Wednesday, July 2, 2014

ကိုယ်ဝန်ရှိ၊မရှိ ဆီးစစ်ကြည့်

ဆရာ 
သမီးတိုင်ပင်စရာလေးရှိလို့ပါ။ သမီးတို့ လက်ထပ်ထားတာ ၃လလောက် ရှိပါပြီ။ ကလေးလိုချင်လို့ ဘာဆေးမှ မသုံးပါဘူး။ အခုချိန်ထိကလေးမရသေးပါဘူး။ နေ့စဉ် ရနိုးနဲ့ ဆီးစစ်ကြည့်တာ ခဏခဏပါပဲ။ ဒါပေမယ့် တလိုင်းပဲပြနေပါတယ်။ ဒါပေမယ့် အခုတလော ဗိုက်နဲနဲနာသလို ဖြစ်နေပါတယ်။ မနက်ဆိုရင် ပျို့ချင်သလိုနေတာမျိုးဖြစ်တာ ၃ရက်လောက် ရှိပါပြီ။ သမီးကိုယ်သမီး ကိုယ်ဝန်ရှိတယ်လို့ ခံစားရလို့ပါ။ ဒါပေမယ့် တလိုင်းပဲပြနေတုန်းပါ။ ဆီးစစ်တံတွေက တကယ်ကော မှန်ကန်ရဲ့လား ဆရာ။ 


ဆီးစစ်တယ်ဆိုတာ hCGဟော်မုန်းကို စမ်းသပ်တာဖြစ်ပါတယ်။ နားလည်လွယ်အောင် အရင်ရှင်းရရင် သန္ဓေအောင်တဲ့သားလောင်းက သားအိမ်မှာ သွားတွယ်ကပ်တဲ့ဖြစ်စဉ် ဖြစ်တာကို implantation လို့ ခေါ်ပါတယ်။ pregnancy ကိုယ်ဝန်စရနေပြီလို့ သတ်မှတ်ပါတယ်။ သားအိမ်မှာ စတင်တွယ်ကပ်တာနဲ့ အချင်းက hCG(Human Chorionic Gonadotropin)ဟော်မုန်းတမျိုးကို ထုတ်ပေးပါတယ်။ သူ့ကို pregnancy hormoneလို့လည်း ခေါ်တယ်။ ဒီဟော်မုန်းက ကိုယ်ဝန်ရပြီး ၇-၁၀ရက်လောက်ဆို သွေးကြောထဲမှာ စတင်စမ်းသပ်လို့ရတယ်။ ဆီးထဲမှာ ၁၀-၁၄ရက်ဆို hCGကို တွေ့နိုင်ပြီ။ ဒါ့ကြောင့် ဆီးစစ်တယ်ဆိုတာ hCGဟော်မုန်း ပါဝင်သလားစစ်တာပါ။ hCG 5mIU/ml ထက်နည်းရင် ကိုယ်ဝန်မရှိဘူး။ အကယ်၍ ဆီးထဲမှာ ပါဝင်မှုဟာ 25 mIU/mlထက်များရင် လိုင်းနှစ်ကြောင်းပေါ်ပါတယ်။ တနည်းအားဖြင့် ကိုယ်ဝန်ရှိနေတယ်။ ဒါပေမယ့် test တခုနဲ့ တခုကွာခြားနိုင်တယ်။ သေချာအောင် နှစ်ကြိမ်၊သုံးကြိမ်စစ်ကြည့်သင့်တယ်။ အကယ်၍ လိုင်းမပေါ်တော့ရင် ကိုယ်ဝန်ပျက်သွားတာလည်း ဖြစ်နိုင်ပြန်တယ်။ ဒါ့ကြောင့် ဆီးစစ်တဲ့အခါ တကြိမ်မကအခါခါ သေချာအောင် စစ်ပေးသင့်တယ်။ အကယ်၍ ကိုယ်ဝန်စစ်တဲ့လိုင်းက ဖျော့ဖျော့လေးပေါ်လာရင် ကိုယ်ဝန်ရှိဖို့များတယ်။ သေချာအောင် ရက်နည်းနည်း(၂ရက်)လောက် ခြားပြီး ဆက်စစ်သင့်တယ်။ယေဘုယျအားဖြင့် အိမ်သုံး test stripတွေ၊test kid တွေရဲ့ မှန်ကန်မှုနှုန်းက ၉၇-၉၉ရာခိုင်နှုန်းကြားမှာ ရှိပါတယ်။

