Monday, March 24, 2014

သက်စောင့်ဓာတ်များကို လေ့လာခြင်း(၁၀)

Vitamin C(ascorbic acid)
ဗီတာမင် စီကို ascorbic acidလို့ လူသိများတယ်။ sodium ascorbate ၊calcium ascorbate စတဲ့ ပုံစံတွေလည်း ရှိသေးတယ်။ ဗီတာမင်စီဟာ ရေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တမျိုးဖြစ်တယ်။ ၁၇၄၇မှာ ဗြိတိသျှတော်ဝင် ရေတပ် က Dr. James Lindက scurvyရောဂါကို ကာကွယ်ဖို့ အသီးမှာပါဝင်တဲ့ဓာတ်တမျိုးလိုအပ်တာ စတင်သိရှိခဲ့တယ်။ အဲဒီဓာတ်ဟာ နောက်ပိုင်းမှာ vitamin Cဖြစ်လာတယ်။၁၉၁၂ခုနှစ်မှာ Casimir Funkက ဗီတာမင်အဖြစ်သတ်မှတ်ခဲ့ပြီး "C"အကြီးစားလုံးနဲ့ သုံးနှုန်းခဲ့တယ်။ နောက်ပိုင်းမှာ Albert von szentက ဗီတာမင်စီရဲ့ ဖွဲ့စည်းပုံကို ascorbic acidအဖြစ် ဖော်ပြခဲ့တယ်။ ascorbic ရဲ့အဓိပ္ပါယ်က anti-scurvy ကို ဆိုလိုတာပဲဖြစ်ပါတယ်။ ၁၉၃၅မှာ ဆွစ်ဇာလန် နည်းပညာတက္ကသိုလ်မှ Dr. Tadeusz Reichsteinက ဗီတာမင်စီကို စတင်စမ်းသပ် ထုတ်လုပ်ခဲ့တယ်။ ဒါ့ကြောင့် ဗီတာမင် အုပ်စုဝင်တွေထဲမှာ ပထမဆုံးဓာတ်ခွဲထုတ်လုပ်တဲ့ ဗီတာမင် ဓာတ်တမျိုး ဖြစ်လာတယ်။


Vitamin Cရဲ့ကောင်းကျိုးတွေကို လေ့လာကြည့်ရင် အမျိုးမျိုးတွေ့ရတယ်။ antioxidant ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတယ်။ စိတ်ဖိစီးမှုကို လျှော့နည်းစေတယ်။ သံဓာတ်စုပ်ယူမှု အားကောင်းစေတယ်။ သွေးတွင်းယူရစ်အက်ဆစ်ကို ကျဆင်းစေပါတယ်။ ကိုလက်စတောကျစေမယ်။ သွေးကြောနံရံ  ဖောင်းလာ၊ထူလာတာကို ကာကွယ်ပေးတယ်။နှလုံး၊သွေးတိုး၊လေဖြတ်နိုင်ချေ ကျဆင်းစေတယ်။ သွားဖုံးရောင်ခြင်း၊သွေးယိုခြင်းကို ကာကွယ်ပေးတယ်။ အနာကျက်မြန်စေတယ်။အရောင်ကျစေတယ်။ ခုခံအားတက်စေတယ်။ အအေးမိ၊တုပ်ကွေး ကာကွယ်ကုသဖို့ လည်း အသုံးပြုတတ်ကြတယ်။ သဘာဝကိုက အင်တီဟစ်တမင်း(anti-histamine) အာနိသင်ရှိတာ တွေ့ရတယ်။ ခဲဆိပ်သင့်သူတွေမှာ အသုံးပြုနိုင်တယ်။ မျက်စိရေတိမ်၊အတွင်းတိမ်စတဲ့ မျက်စိရောဂါတွေအတွက် အသုံးကျတယ်။  အမဲစက်တွေကို သက်သာလျှော့ပါးစေတဲ့ အာနိသင်ရှိတယ်။ collagen ကိုများစေလို့ အသားအရေတင်းရင်း လှပစေတယ်။ဒါ့အပြင် အရက်၊ဆေးလိပ်သောက်သူတွေမှာ ဗီတာမင်စီ ပိုမိုလိုအပ်တာ တွေ့ရတယ်။

