Tuesday, November 4, 2014

အရက် သင်ခန်းစာ

အရက်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းလေးတပုဒ် ကြားဖူးတယ်။ တခါက ဆရာတယောက်က ကျောင်းသားတွေကို  ကျန်းမာရေးပညာပေးပါသတဲ့။ အရက်နဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေကို သိရှိအောင် လက်တွေ့သက်သေပြတဲ့အနေနဲ့ တပည့်တွေရှေ့မှာပဲ ရောဂါပိုးမွှားတွေရှိနေတဲ့ ခွက်တခုထဲကို အရက်တွေ လောင်းထည့်လိုက်ပါတယ်။ သိပ်မကြာခင်ပဲ ခွက်ထဲမှာရှိတဲ့ ရောဂါပိုးမွှားတွေ သေကုန်တာလည်းမြင်ရောတော့ ဆရာလုပ်သူက ကျောင်းသားတွေကို ဂုဏ်ယူဝင့်ကြွားစွာ မေးလိုက်ပါတယ်။ ဒီအဖြစ်အပျက်ကို မြင်ပြီး အရက်နဲ့ပတ်သက်တဲ့ ဘာ သင်ခန်းစာတွေ ရလိုက်သလဲပေါ့။ အဲဒီမှာ ကျောင်းသားတယောက်က ထဖြေပါသတဲ့။ အရက်ကို သောက်လိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်မှာရှိတဲ့ ရောဂါပိုးမွှားတွေ ကင်းစင်သွားပါတယ်ဆရာ။ ကဲ..စာဖတ်သူကော ဘယ်လိုထင်ပါသလဲ။ ဘယ်အမြင်ကို ထောက်ခံချင်ပါသလဲ။ 


အရက်သောက်တာ မကောင်းဘူးလို့ ပတ်ဝန်းကျင်က အမြဲပြောတတ်ကြပါတယ်။ ဒါပေမယ့် အရက်သောက်သူဦးရေက လျှော့နည်းမသွားပဲ တနေ့တခြားပိုများလာတယ်။ ဒီဖက်ခေတ်ရောက်တော့ ယောကျာင်္းလေးတွေတင်မက မိန်းကလေးတွေပါ သောက်လာကြပြီ။ ပိုဆိုးတာက အသက်မပြည့်သေးတဲ့ လူငယ်လူရွယ်တွေလည်း ပါနေတာပါ။၂၀၀၈ခုနှစ်က အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ်မှာ လေ့လာတော့ အသက်(၁၈)နှစ်အောက် လူငယ်ကျောင်းသားတွေရဲ့ ၆၅ရာခိုင်နှုန်းဟာ အရက်သောက်ကြတယ်ဆိုတာ တွေ့ရတယ်။ လူတစ်သောင်းကျော်ကို လေ့လာပြီး အဖြေထုတ်တော့ လူငယ်တွေအရက်သောက်တဲ့ အခြေခံအကြောင်းရင်းက မိမိကိုယ်ကို ယုံကြည်ချက်အားနည်းခြင်းကြောင့် ဆိုတာ တွေ့ရတယ်။ အထူးသဖြင့် ဖိအားဒဏ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကောင်းကောင်း မဖြေရှငိးနိုင်တာက အဓိကအကြောင်းရင်းဖြစ်ပါတယ်။ 

လူတွေ ဘာ့ကြောင့် အရက်သောက်ရသလဲမေးရင် တချို့က စိတ်ညစ်လို့သောက်တယ်။ တချို့က ပျော်လို့သောက်တယ်။ တချို့က လောကကြီးကို မကြေနပ်လို့သောက်တယ်။ တချို့က မူးချင်လို့ကို သေချာသောက်တယ်။ သူများသောက်လို့ ဘာမသိညာမသိ လိုက်သောက်တာလည်း ရှိသေးတယ်။ အသည်းကွဲသမားတွေလည်း အရက်နဲ့ အဖော်ပြုကြပြန်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် သောက်သူတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အဲဒါက လူနည်းစုပါ။ 