ဆရာဝန်တွေအနေနဲ့ သေချာအောင် quantitative hCG test ခေါ်တဲ့  beta hCGပမာဏကို သွေးကနေ စစ်တယ်။ ဒီနည်းနဲ့ သွေးထဲမှာရှိတဲ့ ဟော်မုန်းပမာဏကို သိရှိနိုင်တယ်။ သန္ဓေတည်(implantation)ဖြစ်ပြီး ၇ရက်လောက်နေတဲ့အခါ သွေးတွင်း hCGပမာဏ 10-50mIU/mlကြား ရှိနေတတ်တယ်။ ကိုယ်ဝန်ရှိတဲ့အခါ hCGဟော်မုန်းက တဖြည်းဖြည်း ဆတိုး တက်နေတယ်။ beta hCGပမာဏ 1,200 mIU/ml အောက်မှာ ၂ရက်တိုင်း ဆတိုး တက်နေတယ်။ အကယ်၍ သွေးထဲမှာရှိတဲ့ပမာဏဟာ 1,200 နဲ့ 6,000 mIU/mlကြားဖြစ်ရင် ၃ရက်တိုင်း ဆတိုးတက်နေတာ တွေ့ရမယ်။ 6,000 mIU/ml( ကိုယ်ဝန် ၆ပတ်)အထက်ဖြစ်ရင်တော့ ၄ရက်တိုင်း ဆတိုးတက်နေမယ်။ ကိုယ်ဝန် ၁၀ပတ်ကျော်ရင် ဟော်မုန်း ပမာဏတဖြည်းဖြည်း ပြန်ကျလာမယ်။ ဒီအချိန်မှာ အမြင့်ဆုံး ဟော်မုန်းပမာဏဟာ 64,600-116,310mIU/mlကြားမှာ ရှိနေမယ်။ ယေဘုယျအားဖြင့် ကိုယ်ဝန်(၈)ပတ် ကျော်အမျိုးသမီးတွေကို စမ်းကြည့်တဲ့အခါ ဟော်မုန်းပမာဏ 85,560mIU/ml ကျော်လောက် ရှိနေတတ်တယ်။ခက်တာက ပုံမှန်ကိုယ်ဝန်တွေမှာတောင်  ဟော်မုန်းပမာဏကွာခြားမှုက အဆ(၂၀)ထိ ရှိနိုင်တယ်။ 

ကိုယ်ဝန်မရှိပဲ နှစ်လိုင်းပေါ်ခြင်း
၁။တခါတရံ တခြားရောဂါတွေကြောင့်လဲ hCG ဟော်မုန်းတက်နိုင်တယ်။ ဥပမာအားဖြင့် သားအိမ်ပြင်ပ သန္ဓေတည်တာ၊စပျစ်သီးသန္ဓေတည်တဲ့အခါမျိုး မှာလည်း hCGပမာဏ များနေနိုင်တယ်။ သားအိမ်ပြင်ပသန္ဓေတည်တာ(ectopic pregnancy)မှာ သွေးတွင်း hCGက ပုံမှန်ထက် နည်းပြီး တဖြည်းဖြည်း တက်နေတတ်တယ်။ မသေချာရင် ဆရာဝန်နဲ့ ပြသရတယ်။ လိုအပ်ရင် သေချာအောင် ၆ပတ်(တလခွဲ)မှာ USG ရိုက်နိုင်တယ်။ 

၂။မျိုးဥကြွေဆေးထိုးပြီး ဆီးစစ်ရင် အပေါင်းဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်ချင်တဲ့ အမျိုးသမီးတွေမှာ မျိုးဥကြွေဖို့ hCG injections (Profasi, Pregnyl) ထိုးပေးရတာမျိုးလည်း ရှိတယ်။ luteal phaseကိုလည်း ကြာစေမယ်။ ဒီဆေးထိုးပြီး ၁၄ရက်လောက်နေတဲ့ထိ သွေးထဲမှာ ဟော်မုန်းlevel စစ်လို့ရနေသေးတယ်။ ဒါ့ကြောင့် ကိုယ်ဝန်စစ်ကြည့်ရင် မှားပြီး အပေါင်းပြနေတတ်တယ်။ ဒီလိုလူနာမျိုးမှာ quantitative hCGကို နောက်တကြိမ် ထပ်စစ်ပေးရတယ်။ အကယ်၍ ဟော်မုန်းlevel ပိုတက်လာရင် ကိုယ်ဝန်ရှိနေလို့ဖြစ်နိုင်တယ်။

၃။တချို့က ကိုယ်ဝန်ပျက်ပြီး၊ဖျက်ပြီး သွေးစစ်တော့ hCGများနေတုန်းပဲ။ ဆီးစစ်ကြည့်တော့လည်း နှစ်လိုင်းပေါ်နေလို့ စိုးရိမ်တတ်ကြတယ်။  ကိုယ်ဝန်မပျက်သေးဘူးလို့ ယူဆတယ်။ အမှန်က ဆတိုးတက်နေတဲ့ ဟော်မုန်းဟာချက်ချင်း ပြန်မကျသေးလို့ သွေးထဲမှာ တွေ့နေရခြင်းဖြစ်ပါတယ်။ ကိုယ်ဝန်ရှိနေသေးလို့ မဟုတ်ပါ။ ဒီအတွက် ဆရာဝန်နဲ့တိုင်ပင်ပြီး အက်ထရာဆောင်း ရိုက်ကြည့်နိုင်ပါတယ်။ 

အထက်ပါ အချက်တွေကလွဲရင် ဆီးစစ်တံတွေက မှန်ကန်ကြတာများတယ်။ အကြံပြုချင်တာက ၁၀၀တန် test strip တွေထက်စာရင် ဈေးပိုပေးရတဲ့ cassette type test kit တွေနဲ့ ဆီးစစ်တာ ပိုကောင်းတယ်။ 

ဒေါက်တာ အေးမင်းထူး
၁.၇.၁၄

No comments:

Post a Comment