Monday, August 10, 2015

အနေအထားပြောင်း အမူးရောဂါ

ခေါင်းမူး၊ခေါင်းနောက်ဆိုတာမျိုးက လူတိုင်းနီးပါး ဖြစ်ဖူးကြုံဖူးကြပါတယ်။ ခေါင်း မူးတဲ့ပုံစံ အမျိုးမျိုးရှိသလို ဖြစ်တဲ့ရောဂါတွေလည်း မနည်းလှပါဘူး။ ဒါပေမယ့် ခေါင်းမူးတယ်ဆိုတိုင်း ရောဂါလို့ သတ်မှတ်ရင်မှားပါတယ်။ ဒီဘက်ခေတ်မှာ ရောဂါနဲ့မဆိုင်တဲ့ အရက်သောက်၊ဘီယာသောက်ပြီးမူးနေသူတွေဆိုတာလည်း အများသားလား။ အစားပျက်၊အအိပ်ပျက်ပြီး ခေါင်းမူးတာမျိုးက ရောဂါမှမဟုတ်တာ။စွမ်းအင်ထုတ်လုပ်တဲ့အခါ လိုအပ်တဲ့ ဂလူးကိုစ့်ဓာတ်နည်းရင်လည်း ခေါင်းမူးတတ်တယ်။သွေးပေါင်ချိန် အတက်၊အကျကြောင့်မူးတာလည်း ကြုံဖူးလိမ့်မယ်။ serotonin များတဲ့အစားစာတွေ(ချီးစ်၊ထောပတ်၊ဝိုင်)ကလည်း ခေါင်းမူးစေတယ်။ ခေါင်းခိုက်မိပြီး ဦးခေါင်းထိမိသူတွေလဲ မူးတာတင်မက ထိုးအန်တာမျိုးပါ တွဲတတ်တယ်။ အစားသောက်၊အနေထိုင်မမှန်လို့ မူးသူတွေအနေနဲ့ စိုးရိမ်ဖို့မလိုပေမယ့် ခေါင်းထိခိုက်မိသူတွေမှာတော့ မပေါ့ဆသင့်ပဲ ဆရာဝန်နဲ့ပြသသင့်ပါတယ်။ 



ခေါင်းမူးတဲ့ရောဂါတွေထဲမှာ BPPV(benign paroxysmal positional vertigo) ခေါ်တဲ့ အမူးရောဂါမျိုးက ဆရာဝန်တွေကိုပါ ခေါင်းခြောက်စေတယ်။ BPPV ကို မြန်မာလို ပြန်ထားတာအတိအကျမရှိတဲ့အတွက် အလွယ်တကူပဲ "အနေအထားပြောင်းအမူးရောဂါ"လို့ ဘာသာပြန်ပါမယ်။ BPPVဟာ ရုတ်တရက် ခေါင်းအနေအထားပြောင်းတဲ့အခါမျိုးမှာ တွေ့ရပါတယ်။အထူးသဖြင့် လှဲအိပ်လိုက်တဲ့အခါမျိုး၊ အိပ်နေစဉ်တဖက်ဖက်ကို စောင်းလိုက်တဲ့အခါမျိုးတွေမှာ ခေါင်းကမခံမရပ်နိုင်မူးလာတာမျိုးကို ခေါ်ပါတယ်။ တချို့ဆိုရင် ညအိပ်ရမှာကို ကြောက်နေရှာတယ်။ လှဲအိပ်၊စောင်းအိပ်တဲ့အခါ မူးလွန်းလို့တဲ့။ မူးတာအပြင် ပျို့တာ၊အန်တာတွေပါ တွဲရှိတတ်တယ်။ ပိုဆိုးသူတွေက ညအိပ်နေရင်း မနက်နိုးတော့ တဖက်မစောင်းနိုင်တော့ဘူး။စောင်းလိုက်တာနဲ့ မနေနိုင်မထိုင်နိုင် မူးလာတော့တာ။ ဒီတိုင်းနေရင်အကောင်းပေမယ့် ခေါင်းအနေအထား ပြောင်းလိုက်ရင်မကောင်းတော့ဘူး။ ဒါ့ကြောင့် အနေထားပြောင်းအမူးရောဂါလို့ ခေါ်တာပါ။ အထိုင်၊အထ မိုက်ခနဲမူးတာမျိုးကို အနေအထားပြောင်းအမူးရောဂါ(BPPV)လို့ ခေါ်လို့မရဘူး။ အများစုက postural hypotensionသွေးပေါင်ချိန်ကျလို့ ဦးခေါင်းကို သွေးမလိုက်နိုင်လို့ မူးတာမျိုးပါ။ အနောက်နိုင်ငံ ကိန်းဂဏာန်းတွေအရ ချာချာလည် မူးပြီး(vertigo)လာတဲ့လူနာတွေအနက် ၂၀ရာခိုင်နှုန်းလောက်က BPPV ဖြစ်သူတွေဆိုတဲ့ အရေအတွက်က မနည်းလှဘူ။ 

