နှစ်စဉ် မေလရဲ့ ပထမပတ်အင်္ဂါနေ့ကို ကမ္ဘာ့ပန်းနာနေ့အဖြစ်သတ်မှတ်ခဲ့တာ အခုဆိုရင် ဆယ်စုနှစ်တခုတောင် ကျော်လွန်ခဲ့ပြီ။ ပထမဆုံးကမ္ဘာ့ပန်းနာနေ့ကို ၁၉၉၈ ခုနှစ်မှာ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာကျင်းပခဲ့ပြီး နိုင်ငံပေါင်း (၃၀)ကျော် ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ကမ္ဘာ့ပန်းနာနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်က ပန်းနာရောဂါအကြောင်း ပိုမိုသတိထားနိုင်စေဖို့နဲ့ဝေဒနာသည်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ဖြစ်ပါတယ်။ နှစ်စဉ်ဆောင်ပုဒ်တွေပြောင်းပြီး အမျိုးမျိုးလုပ်ဆောင်လေ့ရှိတယ်။ ၂၀၁၅အတွက် ဆောင်ပုဒ်က "You Can Control Your Asthma" ဖြစ်ပြီး "It's Time to Control Asthma"ခေါင်းစဉ်ကိုပဲ ဆက်လက်သုံးစွဲမှာဖြစ်ပါတယ်။
ပန်းနာရင်ကျပ်ရောဂါဆိုတာ လူတိုင်းကြားဖူးကြတယ်။ ဗိုလ်လိုနည်းနည်းတတ်သူတွေက ဆေးရုံဆေးခန်းရောက်ရင် အက်စ်သ်မာ(asthma) ရှိတယ်လို့ပြောကြတယ်။ တကယ်က အသံထွက်တဲ့အခါ "သ"သံကို ဖျောက်ပြီး "ဇ"သံ ထွက်မှ အသံထွက်မှန်တယ်။ ဆရာဝန်တိုင်း၊ဆေးလောကနဲ့ နှီးနွယ်သူတိုင်း ပန်းနာသည်တွေတွေ့ဖူးကြတယ်။ တချို့ဆို ဆေးခန်းဝရောက် အသံကြားတာနဲ့ ပန်းနာသည်ပါလို့ ပြောနိုင်နေပြီ။ အတွေ့အကြုံက ဆရာဝန်တွေကို သင်ပေးသွားတာပါ။
တချို့ရောဂါတွေမှာ လူနာက ဆရာဝန်ထက် ကိုယ့်အခြေအနေကို ပိုသိတယ်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိသူတွေထဲမှာ ပန်းနာသမားတွေက ထိပ်ဆုံးကပါ။ ဘယ်ဟာနဲ့ ဓာတ်မတဲ့တာလည်း၊ ဘာစားရင် ဘာဖြစ်တတ်လဲ ဆရာဝန်ထက် ခံစားရသူတွေက ပိုနားလည်တယ်။ လူရည်လည်တဲ့ဆရာဝန်တွေ ပန်းနာသမားနဲ့စကားပြောရင် သိပ်သိသာတယ်။ ဘာရှောင်သင့်တယ် ဆရာကြီးအရင်မလုပ်ပဲ ဘာတွေနဲ့မတဲ့တာလည်း ဆိုတာ မသိမသာအရင်မေးကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဖြစ်စေတဲ့အကြောင်းရင်း၊ဓာတ်မတဲ့တာ တယောက်နဲ့တယောက် မတူလို့ပါ။
ပန်းနာဆိုတာ နာတာရှည်ရောဂါဖြစ်ပါတယ်။ ပေါ်လိုက်ပျောက်လိုက် သက်သာလိုက်၊ပြန်ဖြစ်လိုက်ဆိုတာ ပန်းနာသမားကို ပြောတာ။ တချို့က တနှစ်တခါ ပြန်ပေါ်လာတတ်တယ်။ အေးတဲ့ရာသီမှာ ပိုအဖြစ်များတယ်။လက္ခဏာအများစုက ညပိုင်း(သို့)မနက်စောစောပိုင်းတွေမှာ ဖြစ်ကြတယ်။ တချို့က လေ့ကျင့်ခန်းလုပ်ရင်း ထလာတယ်။ စိတ်လှုပ်ရှားမှုလွန်ကဲတာ၊စိတ်ခံစားမှုတွေကနေလည်း သက်ရောက်မှုရှိပါတယ်။
