Tuesday, September 25, 2012

ခံတွင်းနံ့ နံတိုင်း ရောဂါရှိသလား

`            
          တစ်ရက်က မိတ်ဆွေတစ်ယောက်က သူ့အမျိုးသမီး တစ်ခါတစ်ရံ
ပါးစပ်နံတတ်တဲ့အကြောင်း စကားစပ်မိရင်း ပြောဖြစ်ခဲ့ကြတယ်။အမြဲတမ်းတော့လဲ
မနံဘူး။တစ်ခါတစ်ရံမှသာ နံတတ်တယ်။ဘာဖြစ်နိုင်လဲ။
Normal(ပုံမှန်) ကော ဟုတ်ရဲ့လားပေါ့။ဘာရောဂါတွေ ရှိနိုင်လဲဆိုပြီး
မေးခဲ့ဘူးတယ်။အမှန်အတိုင်းဝန်ခံရရင် ဒီအပိုင်းဟာ သွားဆရာဝန်တွေနဲ့
ပိုမိုဆက်စပ်ပါတယ်။သို့သော်တစ်ခါတစ်ရံမှာ ပါးစပ်နံတာဟာ ခန္ဓာကိုယ်တွင်း
အဂါအစိတ်အပိုင်းရောဂါတွေကြောင့် ဖြစ်တဲ့အခါမျိုးမှာ
အထွေထွေရောဂါကုဆရာဝန်တွေနဲ့ သက်ဆိုင်နေပြန်တယ်။ဆေးပညာမှာ
လက္ခဏာရပ်တစ်ခုထဲကိုကြည့်ပြီး သူပိုင်ငါပိုင် ငြင်းချင်လို့
မရဘူး။ပြောလိုက်ရင်တော့ တစ်ခွန်းထဲပဲ။ပါးစပ်နံတယ်။သို့သော်
ဖြစ်နိုင်ချေတွေ အများကြီးရှိတယ်။ဆေးပညာသင်ကြားခဲ့စဉ်က ပါးစပ်နံစေတဲ့
အကြောင်းရင်းများကို သင်ယူခဲ့ဖူးတယ်။လက်တွေ့ဆေးကုတဲ့ အခါမှာတော့
ဘာကြောင့်ဖြစ်သလဲဆိုတာလောက်နဲ့တော့ မပြီးဘူး။ဒီလိုဖြစ်ရင်
ဘာလုပ်ကြသလဲ။ဘာလုပ်ခိုင်းသလဲ ထပ်မံလေ့လာရပြန်တယ်။ဆရာဝန်များဟာ
အလုံးစုံသိကျွမ်းနားလည်သူများမဟုတ်ကြပါဘူး။ဆရာဝန်ဖြစ်ပြီဆိုတာနဲ့
ငါဆရာပဲကွ ဆိုတာမျိုးဟာ မသိနားမလည်ခင်က တွေးတောခဲ့တဲ့ နုနယ်တဲ့


အတွေးအခေါ်မျှသာ ဖြစ်ပါလိမ့်မယ်။ဆက်လက်သင်ယူအားထုတ်ရဦးမယ်ဆိုတာကို
ဆေးကုနေတဲ့ ဆရာဝန်တွေက ပိုမိုနားလည်သဘောပေါက်ကြပါတယ်။ဆေးပညာစာအုပ်တွေ၊
CME ခေါ်တဲ့ အဆက်မပြတ်ဆေးပညာသင်ကြားရေး သင်တန်းတွေ တက်ရောက်ရုံနဲ့
မလုံလောက်ပဲ လက်တွေ့ဘဝမှာ တကယ်ကြုံခဲ့တဲ့ လူနာတွေဆီကပါ နည်းနာနိသယတွေ
သင်ယူရတယ်။လေ့လာရတယ်။ဆရာဝန်တစ်ယောက်ဟာ လူနာဆီကရတဲ့ အတွေ့အကြုံနဲ့
ဆေးပညာကရတဲ့ အတွေးအခေါ်ကို အချိုးမျှတစွာ ပေါင်းစပ်နိုင်မှသာ
ဆရာဝန်ကောင်းတစ်ယောက်အဖြစ် လက်မထောင်နိုင်ပါလိမ့်မယ်။လူနာကိုတကယ်မကုပဲ
ဆေးပညာစာအုပ်ကိုင်ပြီး ဆေးပညာရှင်လို့ ဟစ်ကြွေးနေလို့
မရတာအမှန်ပါ။စာအုပ်ဆိုတိုင်းလဲ ဆေးပညာစာအုပ်တင်မက အခြားစာပေတွေကိုပါ
