Monday, December 7, 2015

သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ကင်ဆာရောဂါတခုဖြစ်ပါတယ်။ စာရင်းဇယားတွေအရ ကမ္ဘာပေါ်မှာ လေးခုမြောက် အဖြစ်များဆုံး ကင်ဆာဖြစ်ပြီး အသေအပျောက်များဆုံးစာရင်းမှာလည်း နံပါတ်လေးနေရာက ရှိပါတယ်။ ၂၀၁၂ခုနှစ်က သားအိမ်ခေါင်းကင်ဆာဖြစ်ပွားသူ ၅၀၀၀၀၀ ကျော်အနက် သေဆုံးသူက ၂၆၀၀၀၀ နီးပါးရှိခဲ့တယ်။ ဒါဟာ ကင်ဆာကြောင့် သေဆုံးသူစုစုပေါင်းရဲ့ (၈) ရာခိုင်နှုန်းနီးပါးထိ ရှိတယ်။ 


သားအိမ်ခေါင်းကင်ဆာဖြစ်ပွားသူရဲ့ ၉၀ရာခိုင်နှုန်းဟာ human papilloma virus(HPV)ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတမျိုးကြောင့် ဖြစ်ပေါ်စေတယ်။ ဒီပိုးဟာ ကြွက်နို့ဖြစ်စေတဲ့ ပိုးအမျိုးအစားနဲ့တူတယ်။ HPV အမျိုးအစား ၂၀၀ ကျော်ရှိတဲ့အနက် အမျိုး (၈၀)လောက်က ကင်ဆာနဲ့ဆက်စပ်နေပါတယ်။ ဒီထဲမှာမှ HPV အမျိုးအစား 16 နဲ့ 18  ကတော့ အဖြစ်များဆုံးပဲ။ ဒီအမျိုးအစားကြောင့် ဖြစ်ပွားသူက ၇၅ရခိုင်နှုန်းရှိတယ်။ ကျန်တဲ့အမျိုးအစား 31 နဲ့ 45 ကြောင့် ဖြစ်ပွားသူက ၁၀ရာခိုင်နှုန်းရှိတယ်။ 

သားအိမ်ခေါင်းကင်ဆာဟာ လိင်ဆက်ဆံခြင်းမှ ဖြစ်စေတယ်။ အထူးသဖြင့် ငယ်ရွယ်စဉ် အိမ်ထောင်ကျသူ၊ အိမ်ထောင်ဖက်များသူ၊ လိင်ဆက်ဆံဖက်များသူတွေမှာ အဖြစ်များတယ်။ ဆေးလိပ်သောက်သူ၊ ခုခံအားနည်းသူ၊ ကိုယ်ဝန်တားဆေးတွေကလည်း ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်တားဆေးကဒ်ကို ၅-၁၀နှစ်အတွင်း အသုံးပြုသူတွေဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေ ၃ဆထိ မြှင့်တက်လာနိုင်တယ်လို့ဆိုပါတယ်။ ၁၀နှစ်အထက်သုံးစွဲသူတွေမှာ ဖြစ်နိုင်ချေ ၄ဆထိ များလာပါသတဲ့။ ကိုယ်ဝန်များတာလည်း မကောင်းပြန်ဘူး။ အမွှာကိုယ်ဝန်ဆောင်တွေဟာ ကင်ဆာဖြစ်နိုင်ချေပိုများတယ်လို့ဆိုတယ်။

သားအိမ်ခေါင်းကင်ဆာဆိုတာ သားအိမ်ပေါက်ဝမှာ မူမမှန်ဆဲလ်တွေပွားများရာက စတင် ဖြစ်ပေါ်လာတယိ။ အများစုဟာ ဖြစ်စမှာ ဘာလက္ခဏာမှ မပြကြဘူး။ ဒီကင်ဆာမှာ ဂရုစိုက်ရမယ့် အဓိကလက္ခဏာက ပုံမမှန်သွေးဆင်းတာ ဖြစ်ပါတယ်။ သွေးဆုံးပြီးနောက်ပိုင်း မွေးလမ်းက သွေးဆင်းတဲ့အခါ သားအိမ်ခေါင်းကင်ဆာကို သတိထားသင့်တယ်။ ရောဂါအခြေနေပေါ်လိုက်ပြီး အစားအသောက်ပျက်တာ၊ အားယုတ်တာမျိုးရှိတတ်တယ်။ တဖြညိးဖြည်း ပိန်ချုံးချိနဲ့လာမယ်၊ ဆီး၊ ဝမ်း မမှန်တာမျိုးရှိတတ်တယ်။ အရိုးထိရောက်ရင် အရိုးနာတာမျိုး ရှိတတ်တယ်။ အဲလိုအခြေအနေကို ကင်ဆာပျံ့တယ်လို့ ခေါ်ပါတယ်။

သတိထားရာ လက္ခဏာများ
-မွေးလမ်းမှာ ပုံမှန်မဟုတ်ပဲ သွေးဆင်းခြင်း
-ဗိုက်အောက်ပိုင်း တင်ပါးဆုံကွင်းနာခြင်း
-အတူနေစဉ် နာကျင်ခြင်း၊ သွေးဆင်းခြင်း
-မွေးလမ်းမှ အရည်တမျိုးမျိုးဆင်းခြင်း

သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားသူအများစု(၇၀%) က squamous carcinomas အမျိုးအစားဖြစ်ပါတယ်။ ၁၅% က adenocarcinoma ဖြစ်ပြီး ၁၅%က တခြားအမျိုးအစားတွေ ရောစပ်ထားတာဖြစ်ပါတယ်။ ကင်ဆာမဖြစ်ခင် ဆဲလ်ပြောင်းလဲမှုဆိုတာ အရင် ဖြစ်တယ်။ ကံကောင်းတာက ဆဲလ်ပြောင်းလဲစေတဲ့ HPV ပိုးကို ခန္ဓာကိုယ်က ၂နှစ်အတွင်း တိုက်ထုတ်ရှင်းလင်းနိုင်တာဖြစ်ပါတယ်။ ကောင်းတာက ဆဲလ်စတင်ပြောင်းလဲပြီး (၂)နှစ်အတွင်း ပြန်စစ်သင့်ပါတယ်။ ပြန်စစ်ကြည့်ရင် ဆဲလ်ပြောင်းလဲတာမရှိရင် စိုးရိမ်ဖို့မလိုပါ။ 

သားအိမ်ခေါင်းဆဲလ်ပြောင်းလဲမှု အခြေအနေတွေကို ကြိုသိဖို့ pap(Papanicolaou) smear ဆိုတာ စစ်ဆေးရတယ်။ pap smear ဆိုတာ သားအိမ်ဝကို အထူးပြုလုပ်ထားတဲ့ အတံသေးသေးလေးနဲ့  အသာ ခြစ်ယူပြီး စစ်ဆေးတာဖြစ်တယ်။  ဒီလိုလုပ်ခြင်းအားဖြင့် သားအိမ်အဝမှာ ရှိတဲ့ဆဲလ်တွေရဲ့ ပြောင်းလဲမှုကို စော စောသိနိုင်တယ်။ ကင်ဆာမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တယ်။ လိုအပ်ရင် HPV DNA test နဲ့ ပေါင်းစစ်ရတယ်။ ဒီနောက်ပိုင်းဂနည်းပညာပိုမြင့်တဲ့ liquid-based cervical cytologic smearဆိုတာမျိုးသုံးလာတယ်။ pap smear မှာ ပုံမမှန်တာတွေ့ရင်  colposcope ကြည့်ဖို့အိုဂျီအထူးကုဆီလွှဲပေးရတယ်။ ရောဂါသေချာစေဖို့ biopsy အသားစကို ဖြတ်ယူရတယ်။ Pap smear ကိုအသက် (၁၈)ကနေ (၇၀)ကြားအမျိုးသမီးတွေမှာ သုံးနှစ်တကြိမ် စစ်ပေးသင့်တယ်။ အထူးသဖြင့် အိမ်ထောင်ဆက်များသူ၊ အတူနေဖော်များသူတွေမှာ ဂရုတစိုက် စစ်ဆေးဖို့လိုအပ်ပါတယ်။ 

ဆေးစစ်ချက်မှာတွေ့ရတဲ့ CIN(Cervical Intraepithelial neoplasia)အကြောင်း နည်းနည်းပြောပါရစေ။ CINဆိုတာ ကင်ဆာမဖြစ်ခင် ဆဲလ် ပြောင်းလဲခြင် အဆင့်ကို ခေါ်ပါတယ်။ အပေါ်ယံလွှာဆဲလ်တွေရဲ့ အောက်ပိုင်း ၃ပုံ၁ပုံမှာ ဆဲလ်ပုံစံ စတင်ပြောင်းလဲတဲ့အဆင့်ကို CIN 1 တဲ့။ အပေါ်ယံဆဲလ်ရဲ့ ၃ပုံ၂ပုံ ထိ ပြောင်းလဲလာရင် CIN II ခေါ်ပါတယ်။ အပေါ်ယံလွှာ(epidermis)တခုလုံး ဆဲလ်ပြောင်းလဲတဲ့အဆင့်ကို CIN III ခေါ်ပါတယ်။
ကင်ဆာမပြောင်းမှီအဆင့်ကို Carcinoma in situ လို့ခေါ်ပါတယ်။ ကံကောငိးတာက သားအိမ်ခေါင်းမှာ ကင်ဆာအဆင့်ထိရောက်ဖို့ အနည်းဆုံး (၁၀)နှစ်လောက် ကြာတတ်တယ်။ တချို့မှာ  နှစ်(၂၀)လောက်ထိ ကြာနိုင်တယ်။ 