BPPV ဆိုတာ နားအတွင်းပိုင်းနဲ့ဆိုင်တယ်။ နားအပိုင်းသုံးပိုင်းခွဲထားတဲ့ထဲမှာ အတွင်းဆုံးပိုင်းမှာ ပြဿနာရှိတဲ့အခါမျိုးမှာဖြစ်လာတယ်။နားအတွင်းမှာ labyrinthခေါ်တဲ့ ဝင်္ကဘာသဏ္ဍာန် အရည်လမ်းကြောင်းတခု ရှိပါတယ်။ဒီလမ်းကြောင်းမှာရှိတဲ့ အရည်တွေ လှုပ်ရှားမှုကတဆင့် ခေါင်းနေအထား balance ကို ထိန်းညှိပေးပါတယ်။ ဒီလမ်းကြောင်းဟာ semicircular canal ခေါ်တဲ့ စက်ဝိုင်းခြမ်းပုံ ပြွန်သေးသုံးခုနဲ့ ဆက်သွယ်တည်ရှိတယ်။ ပုံမှန်အားဖြင့် utrical ထဲမှာရှိရမယ့် ကယ်လ်ဆီယမ်ပုံဆောင်ခဲငယ်(calcium carbonate crystal )တွေဟာ အောက်ဖက်ဆုံး အနောက်ခြမ်းပြွန်ငယ်(posterior canal )ထဲ ဝင်ရောက်ပိတ်ဆို့တဲ့အခါ အနေအထားပြောင်းအမူးရောဂါကို ဖြစ်လာတယ်။တခြား စက်ဝိုင်းခြမ်း ပြွန်(semicircular canal)တွေပိတ်တဲ့အခါမျိုးမှာလဲ ဖြစ်နိုင်တယ်။ အဖြစ်တော့နည်းတယ်။

ပုံမှန်လူတယောက် ခေါင်းလှုပ်တဲ့အခါ အတွင်းပိုင်းနားထဲမှာရှိတဲ့ အရည်တွေက လှုပ်ရှားသွားတယ်။ လှုပ်ရှားမှုကို အာရုံခံအမွှေးနုတွေက တဆင့်ဦးနှောက်ကို ပို့ဆောင်ပေးပါတယ်။ ဦးနှောက်ကနေ  နား၊မျက်စိကို အလိုက်သင့်ဖြစ်ဖို့ လှုံဆော်ပေးပါတယ်။ ညအိပ်တဲ့အခါ နားအတွင်းပိုင်း(utricle)ထဲမှာရှိတဲ့ ကယ်ဆီယမ်အပိုင်းအစတွေဟာ အောက်ဖက်ကို တဖြည်းဖြည်းရွေ့လျားလာပြီး semicircular canalထဲကို ဝင်ရောက်ပိတ်ဆို့ပါတယ်။ဒီအခါ လှုပ်ရှားမှုမှန်သမျှ ဦးနှောက်က ပုံမဖော်နိုင်တော့ပဲ ချာချာလည်မူးလာစေတယ်။