ဖတ်ရှုလေ့လာသင့်ပါတယ်။ဒါမှသာ လူနာစိတ်ဝင်းစားတဲ့ အကြောင်းအရာတွေကို
ဆွေးနွေးနိုင်ပြီး လူနာနဲ့ ပနံသင့်မှာပေါ့။ဂျီပီကောင်းအောင်
လူနာပြောသမျှခေါင်းထိုင်ငြိမ့်နေပြီး လိုက်လုပ်နေရင်တော့
ဆရာခေါ်ထိုက်မခေါ်ထိုက် ပြန်စဉ်းစားသင့်ပါပြီ။မှားယွင်းတဲ့
အတွေးအခေါ်တချို့ကို ပြုပြင်ပြောင်းလဲပေးရမယ်
မဟုတ်ပါလား။ဆေးပညာစာအုပ်တင်မက ကိုယ်ပိုင်အတွေးအခေါ်တွေပါ
ထည့်သွင်းဆုံးဖြတ်ဖို့ လိုလာပါပြီ။ဆိုကြပါစို့။ပါးစပ်နံစေသော
အစားအသောက်များဆိုရင် ကြက်သွန်ဖြူ၊ကြက်သွန်နီစတဲ့ အစားအစာတွေကို
တွေ့ရပါလိမ့်မယ်။မြန်မာနိုင်ငံမှာ နေသူတစ်ဦးအနေနဲ့ ဒညင်းသီး၊ဒူးရင်းသီး
စတာတွေကိုပါ ထည့်သွင်းဖို့လိုလာပါပြီ။တခါက ဆေးခန်းမှာ တွေ့ဖူးတာ တစ်ခုက
လူနာပါးစပ်ကို ဟခိုင်းကြည့်တော့ လျှာကမဲနေပြီး
အနံ့တစ်မျိုးထွက်နေတယ်။မေးကြည့်တော့ ဗမာဝမ်းနုတ်ဆေးကို လေးလုံးလောက်
သောက်ထားမိတယ်လို့ဆိုတယ်။အဲဒီက ထွက်လာတဲ့အနံမျိုးမှာ မေးမကြည့်ရင်
ဘယ်လိုသိနိုင်မလဲ။ ဘယ်ဆေးစာအုပ်ထဲမှာမှ မပါဘူး။ဒါမျိုးကျတော့ လူနာဆီက
ပြန်သင်ရတယ်။ဒါမျိုးကို ကိုယ်တိုင်မတွေ့ဖူးပဲနဲ့ စာအုပ်ကြီးအတိုင်း
ဘာနံ့ရရင် ဘာရောဂါပါ၊ ဘာဆေးသောက်လို့ပါ ဆိုတာမျိုးလုပ်လို့
မရနိုင်ဘူး။ဒါကြောင့် မိတ်ဆွေတချို့က လူနာမပါဘဲနဲ့
ရောဂါလက္ခဏာတမျိုးလောက်ပြောပြီး ကုခိုင်းရင်
တတ်နိုင်သမျှရှောင်ပါတယ်။ဖြစ်နိုင်တာတွေကို ပြောပါဆိုရင်ပြောနိုင်ပေမယ့်
ကိုယ်တိုင်ခံစားရသူတွေ မဟုတ်တဲ့အတွက်
အမှားအယွင်းရှိနိုင်ပါတယ်။အသက်အရွယ်၊ကျားမ၊ခန္ဓာကိုယ်အရွယ်အစား၊အနေအထိုင်
စတာတွေကိုလည်း ထည့်သွင်းတွက်ချက်ရပါတယ်။ လေနဲ့ကုသတဲ့ လေဆရာဝန်တွေ
မဖြစ်ဖို့ သတိထားရပါမယ်။ အချင်းချင်းတွေ့ကြရင် မင်းကလူနာကို
aerotherapy(အေရို သရက်ပီ)
မပေးဘူးလားဆိုတာမျိုးနောက်တတ်ကြပါတယ်။ပျောက်သွားမှာပါ၊ကောင်းသွားမှာပါ
ဆိုတာမျိုး လူနာကို စိတ်ချမ်းသာအောင် ပြောတာကို အေရိုသရက်ပီလို့
နောက်ပြောင်ခေါ်ဝေါ်ကြတယ်။ဒါမျိုးက နောက်ပြောင်ခေါ်တာကိုပဲ ပြောတာပါ။
လေဆာနဲ့ကုတာမျိုးတွေ၊ hydrotherapy ရေနဲ့ကုတာ တို့၊aerotherapy လေနဲ့
