Sunday, August 28, 2016

ဂရင်ဂျီနာ ကုနည်း

ဂရင်ဂျီနာကို ဘယ်နည်းနဲ့ကုသနိုင်ပါသလဲဆရာ
နောက်တပတ်ထဲဆရာ့ဆေးခန်းဆီလာပြပါဦးမယ် ခွဲစိတ်တဲ့အနာကကောင်းကောင်းမသက်သာသေးလို့ပါ 
ဆရာ့ကိုတိုင်ပင်ချင်စရာလည်းရှိပါတယ် ခလေးလည်းလိုချင်ပါတယ်ဆရာ အသက်၃၅ပါ

ဂရင်ဂျီနာကို fiatula-in-ano လို့ခေါ်ပါတယ်။ ဂရင်ဂျီနာဖြစိသူရဲ့ ၅၀ ရာခိုင်နှုန်းက စအိုဘေး ပြည်တည်နာ(perianal abscess)ကတဆင့် အပေါ်လှိုက်စားပြီး ဖြစ်ကြတယ်။ ဒါ့ကြောင့် စအိုဘေးမှာ ဘာအနာပဲရှိရှိ ဂရုစိုက်ရတယ်။ အခန့်မသင့်ရင် စအိုနဲ့ အစာဟောင်းအိမ်ထိ လမ်းပေါက်ပြိး မြောင်းပုံစံအနာဖြစ်တတ်တယ်။ အဲလိုအနာမျိုးကို ဂရင်ဂျီနာ လို့ခေါ်ပါတယ်။


အထိုင်များသူတွေမှာ စအိုဂလင်း(anal crypt glands )ပိတ်ဆို့ပြီး အရင်ဆုံး ပိုးဝင်လာတယ်။ ပြည်က အပြင်မထွက်ဘဲ အထဲကို လှိုက်စားလာတယ်။ နောက်တော့ စအိုလမ်းကြောင်းနဲ့ စအို ဘေးက အရေပြားကြားမှာ ဂလှိုင်လို လမ်းကြောင်းတခုဖြစ်လာတယ်။ အဲဒီအနာလမ်းကြောင်းကို ဂရင်ဂျီနာလို့ ခေါ်ပါတယ်။ ဆေးပညာအတိုကောက်က FIA လို့သုံးတယ်။ 

ဂရင်ဂျီနာဟာ ယောကျာ်းတွေမှာ ပိုအဖြစ်များတယ်။ အလုပ်အကိုင်အရ အထိုင်များသူ၊ ဝမ်းချုပ်သူတွေ ပိုဖြစ်တယ်။ အသက်(၄၀)အရွယ် အတွေ့များတယ်။ စအိုဘေး အနာကနေ ဖြစ်တာများတယ်။ ဖြစ်လာရင် သောက်ဆေးထက် ခွဲစိတ်ကုသရတာများတယ်။ ခွဲပေမယ့် (၂၀) ရာခိုင်နှုန်းက ပြန်ဖြစ်နိုင်တယ်။ 

ကုသနည်းတွေကတခုနဲ့တခု မတူကြဘူး။

(၁) fistulotomy - ဘေးအနားတွေကို ဖြတ်ပြီး အနာသစ်လုပ်ပြီး ခွဲစိတ်တဲ့နည်း။ မကောင်းတာက anal sphincter ထိရင် ဝမ်းမထိန်းနိုင်ဖြစ်ပြီး နောက်ပိုင်း ခက်ခဲလာတယ်။

(၂) plug - အပေါက်ကို အထူးပြုလုပ်ထားတဲ့ အဆို့(prosthetic plug)နဲ့ပိတ်တာ။ အဆို့က ကတော့ပုံစံရှိပြီး တိရိစ္ဆာန် တစ်ရှုးကနေ ထုတ်လုပ်ထားတယ်။ fistulotomy လုပ်ဖို့ခက်သူတွေမှာ ဒီနည်းနဲ့ စမ်းသပ်ကြတယ်။

(၃) flap - အစာဟောင်းအိမ်(rectum) က အပိုင်းစတခုယူပြီး အတွင်းဖက်ပေါက်ကို flap နဲ့ ပိတ်ပစ်လိုက်တာမျိုးပါ။ လမ်းကြောင်းရှုပ်ထွေးတဲ့ ဂရင်ဂျီနာ(complex fistula )မှာသုံးကြတယ်။

(၄) seton - ဂရင်ဂျီနာလမ်းကြောင်းတခုလုံးကို ကြိုးနဲ့ တပတ်အပြည့် ကွင်းပုံစံချည်ပြီး ထားတယ်။ စအိုထိန်းကြွက်သား sphincter muscle အတွင်းပိုင်းမှာဖြစ်တဲ့အခါ အသုံးဝင်တယ်။ ၁၀ပတ်-၁၂ပတ်လောက်ထားပြီး အနာတဖြည်းဖြည်းကျက်လာတဲ့အခါမှ ဖြုတ်ကစ်တယ်၊ ပြန်ကောင်းနိုင်ချေ ၅၀ ရာနှုန်းထက် မပိုပါ။ 

(၅) fibrin glue-  ခွဲစိတ်ဖို့မလိုတဲ့တခုတည်းသော နည်းပါ။ မကောင်းတာက ကြာရှည်မခံတာ။ စစချင်း ၇၇ ရာခိုင်နှုန်းလောက် အာနိသင် ထိရောက်ပေမယ့် တနှစ်လောက်အကြာ အာနိသင် ၁၅ ရာခိုင်နှုန်းသာ ရှိတော့တယ်။ anal sphincter muscle ပါရင်လည်း ဒီနည်းကို ရွေးချယ်သုံးနိုင်တယ်။ 

ဂရင်ဂျီနာမှာ E.coli နဲ့ streptococcus ကအဖြစ်များတဲ့ပိုးတွေပါ။ သောက်ဆေးထဲမှာ ciprofloxacin ထိုးဆေး ကောင်းတယ်။ ရောင်ရမ်းတာကြာရင် augmentin နဲ့ cefazolin သုံးတာ ပိုထိရောက်တယ်။ အနည်းဆုံး ၁၀ ရက်စာ ပေးရတယ်။ G(-) ve bacteroides ကြောင့်လည်းဖြစ်တယ်။ anaerobe အတွက် Metronidazole 500mg တနေ့ သုံးကြိမ်က အကောင်းဆုံးပဲ။ clindamycin လည်း သုံးလို့ရတယ်။ 

ခွဲစိတ်နည်းတွေထဲက ဘယ်နည်းနဲ့ပဲ ကုကုပြန်ဖြစ်နိုင်တယ်။ စအိုမှာဖြစ်လို့ အနာကျက်တာပိုကြာတယ်။ ဆီးချိုရှိရင် ပ်ုဆ်ုးတယ်။ တချို့ ထပ်ခွဲရတယ်။ ကုသနည်းနဲ့ ပြန်ကောင်းနိုင်ခြေကတော့ လူနာပေါ်မူတည်ပြီး ကွာခြားသွားတယ်။ ပြန်ဖြစ်နိုင်ချေ ၂၀-၅၀ ရာခိုင်နှုန်းရှိတယ်။ အိမ်သုံးနည်းထဲမှာ အသုံးများဆုံးက အနာကို ရှားစောင်းလက်ပပ်အနှစ်လူးပြီး အပြင်က တိတ်နဲ့ကပ်တာ ဖြစ်တယ်။ 

ဒေါက်တာ အေးမင်းထူး
၂၈.၈.၁၆

No comments:

Post a Comment