ဗီတာမင်စီရဲ့ နေ့စဉ်လိုအပ်ချက်ဟာ ကျား မ၊အသက်အရွယ်လိုက်ပြီး မတူညီကြဘူး။ ယောကျာင်္းလေးတွေဟာ 90mgလိုအပ်ပြီး မိန်းကလေးတွေဟာ 75mg လိုအပ်တယ်။ ကလေးတွေဟာ 30mgလောက် ပုံမှန်လိုအပ်တယ်။လူပျိုပေါက်(၁၂-၁၈နှစ်)တွေဟာ 70mg လိုအပ်တယ်။ ကိုယ်ဝန်ဆောင်မိခင်မှာ 75mg လိုအပ်တယ်။ နို့တိုက်မိခင်တွေမှာ 120mg လိုအပ်တယ်။ ဆေးလိပ်သောက်တတ်သူတွေ အနည်းဆုံး vitamin C 100mgလိုအပ်တယ်။ နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ ဗီတာမင်စီပမာဏ လည်း မတူညီတာ တွေ့ရတယ်။ အင်္ဂလန်မှာ 40mg၊အမေရိကားနဲ့ကနေဒါမှာ 60-90mg၊ဥရောပနိုင်ငံအချို့မှာ 80mg၊ဂျပန်နိုင်ငံမှာ 100mgစသည်ဖြင့် နေ့စဉ်လိုအပ်ချက်တွေ ကွဲပြားသွားကြတယ်။ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း(WHO)ရဲ့သတ်မှတ်ချက်အရ လူတယောက်ဟာ vitamin C 45mgနေ့စဉ်လိုအပ်ပြီး၊တပတ်မှာ 300mg လောက် လိုအပ်ပါတယ်။ လေ့လာ တွေ့ရှိချက်တွေအရ ဗီတာမင်စီ 45 mgလောက်က scurvyဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါသတဲ့။

ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတွေကို ထပ်မံလေ့လာကြည့်ရင် စိမ်းတဲ့၊ဝါတဲ့ ဟင်းသီးဟင်းရွက်၊သစ်သီးဝလံတွေမှာ အဓိကပါဝင်တာတွေ့ရတယ်။ အရသာခံကြည့်ရင် ချဉ်တဲ့အရသာရှိတယ်။ လိမ္မော်သီး၊ကီဝီသီး၊သရက်သီး၊နာနတ်သီး၊သဘောင်္သီး၊စတော်ဘယ်ရီ၊ဘလူးဘယ်ရီ၊ဖရဲသီး စတဲ့အသီးတွေမှာ ဗီတာမင်စီကြွယ်ဝကြတယ်။ ခရမ်းချဉ်သီး၊ပန်းဂေါ်ဖီ၊ဟင်းနုနွယ်၊တရုတ်မုန်လာ စတာတွေထဲမှာလည်း ပါဝင်တာ တွေ့ရတယ်။ ချက်ပြုတ်ကြော်လှော်ခြင်းက ဗီတာမင်စီရဲ့အာနိသင် လျှော့နည်းသွားစေတယ်။ သစ်သီးဖျော်ရည်တွေကို ဖျော်ရည်စက်နဲ့ဖျော်တဲ့အခါ  အာနိသင်နည်းသွားတယ်။ ဒါ့ကြောင့် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊သစ်သီးဝလံတွေကို ပိုမိုစားသုံးသင့်တယ်။

ဗီတာမင်စီကို တိရိစ္ဆာန်အချို့က ထုတ်လုပ်နိုင်တယ်။ ဒါပေမယ့် လူ့ခန္ဓာကိုယ်က မထုတ်လုပ်နိုင်ဘူး။ ဒါ့ကြောင့် ချို့တဲ့နိုင်တယ်။ဗီတာမင်စီ ချို့တဲ့ခြင်းက သွားဖုံးရောင်ခြင်း၊သွားဖုံးသွေးယိုခြင်း၊နှာခေါင်းသွေးလျှံခြင်း၊သွေးအားနည်းခြင်း၊အနာကျက်နှေးခြင်း၊ဆံပင်ခြောက်သွေ့ခြင်း၊သွေးခြေဥခြင်း၊အရေပြား ခြောက်သွေ့ကြမ်းတမ်းခြင်း၊အဆစ်အမြစ်ရောင်ခြင်း ကို ဖြစ်ပေါ်စေတယ်။ တခါတရံ အစားအသောက်၊ဆေးဝါးစတာတွေနဲ့ ပြန်လည် ဖြည့်တင်းပေးရတယ်။ 