ဖြစ်သူအများစုဟာ  ၄၀ကျော်အရွယ် အသက်ကြီးသူတွေဆိုပေမယ့် ငယ်ရွယ်သူတွေမှာလည်း တွေ့ရတယ်။ အများစုက အိပ်ရာထ မနက်ပိုင်းမှာ စဖြစ်ကြတယ်။ တခါဖြစ်ဖူးသူဟာ နောက်ထပ်ပြန်ဖြစ်နိုင်တယ်။ပတ်ဝန်းကျင်လေထုဖိအားပြောင်းလဲတဲ့အခါ၊အေးတဲ့ရာသီတွေမှာ ပိုမိုတွေ့ရတယ်။  နားခိုင်းမိတာ၊ပိုးဝင်တာကြောင့်လည်း အဖြစ်များတယ်လို့ ဆိုတယ်။အမျိုးသမီးတွေက နှစ်ဆလောက် အဖြစ်များတယ်။ ဖြစ်သူအများစုက ခေါင်းတဖက်ထဲသာ ဖြစ်ကြတယ်။ ဆိုလိုချငိတာက ဘယ်ဘက်ဖြစ်သူဟာ ညာဘက်စောင်းအိပ်နိုင်တယ်။ ခေါင်းမော့တဲ့အခါ၊ ခေါင်းလှည့်တဲ့အခါမှသာ မူးတယ်။ ဒါ့ပေမယ့် ကုတ်ကျီးပေါင်းနဲ့မဆိုင်ပါ။တခြားအမူးရောဂါတွေနဲ့မတူတာက နားအူတာ၊ထုံတာကျင်တာ၊အကြောသေတာ၊မျက်ရိုးကိုက်တာမျိုး မရှိတတ်ဘူး။ 

အနေအထားပြောင်းအမူးရောဂါအတွက် Dix-Hallpike ခေါ်တဲ့ ခေါင်းစောင်း၊ကိုယ်သိပ်အနေအထားနဲ့ သေချာစေရတယ်။ မျက်ဆံက အထက် ဘယ်၊ညာမြန်မြန်ယိမ်းနေရင် nystagmus ရှိလို့အနေအထားပြောင်း အမူးရောဂါလို့သတ်မှတ်ပါတယ်။ ဒီလူနာတွေက posterior canalမှာ ပိတ်ဖို့များပါတယ်။မရှိရင် roll test ဆိုတာဆက်လုပ်ပြီး စောင့်ကြည့်ရတယ်။လူနာကို ပက်လက်အိပ်ခိုင်းပြီး ခေါင်းနဲနဲငုံ့ပြီး ဘယ်ဘက်ကို ၉၀ဒီဂရီစောင်းခိုင်း၊ညာဖက်ကို ၉၀ဒီဂရီစောင်းခိုင်းပြီး ကြည့်ပါတယ်။ မျက်ဆံလည်နေရင်(nystagmus)တွေ့ရင်  lateral canalမှာပိတ်တယ်လို့ယူဆပါတယ်။ တခါတရံ ဒီလောက်လုပ်ခိုင်းတာလေးကိုက  လူနာတွေအတွက် ပင်ပန်းဆင်းရဲလှပါတယ်။ 

အနေအထားပြောင်း အမူးရောဂါဖြစ်ရင် ကုသဖို့ နည်းလမ်းနှစ်သွယ်သာ ရှိပါတယ်။ ပထမနည်းက Epley maneuver ခေါ်တဲ့ ပုံဆောင်ခဲတွေနေရာမှန်ပြန်ပို့ပေးတဲ့ ခေါင်းလေ့ကျင့်ခန်းလုပ်ခိုင်းရတယ်။ တချို့ကို semont maneuver လေ့ကျင့်ခန်း လုပ်စေတယ်။ သိပ်ဆိုးတဲ့လူနာတွေမှာ vestibular suppressant ဆေးကို တနာရီလောက် ကြိုပေးထားပြီး လေ့ကျင့်ခန်းလုပ်စေတယ်။ ဆေးခန်းတင်မက အိမ်မှာတွေပါလုပ်ဖို့ သင်ကြားပေးလိုက်ရတယ်။ တရက်ကို သုံးကြိမ်၊နှစ်ပတ်လောက်လုပ်ခိုင်းရင် အများစုက သုံးရက်အတွင်း သက်သာကြတယ်။တချို့က ရက်ပိုင်းမှ လပိုင်းထိကြာတတ်တယ်။  ပိုဆိုးတဲ့လူနာတွေ၊နေ့စဉ်လုပ်ငန်းမလုပ်နိုင်သူတွေ၊ ကာလရှည်ကြာဖြစ်သူတွေကို နောက်ဆုံးအနေနဲ့ ခွဲစိတ်ကုသရတယ်။ဖြစ်တဲ့ပြွန်ကိုပိတ်ပစ်ပြီး နောက်မဖြစ်တော့အောင်လုပ်တဲ့နည်းပါ။ပုံမှန်မဟုတ်လို့ နောက်ဆက်တွဲဆိုးကျိုးများပြီး အသုံးပြုမှုနည်းတယ်။  