ပန်းနာသည်အများစုက ဆေးလိပ်၊အနံ့ပြင်းတာတွေ ရှုရှိုက်လို့ မရဘူး။ အမှုန်အမွှား၊ပိုးဟပ်၊ဗိုင်းရပ်စ်၊မှို၊ရေမွှေး၊ပန်းဝတ်မှုန်စတာတွေကနေ ဓာတ်မတဲ့တာတွေ ရှိတယ်။ လေထုညစ်ညမ်းတဲ့ပတ်ဝန်းကျင်မှာ နေထိုင်ရသူတွေဟာ ပန်းနာပိုဖြစ်ကြတယ်။ တခြားပန်းနာ သီအိုရီတွေလညိး ရှိသေးတယ်။ ဥပမာ တကိုယ်ရေသန့်ရှင်းမှုဦးစားပေးသူတွေက သူများထက် ပန်းနာပိုဖြစ်နိုင်တယ်ဆိုတာမျိုး။ တကယ်တော့ အဆိုပါသူတွေဟာ ဓာတ်မတဲ့တာကို သူများထက် ပိုတုံ့ပြန်နိုင်လို့ပါ။ တောမှာနေသူတွေက မြို့မှာနေသူတွေထက် အဖြစ်နည်းတယ်။ ပတ်ဝန်းကျင်၊လေထုသန့်ရှင်းမှုက ကွာခြားနေလို့ပါ။ ငယ်စဉ်က ရောဂါပိုးမွှားတွေကူးစက်ခံရသူတွေက ကြီးတော့သူများလောက် ပန်းနာမဖြစ်တော့ဘူး။ ပြောင်းလဲမှုကို ခံနိုင်ရည်ရှိသွားပြီ။ လမစေ့မှီမွေးတဲ့ကလေးတွေဟာ သူများတွေထက် ပန်းနာဖြစ်နိုင်ချေ ၄၆ရာခိုင်နှုန်း ပိုတယ်ဆိုတာ တွေ့ရတယ်။ ပန်းနာက မျိုးရိုးလိုက်တယ်။ အမွှာကလေးတယောက်မှာ ရောဂါရှိရင် နောက်ယောက်မှာ ရောဂါဖြစ်နိုင်ချေ ၂၅ရာခိုင်နှုန်းရှိတယ်။ဗိုက်ခွဲမွေးလာတဲ့ကလေးတွေဟာ ရိုးရိုးမွေးသူထက် ပန်းနာဖြစိနိုင်ချေပိုများသတဲ့။ ဒီနေ့ခေတ်မိခင်လောင်းတွေ သတိထားစရာပါ။
တကမ္ဘာလုံးမှာ ပန်းနာရောဂါသည်ပေါင်း သန်း၃၀၀ နီးပါးလောက် ရှိနေပါတယ်။ယူကေလိုနိုင်ငံမျိုးမှာ လူကြီး၁၂ယောက်မှာ တယောက်၊ကလေး ၁၁ယောက်မှာ တယောက်ဟာ ပနိးနာရင်ကျပ်ရောဂါ ဖြစ်ကြတယ်။ အမေရိကားမှာ လူ၃၂သန်းလောက် ဖြစ်နေတာမို့ ၁၀ယောက် တယောက်က ပန်းနာရှိနေတဲ့သဘော သက်ရောက်တယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပန်းနာပိုဖြစ်တယ်။ ပိုဆိုးတာက ၂၀၀၅ခုနောက်ပိုင်း ဒီဆယ်စုနှစ်တခုအတွင်း ပန်းနာဖြစ်ပွားမှုက ၅၀ရာခိုင်နှုန်းလောက် တက်လာတယ်။ အကြောင်းရင်းကို လေ့လာကြည့်တော့ လေထုညစ်ညမ်းမှုက လက်သည်တရားခံတွေဖြစ်နေတယ်။ ဝင်ငွေနည်း၊လူနေမှုနိမ့်ကျတဲ့နိုင်ငံတွေမှာ ပိုဖြစ်လို့ ဂရုစိုက်သင့်တယ်။
ဆေးပညာမှာ အဆုတ်ပန်းနာ(bronchial asthma)နဲ့ နှလုံးပန်းနာ(cardiac asthma)ဆိုပြီး ထပ်ခွဲထားသေးတယ်။ အများသုံးစကားကတော့ ပန်းနာရင်ကျပ်တမျိုးတည်းပဲ ရှိတယ်။ ပန်းနာဆိုတာ ဓာတ်မတဲ့(allergy)ကနေဆက်လာတယ်။ ဓာတ်မတဲ့တာကို စတင်တုံ့ပြန်တာက လေပြွန်တွေဖြစ်ပါတယ်။ အဆုတ်နဲ့ လည်ချောင်းပြွန်ကို ဆက်သွယ်ထားတဲ့ လေပြွန်(bronchioles)တွေရောင်ရမ်းရာကနေ လက္ခဏာတွေ ပေါ်ပေါက်လာတယ်။