အရက်လို့ပြောရင် ဝိသေသလေးတွေပါ ထည့်ပြောမှ ပိုပြည့်စုံတယ်။အရက်မှန်ရင် ခါးရတယ်။ မူးရတယ်။ နောက်ပြီး လူ့စိတ်ကို စွဲလန်းစေတယ်။ ဒီအချက်တွေနဲ့ ပြည့်စုံမှ အရက်လို့ ခေါ်ရတယ်။ အရက်ပါဝင်မှု ၃ရာခိုင်နှုန်းကနေ ၄၀ရာခိုင်နှုန်းကြား ပါဝင်ရင် ယမကာလို့ ခေါ်ပြန်တယ်။ အင်္ဂလိပ်လိုဆိုရင် alcoholic beverage လို့ ခေါ်ရမှာပေါ့။ ဘီယာ၊ဝိုင်၊ထန်းရည် စတာတွေဟာ ယမကာအမျိုးအစားတွေပဲ ဖြစ်တယ်။ အုန်းရည် ပါ၊မပါတော့ အကျယ်တဝင့် မဆွေးနွေးလိုပါ။ ပေါင်းခံပြီး ရလာတဲ့အရည်ကိုလည်း alcohol လို့ သုံးပါတယ်။

အရက်(alcohol)ကို ဓာတုဗေဒအရ အမျိုးအစား ခွဲလိုက်ရင် methanol,ethanol စတာတွေ ရှိပါတယ်။ မြန်မာတွေက မူးရင် အရက်လို့ အလွယ်ခေါ်လိုက်တယ်။ တကယ်က အရက်ထဲမှာပါတဲ့ ethanol ဓာတ်က မူးယစ်ခြင်းကို ဖြစ်စေတာပါ။ဒီမှာပြောနေတဲ့အရက်ဆိုတာ အီသနော(ethanol)ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဂလူးကို့စ်ကို ကစော်ဖောက်ရင် ethanol ဆိုတာ ရတယ်။ အဲလိုကစော်ဖောက်နိုင်အောင် အပူချိန်(၃၇)ဒီဂရီစင်တီဂရိတ် အောက်မှာ ထားရတယ်။ ဓာတုနည်းအရ ethylene ကနေတိုက်ရိုက် ထုတ်လို့လည်း ရတယ်။ Ethanol ပြိုကွဲပြီး ပထမဆုံးထွက်လာတာက acetaldehyde ဖြစ်ပါတယ်။တကယ်တော့ အဲဒီထွက်လာတဲ့ ဓာတ်ပစ္စည်းတွေက ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေတာပါ။ Ethanolက ထွက်လာတဲ့ ဓာတ်ပစ္စည်းတွေက DNAကို ပြောင်းလဲစေပြီး ကင်ဆာဆိုတာကို ဖြစ်စေတယ်။ 

အရက်အကြောင်းပြောတဲ့အခါ alcohol percentage(%)က အရေးကြီးတယ်။ အနောက်နိုင်ငံတွေမှာ အရက်ပါဝင်မှု ပမာဏ(alcohol by volume)နဲ့ တွက်ပါတယ်။ ABVလို့ အတိုကောက်ခေါ်တယ်။ သောက်စရာ အရည် 100ml ထဲမှာ ပါဝင်တဲ့ အရက်စစ်စစ်(ethanol)ပမာဏကို မီလီလီတာ(ml)နဲ့ တွက်ချက်ပြီး ဖော်ပြရတယ်။ အရက်(ethanol)ပါဝင်မှု အချိုးအဆ ပေါ်မူတည်ပြီး နာမည်တွေကွဲသွားတယ်။ ဥပမာ ဘီယာမှာ ethanol ၅ရာခိုင်နှုန်း ပါဝင်တယ်။ ဝိုင်ဆိုရင် ၁၅ရာခိုင်နှုန်း၊
ကိုရီယားတွေသောက်တဲ့ ဆိုဂျူးမှာ ၂၀ရာခိုင်နှုန်းစီ ပါဝင်ကြတယ်။ ဒီထက် နည်းနည်းမြင့်တဲ့ ဗော့ကာနဲ့ ဘရန်ဒီမှာ ၄၀ရာခိုင်နှုန်း လောက် ပါဝင်တယ်။ အရက်ပြင်းပြင်း ကြိုက်သူတွေက ethanol ပါဝင်မှု ထက်ဝက်လောက် (၅၀ရာခိုင်နှုန်း)လောက် ရှိတဲ့ ရမ်၊ဂျင်၊ဝစ်စကီစတာ တွေကို သောက်ကြတယ်။ တချို့ရမ် အပြင်းစားတွေကတော့ ၈၀ရာခိုင်နှုန်းလောက် ပါဝင်နိုင်တယ်။ ပိုပြင်းတာက ဆေးရုံ၊ဆေးခန်းတွေမှာ သုံးတဲ့ အရက်ပြန်ဖြစ်ပါတယ်။ အရက်ပြန်မှာ ethanol(95%)နဲ့ methanol(5%)ပါဝင်ပါတယ်။ ဒါ့ကြောင့်လည်း methylated spiritလို့ ခေါ်တာပါ။ အဲဒီအရက်ပြန်ကိုပဲ ယူအက်စ်နဲ့ ကနေဒါမှာ denatured alcoholလို ခေါ်ပါတယ်။ အတတ်ဆန်းသူတွေက အရက်ပြန်ကို ဆားခပ်ပြီး သောက်ကြပါတယ်။ သောက်ပါများရင် ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေပြီး မျက်စိကွယ်တာ၊ရူးကြောင်ကြောင်ဖြစ်တာ၊အသက်ဆုံးရှုံးတာမျိုး ဖြစ်နိုင်တယ်။ 