ကုသနည်း အမျိုးမျိုးရှိတယ်။ ခွဲစိတ်ခြင်း(surgery)၊ ဓာတ်ကင်ခြင်း(radiation)၊ ကင်ဆာဆေးသွင်းခြင်း(chemotherapy)စသည်ဖြင့်။ ကင်ဆာပျံ့နှံ့မှုရှိ၊မရှိ အဆင့်သတ်မှတ်ချက်တွေပေါ်မူတည်ပြီး ရောဂါ ကုရတယ်။ရောဂါမကျွမ်းသေး၊ အဆင့်မလွန်သေးရင် ခွဲစိတ်နည်းကို သုံးလို့ရပါတယ်၊ တချို့မှာ အခြေနေအရ သားအိမ်တခုလုံးထုတ်ပစ်တာမျိုး (hysterectomy)ရှိတတ်တယ်။ ခပ်စောစောစီးစီးသိနိုင်ရင် သားအိမ်တခုလုံးထိ ထုတ်ပစ်စရာ မလိုပါ။ ကင်ဆာက သားအိမ်ခေါင်းအပြင်ရောက်နေပြီး အဆင့်နည်းနည်းလွန်လာရင် ဓာတ်ကင်ခြင်းကို ဦးစားပေးသုံးတယ်။ ဒါမှမဟုတ် ကင်ဆာဆဲလ်တွေက တကိုယ်လုံးအနှံ့ပျံ့ရင်တော့ ကင်ဆာဆေးသွင်းခြင်းက်ု ပြုလုပ်နိုင်တယ်။ ဘေးထွက်ဆိုးကျိုးတွေက တခုနဲ့တခုမတူပါ။ ဓာတ်ကင်တာနဲ့ ဆေးသွင်းတာက ပိုခံရတယ်။ ဆံပင်ကျွတ်၊ အစားပျက်၊ပိန်ချုံးတာမျိုးထိ ဖြစ်တတ်တယ်။

ကင်ဆာတခုရဲ့ အလားအလာကို  five years survival rates ၅နှစ်ထိဘယ်လောက်ခံလဲ ဆိုတဲ့အနေအထားပေါ်မူတည် တိုင်းတာပါတယ်။  ရောဂါအဆင့်ပေါ်မူတည်ပြီး တယောက်နဲ့တယောက်မတူညီကြပါ။ အမေရိကားမှာ သားအိမ်ခေါင်း ကင်ဆာရဲ့ five years survival rates  က ၆၈%ထိ ရှိတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံမှာတော့ အဲလောက်မရှိပါ။ ပိုနည်းဖို့ပဲရှိတယ်။ 

သားအိမ်ခေါင်းကင်ဆာအတွက် ကြိုတင်ကာကွယ်ဆေးတွေ ရှိပါတယ်။ ကာကွယ်ဆေးက  ကင်ဆာဖြစ်ပွားမှုကို ၉၅ရာခိုင်နှုန်းရာခိုင်နှုန်းလျှော့ချပေးတယ်။ ကာကွယ်ဆေးကို အသက် (၉)နှစ်မှ (၂၆)နှစ်အတွင်း အပျိုအရွယ်မှာ ထိုး ပေးသင့်တယ်။အသက်(၂၅)နှစ်အောက် အိမ်ထောင်မကျသေးတဲ့ အမျိုးသမီးတိုင်း သားအမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးထားသင့်တယ်။ စုစုပေါင်း သုံးကြိမ်ထိုးရတယ်။ ပထမအကြိမ်ထိုးပြီ့း ဒုတိယအကြိမ်ကို (၁)လခြားထိုး၊ တတိယအကြိမ်ကို ပထမစထိုးစအချိန်ကနေ ၆လ အကြာမှာထိုးရတယ်။ကာကွယ်ဆေးက ၉၅ရာခိုင်နှုန်းလောက် ထိရောက်တယ်။ 

သားအိမ်ခေါင်းကာကွယ်ဆေးကို cervarix , gardasil စတဲ့ဆေးနာမည်တွေနဲ့ရနိုင်တယ်။ cervarix က HPV type 16 နဲ့ 18 ကို ကာကွယ်ပေးတယ်။ gardasilက အမျိုးအစား 6,11,16 နဲ့18 ကို ကာကွယ်ပေးပါတယ်။ အမျိုးအစား 6,11 က လိင်လမ်းကြောင်းကြွက်နို့ကို ဖြစ်စေတဲ့ပိုးတွေပါ။ ဒါ့ကြောင့် gardasil ကို အမျိုးသားတွေမှာပါ ထိုးနိုင်တယ်။ အထူးသဖြင့် ဂေး(gay)တွမှာ gardasil ထိုးထားသင့်တယ်။ ကာကွယ်ဆေးတွေပေါ်လာပြီးနောက်ပိုင်း သားအိမ်ခေါင်း ဖြစ်ပွားမှုက သိသိသာသာ ကျဆင်းလာပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာကို ကာကွယ်နိုင်ဖို့ (၁)အတူနေစဉ် အကာအကွယ်သုံးခြင်း၊ (၂)ကာကွယ်ဆေးထိုးခြင်းနဲ့ (၃)သုံးနှစ်တခါ သားအိမ်စစ်ဆေးခြင်း ပုံမှန် ပြုလုပ်ဖို့ လိုအပ်ပါတယ်။  

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၇.၁၂.၁၅)



No comments:

Post a Comment