ဗီတာမင်စီ များလွန်းတာလည်း မကောင်းသေးဘူး။ ဗီတာမင်စီ ပမာဏများရင် ဆီးကျောက်တည်နိုင်တယ်။ အထူးသဖြင့် calcium oxalate ကျောက်တည်တာနဲ့ ဆက်စပ်နေတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဗီတာမင်စီ 1000mgထက် ပိုလာရင် ကိုယ်ဝန်ပျက်ကျနိုင်တယ်။ ကိုယ်ဝန်ဆောင် ပထမသုံးလအတွင်း အားဆေးသောက်တဲ့အခါ အထူးသတိထားသင့်တယ်။ 2000mgထက် များရင် ဝမ်းပျက်၊ဝမ်းလျှောဖြစ်တတ်တယ်။ အစာမကြေဖြစ်နိုင်တယ်။ ဒါ့ကြောင့် upper limit ခေါ်တဲ့ အများဆုံးသောက်နိုင်တဲ့ ဆေးပမာဏကိုလည်း ထပ်မံသတ်မှတ်ပြန်တယ်။ အသက်၁-၃နှစ်ထိ 400mg ၊အသက် ၄-၈နှစ်ထိ 650mg၊ အသက်၉-၁၃နှစ်ထိ 1200mg၊ အသက် ၁၄-၁၈နှစ်ထိ 1800mg ၊အသက် ၁၉နှစ်အထက် 2000mg ထိသာ အလွန်ဆုံး သောက်သုံးသင့်တယ်။ အဆိုပါပမာဏထက်များရင် ကျန်းမာရေးအတွက် မကောင်းတော့ဘူး။  ဆေးကြောင့် ပျို့ချင်၊အန်ချင်၊မျက်နှာရဲ၊ရင်ပူ၊ခေါင်းကိုက်၊အားယုတ်၊ဗိုက်နာ၊အိပ်မပျော်တာ၊အနီစက်ပေါက်တာမျိုး ဖြစ်နိုင်တယ်။ 

အချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ ဗီတာမင်စီရဲ့ အရေးပါပုံက ပြောင်းလဲလာတယ်။ အရင်ခေတ်က သဘောင်္သားတွေ၊ရေကြောင်းလုပ်သားတွေမှာ အဖြစ်များတဲ့scurvy ခေါ်တဲ့ ရောဂါကို ကာကွယ်ကုသဖို့ အသုံးပြုခဲ့ကြတယ်။ဒီနေ့ခေတ်မှာ အအေးမိတုပ်ကွေး ကာကွယ်ဖို့၊ကုသဖို့ အသုံးပြုလာကြတယ်။ သောက်ဆေး၊ထိုးဆေး၊အမှုန့်၊အရည် စသည်ဖြင့် ပုံစံ အမျိုးမျိုး ထုတ်လုပ်ကြတယ်။ လိုတာထက် ပိုတာက ပိုခေတ်စားလာတယ်။ကြော်ငြာတွေကောင်းတာလဲ ပါလိမ့်မယ်။အသားအရည်၊ဆံပင် ကောင်းခြင်းငါးဖြာနဲ့ပြည့်စုံတယ်ဆိုတာမျိုးတွေ။ antioxidant ဓာတ်တိုးဆန့်ကျင်သတ္တိကြောင့် ကင်ဆာမဖြစ်စေဘူးဆိုတာမျိုးထိပါတယ်။  လက်ရှိချိန်ထိတော့ သက်သေမပြနိုင်သေးဘူး။ ခေတ်ကိုက အင်တီအောက်ဆီးဒင့် ဆိုတာတွေကို အလေးထားပြောလာကြတဲ့ခေတ်မဟုတ်လား။ အားဆေးတွေထဲမှာ ကျန်တာတွေမပါရင်နေမယ်။ ဗီတာမင် ဘီနဲ့ စီကတော့ ပင်တိုင်ပါဝင်တယ်။ နေ့စဉ်စွဲသောက်သင့်တယ်၊မသင့်ဘူးဆိုတာ ပါဝင်တဲ့ mgပေါ်မူတည်တယ်။သောက်ဆေးအများစုမှာ 25 mg ကနေ 1500 mgထိအမျိုးမျိုး ထည့်ကြတယ်။ အာဆေးထဲမှာပါဝင်တဲ့ ဗီတာမင်အများစုကို လေ့လာကြည့်ရင် ဓာတ်ခွဲခန်းက ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ နိဂုံးချုပ်အကြံပြုရရင် ဗီတာမင်အားဆေးတွေထက် အစားအသောက်ကရတဲ့ သဘာဝဗီတာမင်ဓာတ်ကို ရယူသုံးစွဲတာ အကောင်းဆုံးဖြစ်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၂၄.၃.၁၄)

No comments:

Post a Comment