ကုသတာမျိုးတွေ ခေတ်စားလာပါပြီ။ဗမာတိုင်းရင်းဆေးတွေထဲမလဲ
လေမျိုးရှစ်ဆယ်ရှိတယ်ဆိုတော့ aerotherapy ထဲ ထည့်လို့ရမလားပဲ။တစ်ခါတစ်ရံ
ဆေးခန်းလာတဲ့ လူနာတွေက
သူတို့ဘယ်ဆေးသောက်နေတယ်။ထားပါတော့။သွေးဆေးသောက်တယ်။ဆက်သောက်သင့်သလား
မေးတတ်ကြတယ်။အဲဒီအခါမျိုးမှာ “ဟုတ်ကဲ့ ဆက်သောက်ပါ၊
ကျွန်တော်ပေးတဲ့ဆေးလည်းသောက်ပါ၊ တခုနဲ့ တခုတော့ ခြားသောက်ပါ။”လို့
အကြံပေးရတယ်။ ဘာကြောင့်လဲဆိုတော့ စာရေးသူတို့မိဘ၊ဘိုးဘွားလက်ထက်ကတည်းက
သုံးစွဲလာတဲ့ဆေးကို မကောင်းဘူးလို့ မငြင်းနိုင်တာအမှန်ပါ။
အနောက်တိုင်းဆေးပညာလေးတတ်ယုံမျှနဲ့ ကိုယ်တကယ်နားမလည်တဲ့
အကြောင်းအရာတစ်ခုကို ခံငြင်းနေလို့ အကျိုးမရှိတာသေချာတယ်။ အရေးကြီးတာက
ဘယ်ဆေးနဲ့ သက်သာသက်သာ လူနာရောဂါပျောက်ဖို့သာ အဓိကမဟုတ်လား။
ရည်ရွယ်ချက်ချင်း တူနေသူအချင်းချင်း ကောင်း၊မကောင်း ငြင်းနေလို့
အကျိုးမရှိနိုင်တာ သေချာပါတယ်။ နှစ်ရှည်လများ ခိုင်ခံ့ခဲ့တဲ့
ပညာရပ်တိုင်းမှာ သူ့ကောင်ကျိုးနဲ့ သူရှိနေတာချည်းပါပဲ။
ခံတွင်းအနံ့နံစေခြင်းမှာ အထက်ကပြောခဲ့သလို အစားအသောက်အပြင်
ပါးစပ်နဲ့ဆိုင်တဲ့ ရောဂါ၊သွားဖုံးရောဂါတွေကြောင့်လည်း
အဖြစ်များပါတယ်။သွားဆရာဝန်တွေဆီ သွားပြကြတဲ့ ရောဂါတွေထဲမယ်
တတိယမြောက်အဖြစ်များဆုံး လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။
နှာခေါင်းရောဂါ၊အာသီးရောင်တာ၊အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်း၊အစာအိမ်နဲ့
အူလမ်းကြောင်းရောဂါတွေကြောင့် ဖြစ်တဲ့အခါမျိုးမှာ သွားဆရာဝန်တွေဆီလွှဲလို့
မဖြစ်နိုင်တော့ဘူး။အဖြစ်အများဆုံးက ခံတွင်းရောဂါဆိုပေမယ့်
တခြားအကြောင်းခံကြောင့်ဆိုရင်တော့ အထွေထွေရောဂါကုဆရာဝန်တွေ
နဲ့သက်ဆိုင်လာတယ်။အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊
ဆေးရွက်ကြီးသုံးစွဲသူတွေမှာလဲ တွေ့ရပါတယ်။ဆေးအချို့ကို
စွဲသောက်သူများမှာလဲ တွေ့ရတတ်တယ်။ အများအားဖြင့် ပါးစပ်သန့်ရှင်းရေး
အားနည်းသူတွေမှာ ပိုမိုတွေ့ရတယ်။ ညပိုင်းမှာ အစားအသောက်စားပြီး
ပါးစပ်မသန့်ရှင်းသူများပာာ မနက်ပိုင်းအိပ်ရာထတဲ့ အခါမျိုးမှာ