သူတပါးနိုင်ငံမှာ အရက်(alcohol)ကို ယူနစ်တွေနဲ့ တွက်ပြီးသောက်တယ်။ ဥပမာ ယူကေမှာ အရက် တစ်ယူနစ်ဆိုရင် 10ml နဲ့ ညီမျှတယ်။ အမေရိကားမှာတော့ စံနှုန်းသတ်မှတ်ချက်က 18ml ဖြစ်ပါတယ်။ ဒီပမာဏက ဘီယာတခွက်စာ(350ml)နဲ့ ညီမျှတယ်။ ဝိုင်ဆိုရင် တခွက်စာ(150 ml)၊ဗော့ကာ(44 ml)နဲ့ တူညီတယ်။ အရက်ဆိုတာ ကာဗိုဟိုက်ဒရိတ်ပဲဖြစ်လို့ ရေရှည်မှာ ဝတာ၊ဖောတာမျိုး ရှိတယ်။ ဘီယာတခွက်သောက်တိုင်း ကယ်လိုရီ(၁၅၀)လောက် ဝင်နေတာ လူတော်တော်များများ သတိမပြုမိကြဘူး။ ဒီပမာဏဟာ ထမင်း တပန်းကန်စာ နီးပါးလောက်ရှိတယ်။ ဒါ့ကြောင့် ဝိတ်ချချင်သူများ သတိထားကြကုန်။

အရက်သောက်သူတိုင်းမှာ drinking tendency ဆိုတာရှိပါတယ်။သောက်မြဲသောက်ချင်တဲ့ ဆန္ဒပေါ့။ အရက်ဖြတ်သူတိုင်းဟာ ဖြတ်စမှာ နေလို့ထိုင်လို့မကောင်းကြတာ အမှန်ပဲ။ ဥပမာ ဒီနေ့အရက်မသောက်တော့ ဖူးဆိုပါတော့။ သူသောက်နေကျအချိန် ရောက်ရင် မသိစိတ်က သောက်ဖို့တိုက်တွန်းနေပြီ။ ရနေကျအရာတခု မရတဲ့အခါ ခန္ဓာကိုယ်က သတိပေးတယ်။ အဲလိုအချိန်မျိုးမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘူး။ အရက်ဖြတ်စမှာ အရက်နာကျတဲ့လက္ခဏာတွေ ခံစားရတယ်။ 
• ချွေးအလွန်အကျွံထွက်ခြင်း
• နှလုံးခုန်မြန်လာခြင်း
• ကတုန်ကယင်ဖြစ်ခြင်း
• ညအိပ်မပျော်ခြင်း
• ထင်ရောင်ထင်မှားဖြစ်ခြင်း၊
• ကယောင်ကတမ်းပြောခြင်း၊
• ပျို့ချင်၊အန်ချင်ဖြစ်ခြင်း
• စိတ်တိုလွယ်ခြင်း
• စိတ်အပြောင်းအလဲမြန်ခြင်း
• တက်ခြင်း
အဆိုပါ လက္ခဏာတွေဟာ ၅ရက်မှ ၇ရက်ထိကြာတတ်ပါတယ်။ အရက်ကို နှစ်ပေါင်းများစွာ အလွန်အကျွံသောက်ပြီးမှ ဖြတ်သူတွေ ပိုခံစားရတယ်။ အများစုဟာ အရက်ဖြတ်ပြီး ၃ရက်လောက်နေရင် စဖြစ်ကြတယ်။ တကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေပြီး ကယောင်ကတန်းအော်ဟစ်တာ၊ တောင်စဉ်ရေမရ ပြောတာမျိုးတွေ ရှိတယ်။ သူများမမြင်ရ၊မကြားရတာတွေ မြင်နေကြားနေရတယ်။  ဒါမျိုးကို Delirium tremens လို့ခေါ်ပါတယ်။ လူ(၂၀)မှာ (၁)ယောက်လောက်ဟာ ဒီလို ပြင်းထန်တဲ့လက္ခဏာတွေ ခံစားရတယ်။ ခံစားရတဲ့အခါ စိတ်မနိုင်တဲ့ အရက်သမားအချို့က အရက်ပြန်သောက်ကြပြန်ရော။ ဒီလိုနဲ့ ဖျက်လိုက်၊သောက်လိုက် သံသရာလည်နေတယ်။ 