BPPV ဟာ ရောဂါမဟုတ်ပေမယ့် ဟိုစောင်းမရ၊ဒီလှည့်မရဆိုတဲ့  ဒုက္ခကိုတော့ အကြီးအကျယ်ခံစားရတယ်။ ညအိပ်တဲ့အခါ ပက်လက်အိပ်မရတဲ့လူနာတွေက ဒုက္ခအရောက်ဆုံးပါပဲ။ တချို့ကျ မနက်အိပ်ယာနိုးတော့ ခေါင်းလှည့်လို့မရလို့ ဆရာဝန်ပြေးပင့်ရတယ်။ ဒီလိုလူနာတွေကုဖို့အတွက် epley maneuver ခေါ်တဲ့ ခေါင်းလေ့ကျင့်ခန်းကို သုံးလို့ရတယ်။ တကယ်က ခေါင်းလေ့ကျင့်ခန်းသာဆိုတယ်။ ဖြစ်တဲ့ဘက်လှည့်ရတာလည်းပါတော့ လူနာအတွက် မသက်သာလှဘူး။ ချက်ချင်းပျောက်ရင်တော်သေးရဲ့။ တခါမက နှစ်ခါ၊မပျောက်တော့  ဆက်လုပ်ခိုင်းရတဲ့ဆရာဝန်လည်း ချွေးပြန်ရတယ်။ အိမ်မှာ ကိုယ့်ဘာသာလုပ်ခိုင်းတဲ့အခါ မလုပ်ချင်သူကများတယ်။ စားဆေး၊ထိုးဆေးနဲ့ ပျောက်ကင်းတာတော့ ရှားပါတယ်။ ရောဂါဝေဒနာကိုတော့ အနည်းနဲ့အများ သက်သာစေနိုင်တယ်။ 