အာခံတွင်းနံ့ နံတတ်ပါတယ်။ပါးစပ်ထဲမှာ ကျွင်းကျန်ရစ်တဲ့
စားကျွင်းစားကျန်တွေကို ပိုးမွှားတွေက ပြောင်းလဲခြင်းဖြင့်  ထွက်လာတဲ့
gasကြောင့် နံလာခြင်းဖြစ်ပါတယ်။ ဒါမျိုးကို physiological halitosis
လို့ခေါ်ပါတယ်။ ဒါမျိုးဟာ ရောဂါကြောင့်မဟုတ်ပဲ သာမန်ဇီဝဖြစ်စဉ်မျှသာ
ဖြစ်ပါတယ်။ဒါ့ကြောင့် ခံတွင်းနံ့ရတိုင်း ရောဂါရှိတယ်လို့
မသတ်မှတ်စေချင်ဘူး။ ဒီလိုဖြစ်တဲ့ အခါမျိုးမှာ ခံတွင်းကို သန့်ရှင်းအောင်
ထားခြင်းဖြင့် သက်သာနိုင်ပါတယ်။အနံ့ပျောက်ဆေးများကို သုံးစွဲခြင်းဟာ
ယာယီသာသက်သာနိုင်မှာဖြစ်ပါတယ်။ ခံတွင်းအနံ့ နံတာကို အင်္ဂလိပ်လို bad
breath လို့ခေါ်ပြီး ဆေးပညာက halitosis လို့
သုံးပါတယ်။ရောဂါအခံရှိသူများကတော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့
လိုအပ်ပါတယ်။မိမိတွင် ခံတွင်းအနံ့ နံသည်ဟု သံသယရှိပါက မိဘဆွေမျိုး
အသိုင်းအဝိုင်းကို သေချာစွာ မေးမြန်းပြီးမှသာ
ဆုံးဖြတ်သင့်ပါတယ်။သို့မဟုတ်ပါက halitophobia ခေါ် ခံတွင်းအနံ့ နံသည်ဟု
လွဲမှားစွာ ယုံကြည်တတ်ကြသဖြင့် သတိထားရန် လိုအပ်ပါတယ်။
ခံတွင်းနံ့ မနံအောင် ကြိုတင်ကာကွယ်ထားသင့်သည့် အချက်များ
၁။တစ်နေ့လျှင် သုံးကြိမ် (သို့) အစာစားပြီးတိုင်း သွားတိုက်ရန်၊
၂။ညအိပ်ခါနီးတိုင်း ပါးစပ်ကို ဆေးကြောသန့်စင်ရန်၊
၃။မနက်အိပ်ရာ ထပြီးတိုင်း ရေတစ်ဖန်ခွက် သောက်ရန်၊
၎။အစားအသောက်၊မနက်စာကို ပုံမှန်စားသုံးရန်၊
၅။ခံတွင်းအနံ့ နံစေသောအစားအသောက်များကို တတ်နိုင်သမျှရှောင်ရှားရန်၊
၆။အချို၊အဆိမ့်(ချောကလက်၊ကော်ဖီ၊လက်ဖက်ရည်) လျှော့စားရန်၊
၇။ခံတွင်းကို အမြဲစိုစွတ်၍ သန့်ရှင်းအောင်ထားသင့်သည်။
၈။ပါးစပ်နံ့ပျောက်စေသော mouthwash များ၊ sprayများ သုံးလိုက အသုံးပြုနိုင်ပါသည်။
၉။ပါးစပ်နံ့ ပျောက်ရန်ကွမ်းယာ စားခြင်းကို ရှောင်ကြဉ်သင့်သည်။
ကွမ်းယာစားခြင်းမှ သွားနှင့် သွားဖုံးကို ပျက်စီးနိုင်သည့်ပြင်
ပါးစပ်ကင်ဆာပါ ဖြစ်ပွားနိုင်သဖြင့် ရှောင်ကြဉ်ရမည် ဖြစ်သည်။
၁၀။လိုအပ်လျှင် သွားဆရာဝန်(သို့) အထွေထွေ ရောဂါကုဆရာဝန်နှင့် ပြသ
တိုင်ပင်သင့်လေသည်။



ဒေါက်တာ အေးမင်းထူး