ပန်းနာရဲ့လက္ခဏာတွေက ချောင်းဆိုး၊ရင်ကျပ်၊အသက်ရှုခက်ပြီး တရွှီရွှီ အသံမြည်တာဖြစ်ပါတယ်။ ပန်းနာထလာတာနဲ့ အရင်ဆုံး အဆုတ်နဲ့ လည်ချောင်းကို ဆက်သွယ်ထားတဲ့လေပြွန်ကရောင်တယ်။ တဆကိတည်းမှာ အကျိအချွဲတွေလည်းထွက်မယ်။ ကျဉ်းနေတဲ့လေပြွန်ကို တိုးထွက်ရတာကြောင့် အသက်ရှုလိုက်တိုင်း တရွှီရွှီနဲ့ အသံကြားရတယ်။ လေပြွန်က ပိုကျဉ်းလာရင် အသက်ရှုမဝတော့ဘူး။ မောလာတယ်။ တဆက်တည်း ချောင်းပါဆိုးလာတယ်။ ချောင်းနဲ့အတူ သလိပ်ဝါ၊စိမ်းတွေ ထွက်လာတယ်။ နည်းနည်းပိုဆိုးရင်(တကယ်က များများ) အသားတွေပြာလာတယ်။ ဒါဆိုရင်တော့ အရေးပေါ်ဖြစ်လို့ နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားရတော့မယ်။
ကုတဲ့အခါ ရေတိုသက်သာစေတဲ့ဆေးတွေနဲ့ ကြိုတင်ကာကွယ်ဆေးဆိုပြီး ရှိပါတယ်။ ကျဉ်းနေတဲ့လေပြွန်ကို ကျယ်လာအောင်ချဲ့တဲ့ဆေးတွေက salbutamol,terbutaline စတဲ့ဆေးတွေဖြစ်ပါတယ်။ipratropium bromide ဆေးတွေသုံးရင် ကြာရှည်ခံတယ်။ မြန်မာစကားကောင်းကောင်းတတ်သူတွေက ရင်ချောင်ဆေးတဲ့။ ဟုတ်သားပဲ။ ဒီဆေးတွေက ကျပ်နေ၊မောနေတဲ့ရင်ကို ချောင်စေတာကိုး။ ကျပ်နေတာတွေသက်သာပြီးရင် ရောင်နေတာကို ကျစေဖို့ စတီးရွိုက်ဆေးတွေကအသုံးဝင်တယ်။ သောက်ဆေး၊ထိုးဆေး၊ရှုဆေးစသည်ဖြင့် အမျိုးမျိုးလာတယ်။ မြို့ပေါ်က ဆရာဝန်နဲ့နီးစပ်တဲ့ ပန်းနာသည်မှန်ရင် ဗန်တိုလင်(ventolin)နဲ့ အမိုင်နို(aminophylline)ဆိုတာလောက်တော့ ကြားဖူးကြတယ်။ လက်တွေ့ခံစားဖူးသူတွေ၊မကြာခဏဖြစ်တတ်သူတွေက မြန်မြန်သက်သာစေတဲ့ ရှုဆေးဗူးမျိုး ဆောင်ထားတတ်တယ်။ သိပ်ဆိုးသိပ်အမောဖောက်ရင် ဆေးရုံတက်၊အောက်စီဂျင်ပေး ကုသရတယ်။ရုတ်တရက် အမောဖောက်တဲ့လူနာတွေမှာ ephedrine ထိုးရင် ယူပစ်သလိုကိုပျောက်တယ်။ နှလုံးသမားတွေတော့ ဂရုစိုက်ရတယ်။ နောက်ပိုင်းပြန်မဖြစ်အောင် ကာကွယ်ဆေးတွေလိုလာလိမ့်မယ်။
ထပ်မဖြစ်အောင်ဆိုတဲ့နေရာမှာ ကာကွယ်ဆေးသုံးရုံနဲ့မရဘူး။ ဖြစ်စေတာတွေရှောင်ဖို့နဲ့ အရေးပေါ်ရင် သုံးဖို့ ရှုဆေးမျိုးဆောင်ထားရတယ်။ မီးခိုး၊အမှုန်အမွှား၊အနံ့အသက်၊ရေမွှေး၊ပန်းဝတ်မှုန် မတဲ့တာရှိရင် မှတ်ထားပါ။ တချို့ ပန်းနာသမားတွေက အစားမှားရင်လည်း ပြန်ဖြစ်တန်တယ်။ဘယ်အစားတွေကဖြစ်လဲ တယောက်နဲ့တယောက် မတူဘူး။ အချိုသီး၊အအေးစတာတွေနဲ့ ပိုဆိုးလာတာလည်း ရှိတယ်။ အလွယ်မှတ်ရင် အေးတဲ့အစားအစာ အများစုက ပန်းနာနဲ့ မတဲ့ဘူး။ ရေတောင် ရိုးရိုးရေသာ သောက်ပါတဲ့။ အစားအသောက်တွေထဲမှာ vitamin C, E, beta-carotene, flavonoids , magnesium, selenium, omega 3 fatty acid ပါတာတွေကတော့ ကောငိးတယ်။ ငယ်ငယိကတည်းက အခွံမာသီး၊အစေ့အဆန်၊အသီးအရွက်၊ပနိးသီး၊စပျစ်၊လိမ္မော်စားပြီး ကြီးပြင်းလာသူတွေဟာ ပန်းနာဖြစ်နိုင်ချေနည်းတယ်လို့ ၂၀၀၇ခုနှစ် လေ့လာမှုတွေက ဆိုထားပါတယ်။
ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၄.၅.၁၅)
No comments:
Post a Comment