 Epley maneuver ပြုလုပ်ပုံအဆင့်ဆင့်

၁။လေ့ကျင့်ခန်းလုပ်မယ့် ကုတင်မှာ မတ်မတ်ထိုင်ပြီး ခြေထောက်ဆန့်ထားပါ။
၂။ရှေးဦးစွာ ရှေ့ဖက်မျက်နှာမူပြီး ခေါင်းကို ဖြစ်တဲ့ဖက် ၄၅ဒီဂရီ စောင်းလိုက်ပါ။ ဒီအတိုင်း စက္ကန့် ၃၀ကြာ နေပါ။
၃။ပြီးရင် ခေါင်းစောင်းအနေအထားနဲ့ အိပ်ရာပေါ် လှဲချလိုက်ပါ။လှဲပြီး ခေါင်းကို ၃၀ဒီဂရီလောက် မော့ထားပါ။ ဖြစ်တဲ့ဖက်က နားဟာ မြေကြီးဖက်ကို ဦးတည်နေသင့်တယ်။ဒီအတိုင်း စက္ကန့်သုံးဆယ်ထားပါ။ ဒီလိုလုပ်ချိန်မှာ မခံမရပ်နိုင် မူးတာ၊မျက်လုံး လည်တာရှိနိုင်တယ်။ 
၎။ပြီးရင် ဆန့်ကျင်ဖက်၄၅ဒီဂရီကို ခေါင်းရုတ်တရက်လှည့်ပါ။ အရင်ပုံစံတိုင်း ခေါင်းကိုမော့ထားပါဦး။ဒီအနေထားမှာ ခန္ဓာကိုယ်ဟာ အိပ်ရက် ပက်လက်အနေထားသာ ရှိသေးတယ်။ ဒီအတိုင်း စက္ကန့်၃၀ကြာ နေပါ။
၅။ပက်လက်အနေထားအတိုင်း ခေါင်းစောင်းတဲ့ဖက်ကို ၉၀ဒီဂရီ စောင်းလှိမ့်လိုက်ပါ။သတိထားရမှာက ခေါင်းအနေအထားကလည်း လှည့်ထားတဲ့အတိုင်း လိုက်ပြီး စောင်းသွားရမယ်။ ဒီအချိန်မှာ ထပ်ခေါင်းမူးတာမျိုးရှိနိုင်တယ်။ သည်းခံပြီး စက္ကန့်သုံးဆယ် ထားပါ။
၆။ပြီးရင် ခေါင်းစောင်းလျက် အရင်အနေထားအတိုင်း ပြန်ထပြီး ထိုင်နေပါ။စက္ကန့်၃၀လောက်ကြာပြီးတဲ့အခါ ခေါင်းကိုပုံမှန်အနေထားတိုင်း ရှေ့တည့်တည့်ကို ပြန်ကြည့်လို့ရပါပြီ။ လေ့ကျင့်ခန်းလုပ်ချိန် စုစုပေါင်းကြာချိန်ဟာ ၃မိနစ်ခန့်သာ ရှိပါတယ်။ဒီလေ့ကျင့်ခန်းကို တနေ့သုံးကြိမ်၊လေးကြိမ်လောက် လုပ်သင့်ပါတယ်။ 

Epley maneuver ကို John Epley ဆိုတဲ့ဆရာဝန်က ၁၉၈၀မှာ စတင်အသုံးပြုခဲ့တယ်။ လက်ရှိအသုံးပြုနေတဲ့ ခေါင်းလေ့ကျင့်ခန်းဟာ Epley maneuver ကို Modified ပိုကောင်းအောင် ပြုပြင်ထားတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။၇၀ရာခိုင်နှုန်းက လေ့ကျင့်ခန်းနဲ့သက်သာတယ်ဆိုပေမယ့် သိပ်တော့မလွယ်ပါ။တခါလောက်လုပ်ခိုင်းရင်ပဲ လူနာတွေမှာ ပင်ပန်းပြီး မခံမရပ်နိုင်ဖြစ်လာကြတယ်။ တချို့ခေါင်းနည်းနည်းလောက်စောင်းရင်ပဲ မူးတဲ့လူနာတွေမှာ ဒီလေ့ကျင့်ခန်းလုပ်ဖို့ မဖြစ်နိုင်တာမျိုးလည်း ကြုံရတယ်။ ထိုင်ဖို့တောင် အနိုင်နိုင်ရယ်ဆိုတဲ့ လူနာတွေအတွက် ဆရာလုပ်သူလည်း ခေါင်းခြောက်ရတယ်။ ဆေးပေးပြီး ချော့ခိုင်းခဲ့ရတဲ့လူနာတွေလည်း မနည်းပါဘူး။ ကံနည်းနည်းလေးကောင်းလို့ သက်သာသွားရင် ဆရာဝန်တော်လို့ ဖြစ်သွားတတ်တယ်။ တကယ်တော့ ဆရာဝန်ထက် လူနာက ပိုကံကောင်းတာပါ။ တကယ်ခံစားရသူတွေ ပိုနားလည်ကြတယ်။ အရင်က တခါမှ မဖြစ်ဖူးဘဲ ရုတ်တရက် ဖြစ်လာရင်လည်း စိတ်သိပ်မပူစေချင်ဘူး။ လူနာတွေထဲမှာ ဘာ လေ့ကျင့်ခန်း၊အကူအညီမှမလိုပဲ သက်သာသွားသူတွေ ရှိနေလို့ ဖြစ်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
ရတနာပုံ သတင်းစာ(၂၂.၆.၁၅)

No comments:

Post a Comment