ဒီသံသရာစက်ဝန်းထဲက ဘယ်လိုရုန်းထွက်မလဲ။ ဆရာဝန်လုပ်သူက နည်းပေး၊လမ်းညွှန်လုပ်ပါတယ်။ အရက်မဖြတ်ခင် အရက်နဲ ပက်သက်တဲ့ လက္ခဏာတွေကို အရင်ကုရတယ်။ အရက်က ရေဓာတ်ခန်းခြောက်မှုကိုဖြစ်စေတယ်။ ဒီအချက်ကို ကာကွယ်ဖို့ ဒရစ်လိုင်းတင်တာ၊အားဆေးပေးတာ လုပ်ပေးရတယ်။ အရက်ခြေဖျက်ရာကထွက်လာတဲ့ ဓာတ်ပစ္စည်းတွေ ဖယ်ရှားနိုင်ဖို့ N-acetylcysteine နဲ့ thiamine ဗီတာမင်ဘီဝမ်းကို သုံးရတယ်။ လိုအပ်ရင် ဓာတ်ဆားရည်သောက်ပါ။ ဖြတ်စ သုံးရက်အတွင်း ရေများများသောက်ပါ။အမိုင်နိုအက်ဆစ်အားဆေး၊  အသည်းအားဆေး၊ပရိုတင်း(albumin)စတာတွေ နေ့စဉ်လိုအပ်တယ်။ အားဆေးထဲမှာ ဗီတာမင် B1,6,12နဲ့ ဖောလစ်အက်ဆစ် အဓိကပါရတယ်။ အသားများများ၊အသီးအရွက်များများ စားပေးနိုင်ရင် ပိုကောင်းတယ်။ 

အရက်သောက်နေကျသူတွေကို လေ့လာကြည့်ရင် တရက်တလေ သောက်သူက လူနည်းစုပါ။ အများစုက နေ့စဉ်ရက်ဆက်သောက်ကြတယ်။ပိုဆိုးတာက မြန်မာနိုင်ငံမှာ လူများစု ဝယ်နိုင်၊သောက်နိုင်တဲ့အရက်ကလည်း ကွာလတီမမှီတဲ့ ပြည်တွင်းဖြစ် အရက်တွေဖြစ်နေတာပါ။ နိုင်ငံခြားဖြစ်အရက်ဆိုတာ ဆင်းရဲတဲ့နိုင်ငံက လူနည်းစုသာ တတ်နိုင်တဲ့ ဇိမ်ခံပစ္စည်းလို ဖြစ်နေတာလည်း ပါတယ်။ အရက်တွေကို လေ့လာကြည့်ရင် နိုင်ငံခြားဖြစ်ပဲဖြစ်ဖြစ်၊ချက်အရက်ပဲဖြစ်ဖြစ် အရက်က အရက်ပါပဲ။ ပြင်းပြင်း၊ပျော့ပျော့ သောက်ပါများရင် အရက်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရမှာ ဖြစ်ပါတယ်။ တခုတော့ရှိတာပေါ့။ ကျောင်းသား အမြင်နဲ့ကြည့်မလား၊ဆရာ့အမြင်နဲ့ ကြည့်မလားဆိုတာတော့ မိမိကိုယ်တိုင်ပဲ ဆုံးဖြတ်သင့်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၃.၁၁.၁၄)

1 comment: