျက်စိဆိုတာ Molluscum contagiosum ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတမျိုးကြောင့် ဖြစ်စေပါတယ်။  ပုံစံက အရည်အိတ်ဆန်ဆန် သေးငယ်ဖုဖောင်းနေပြီး ငါးမျက်စိနဲ့တူလို့  ငါးမျက်စိခေါ်ကြတာပါ။ အများစုဟာ အပေါ်ယံအရေပြားမှာသာ ဖြစ်ပြီး  ပုံမှန်အားဖြင့် သူ့ဘာသာ ပျောက်ကင်းသွားကြတယ်။  ပျောက်ကင်းချိန်တွေက  ယောက်နဲ့တယောက် မတူညီကြပါ။ ယေဘုယျအားဖြင့် နှစ်လအတွင်းပျောက်ကင်းနိုင်တယ်။ နှစ်ချီပြီးကြာတာမျိုးလည်း ရှိပါတယ်။ ငါးမျက်စိဟာ အသက် (၁၅)နှစ်အောက် ကလေးတွေမှာသာ အဖြစ်များတယ်။ ၈၀ ရာခိုင်နှုန်းက ၄နှစ်အောက် ကလေးငယ်တွေ မှာဖြစ်ပြီး ပူပြီးစိုစွတ်တဲ့ရာသီမျိုးတွေမှာ အဖြစ်များတယ်။ 


ကူးစက်ပုံ
ဗိုင်းရပ်စ်ပိုးဟာ ရောဂါရှိတဲ့သူနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုကနေ ကူးစက်နိုင်တယ်။ သို့မဟုတ်  အသုံးအဆောင်ပစ္စည်းတခုခုကို မျှဝေသုံးစွဲခြင်းကနေလည်း ကူးစက်စေတယ်။ ဥပမာ မျက်နှာသုတ်ပဝါ မျှဝေသုံးစွဲတာမျိုး။အင်္ဂါစပ်မှာ ဖြစ်တဲ့ငါးမျက်စိအဖုတွေဟာ ကုသဖို့ လိုပါတယ်။ ဒီလိုလူတွေဟာ လိင်ဆက်ဆံမှုကနေ ကူးစက်တာ များတယ်။ ဖြစ်နေသူကနေ တခြားသူမကူးစက်အောင်သာ သတိထားရမယ်။  ယေဘုယျအားဖြင့် ဗိုင်းရပ်စ်ဝင်ရောက်ဖို့အချိန် ၂ပတ်နဲ့ ရပတ်ကြား ကြာပါတယ်။ 

လက္ခဏာရပ်များ
အရင်ဆုံး အရေပြားမှာ အဖုသေးလေးကို စတင်သတိထားမိလေ့ရှိတယ်။ နာကျင်မှုမရှိပါ။  အဖုပုံစံက အဖြူရောင်၊ ပန်းရောင် တခုခုဖြစ်နိုင်တယ်။ အလယ်မှာ ချိုင့်နေတတ်ပြီး အထဲမှာ ခပ်ပျစ်ပျစ်၊ ခဲနေတဲ့ အရည်တွေအောင်းနေတတ်တယ်။ အဖုတလုံးဟာ ယေဘုယျ -၅မီလီမီတာလောက်သာ ရှိမယ်။ အရွယ်အစား ပင်အပ်ဆိုဒ်ကနေ ခဲတံဘောဖျက်ခေါင်း အရွယ်ထိ အမျိုးမျိုးဖြစိနိုင်တယ်။ အဖုလုံးလေးတွေက တလုံးစ၊နှစ်လုံးစကနေ အလုံးနှစ်ဆယ်လောက် စုပြီး ဖြစ်တာလည်း ရှိပါတယ်။ ခြေဖဝါး၊ လက်ဖဝါးကလွဲရင် ကျန်တဲ့နေရာ အကုန်ဖြစ်နိုင်တယ်။မျက်နှာ၊ ရင်ဘတ်၊ ဗိုက်၊ ခြေ၊ လက်၊  ပေါင်ခြံ၊ ဂျိုင်းစတဲ့နေရာမှာ ဖြစ်ကြတယ်။ မျက်နှာနေရာကတော့ အဖြစ်များဆုံးပဲ။facial mollusca ခေါ်ပါတယ်။ မျက်နှာမှာဖြစ်ရင် ကုရပိုခက်သွားတယ်။ရောဂါလက္ခဏာက ခုခံအားနည်းလေပိုသိသာလေပဲ။ 

HIV/AIDS ရောဂါသည်တွေမှာလည်း ငါးမျကိစိအဖြစ်များတယ်။ ဒီလိုရောဂါသည်တွေ ဖြစ်ရင် စနစ်တကျကုသရပါတယ်။ ခုခံအား CD4 cell counts နည်းလာတာမို့ ဗိုင်းရပ်စ်ပိုးက ဝင်ရောက်လွယ်တယ်။ ပျံ့နှံ့လွယ်တယ်။ သမရိုးကျနည်းတွေနဲ့ အလုပ်မဖြစ်တတ်ပါ။ တခါတရံ အနာဖုထဲကို interferon ထိုးထညိ့ရတတာမျိုးထိ ရှိတယ်။ ဘေးထွက်ဆိုးကျိုးလည်း များပါတယ်။ တုပ်ကွေးဆန်ဆန်လက္ခဏာ ကိုယ်လက်နာကျင်ကိုက်ခဲ၊ အားယုတ်၊ မအီမသာဖြစ်တာ ရှိနိုင်တယ်။ ဓာတ်ကင်နည်းလည်း ရှိသေးတယ်။ အကောင်းထက် ဆိုးကျိုးသာ များလို့ မသုံးကြပါ။

ကုသနည်း

ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့ ကုသဖို့ မလိုအပ်ဘဲ သူ့ဘာသာပျောက်ကင်းနိုင်ပါတယ်။  နှစ်လနဲ့ တစ်နှစ်အတွင်းကြာနိုင်ပါတယ်။ ခပ်မြန်မြန်ပျောက်ကင်းအောင် လုပ်တဲ့နည်းတွေရှိတယ်။  ဒီနည်းတွေထဲမှာ သောက်ဆေး၊ လိမ်းဆေးအမျိုးမျိုးရှိတယ်။  သောက်ဆေးထဲမှာ cimetidine က အသုံးများတယ်။ တခြားနည်းတွေထထက်ပျောက်ကင်းချိန်နည်းနည်း ပိုကြာတယ်။ ငယ်ရွယ်တဲ့ ကလေးတွေမှာတော့ သောက်ဆေးကိုသာအဓိက သုံးပါတယ်။ သောက်ဆေးရဲ့အားနည်းချက်က မျက်နှာမှာဖြစ်တဲ့ ငါးမျက်စိ(facial mollusca)အတွက် သိပ်အသုံးမဝင်ပါ။ ကောငိးတာကခုခံအားကျဆင်းတဲ့ရောဂါသည်တွေမှာဒီနည်းလမ်းသာ ရွေးတာများတယ်။ ဆေးပေးတဲ့အခါ cimetidine 400-800mg ထိသုံးရပါတယ်။အများစုက တလကျော်မှာသက်သာလာတယ်။ တချို့စောပြီး ပျောက်တာလည်း ကြုံဖူးတယ်။

လိမ်းဆေးထဲမှာ Podophyllotoxin cream (0.5%) ကို လိမ်းကြတယ်။ ဒီဆေးကို မျက်နှာမှာသုံးရင်သတိပြုပါ။အရေပြားစားသွားနိုင်တယ်။ ကိ်ုယ်ဝန်ဆောင်တွေ မသုံးသင့်ပါ။ ကလေးကိုပါ ထိခိုက်နိုင်တယ်။ အဲဒီအတွက်iodine နဲ့ salicylic acidကို ရောလိမ်းလို့ရတယ်။ တခြားနည်းတွေထဲမှာ potassium hydroxide, tretinoin စတဲ့လိမ်းဆေးတွေ လိမ်းပေးနိုင်တယ်။ cantharidin ဆိုတာ ကြွက်နို့၊အရည်ကြည်ဖုမှာ သုံးတဲ့ လိမ်းဆေးတမျိုးဖြစ်ပါတယ်။ ဆရာဝန်ညွှန်မှသုံးပါ။ imiquimod (T cell modifier) ကိုလည်း သုံးကြတယ်။ သတိတော့ ထားရတယ်။ 

 သောက်ဆေး လိမ်းဆေး မရသူတွေအတွက်  curettage ခြစ်ထုတ်တဲ့နည်းကို သုံးကြတယ်။ငါးမျက်စိနေရာကိုထုံဆေး(လိမ်းဆေး)ပေးပြီး အထဲက ခပ်ပျစ်ပျစ်အရည်ကို ခြစ်ထုတ်တဲ့နည်းပါ။ ပျောက်ကင်းတာသိသာတယ်။ပြန်လည်းဖြစ်နိုင်ပါတယ်။ အရေပြားဆေးခန်းတွေမှာတော့ လေဆာနည်းနဲ့ လုပ်ကြတယ်။ နိုက်ထရိုဂျင်အရည်သုံးပြီး cryotherapy နည်းနဲ့ အေးခဲစေတဲ့နည်းလည်း ရှိသေးတယ်။ သို့သော် အဆိုပါနည်းတွေအားလုံး အမာရွတ်တော့ထင်ကျန်နိုင်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
..၁၆

No comments:

Post a Comment