Monday, December 2, 2013

ညီညွတ်မျှတ အာဟာရဖြစ်ဖို့

အရင် တပတ်က ကယ်လိုရီအကြောင်းကို ရှင်းလင်းခဲ့ပြီး ဖြစ်ပါတယ်။ ကယ်လိုရီအကြောင်း သိပြီးတဲ့နောက် အင်နာဂျီကိုအဓိက ပေးစွမ်းနိုင်တဲ့ အစားအသောက်မှာ ပါဝင်တဲ့ အာဟာရဓာတ်သုံးမျိုး ကို ဆက်လက်ဖော်ပြပါမယ်။ကျွန်တော်တို့နေ့စဉ်စားနေတဲ့အစားအသောက်တွေမှာ ကစီဓာတ်(carbohydrate)၊ ပရိုတင်းဓာတ်(protein)၊ အဆီဓာတ်(fat)ဆိုပြီး အာဟာရသုံးမျိုးပါဝင်ပါတယ်။ ဒီအစားအစာသုံးမျိုးကနေ စွမ်းအင်ကယ်လိုရီတွေ ရရှိနေပါတယ်။ကျန်းမာချင်တယ်ဆိုရင် အာဟာရဓာတ်သုံးမျိုးကို ညီညွတ်မျှတအောင် စားသုံးပေးရမှာ ဖြစ်ပါတယ်။

ကစီဓာတ်(carbohydrate)
ကျွန်တော်တို့ နေ့စဉ်စားနေကြတဲ့ ဆန်၊ဂျုံ၊ပြောင်း စတာတွေဟာ ကစီဓာတ်တွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်ကို ကစီဓာတ်ကနေ အဓိကရရှိတယ်။ ကစီဓာတ်ကို saccharideလို့လည်း ခေါ်ပါတယ်။ ဂရိစကားမှာ "သကြား"ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။ ကစီဓာတ် saccharides တွေထဲမှာ အခြေခံအကျဆုံးက monosaccharide ဖြစ်ပါတယ်။ glucose ဆိုတာ monosaccharide တမျိုးဖြစ်ပါတယ်။ အခြေခံအကျဆုံးဖြစ်တဲ့ monosaccharideတွေ အများကြီးစုပေါင်းထားတာကို polysaccharide လို့ခေါ်ပါတယ်။ ခန္ဓာကိုယ်မှာ ပိုလျှံတာတွေ သိမ်းဆည်းတဲ့အခါ polysaccharide အနေနဲ့ သိမ်းဆည်းရပါတယ်။လူ၊တိရိစ္ဆာန်တွေမှာ ပိုလျှံနေတဲ့ကစီဓာတ်တွေကို အသည်း နဲ့ ကြွက်သားဆဲလ်တွေမှာ glycogenအနေနဲ့ သိမ်းဆည်းပေးတယ်။ အပင်မှာတော့ starchအနေနဲ့ သိမ်းဆည်းထားတယ်။ လူတယောက် နေ့စဉ်ပုံမှန်လိုအပ်တဲ့ ကစီဓာတ်ကို အလွယ်တကူ တွက်ချက်နိုင်ပါတယ်။ သာမန်လူတယောက်ဟာ နေ့စဉ် ကစီဓာတ် 5g/kg လောက် စားသုံးပေးဖို့ လိုအပ်တာတွေ့ရတယ်။ ဆေးပညာတွက်ချက်မှုတိုင်းမှာ ခန္ဓာကိုယ် အလေးချိန်ကို ကီလိုဂရမ်(kg)နဲ့ တွက်ချက်ရတယ်။  ဥပမာ 50kg ရှိတဲ့လူတယောက်ရဲ့ တနေ့တာလိုအပ်တဲ့ ကစီဓာတ်ဟာ ၂၅၀ဂရမ်(250g) ဖြစ်ပါမယ်။ သီအိုရီအရ ကစီဓာတ် 1g ကနေ 4cal(ကယ်လိုရီ) ရရှိတယ်။ ဒါ့ကြောင့် ကစီဓာတ်ပြည့်ဝတဲ့ အစားအစာတွေကနေ ကယ်လိုရီ ၁၀၀၀လောက် ရရှိနေတယ်။ ရာခိုင်နှုန်းအားဖြင့် နေ့စဉ်လိုအပ်တဲ့ စွမ်းအင်ရဲ့ ၅၀ရာခိုင်နှုန်းကို ကစီဓာတ်က ရရှိနေတယ်။ 

ပရိုတင်းဓာတ်(protein)
ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းတည်ဆောက်မှုနဲ့ လုပ်ငန်းအမျိုးမျိုးမှာ ပရိုတင်းက မရှိမဖြစ်ပါ။ ပရိုတင်းဆိုတာ အသားဓာတ်တမျိုးဖြစ်ပါတယ်။ ပရိုတင်းဓာတ်ကို အမိုင်နိုအက်ဆစ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ခန္ဓာကိုယ်ရဲ့ သက်ရှိအခြေခံအုပ်ချပ်ဖြစ်တဲ့ ဆဲလ်မှန်သမျှကို ပရိုတင်းဓာတ်တွေနဲ့ ဖွဲ့စည်းထားတယ်။ ဒါ့ကြောင့် လူတယောက် ကြီးထွားဖွံ့ဖြိုးဖို့၊အားအင်ပြည့်ဝဖို့အတွက် ပရိုတင်းဓာတ်ကို အဓိကလိုအပ်ပါတယ်။ အသား၊ငါး၊နို့၊ကြက်ဥ စတာတွေ စားသုံးခြင်းဖြင့် ပရိုတင်းဓာတ်တွေ ရရှိနေပါတယ်။ လူတယောက်ဟာ နေ့စဉ်ပရိုတင်းဓာတ် အနည်းဆုံး 1g/kg စားသုံးဖို့ လိုအပ်ပါတယ်။ ဆိုလိုချင်တာက ကီလို ၅၀အလေးချိန်ရှိတဲ့ လူတယောက်ဟာ အနည်းဆုံး အသားဓာတ် ၅၀ဂရမ်(50g)နေ့စဉ် စားသုံးဖို့လိုအပ်ပါတယ်။ သတိပြုသင့်တာက 1g/kgဆိုတာ အနည်းဆုံးလိုအပ်တဲ့ ပမာဏဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ပရိုတင်း 1gကနေ 4cal ရရှိနေတယ်။ ဒါ့ကြောင့် အသားဓာတ်ကနေ အင်နာဂျီ ၂၀၀ကယ်လိုရီလောက် ရရှိနေတယ်လို့ သိရှိနိုင်တယ်။ နေ့စဉ်လိုအပ်တဲ့ စွမ်းအင်ပမာဏရဲ့ ၁၀-၂၀ရာခိုင်နှုန်းကို အသားဓာတ်က ရရှိနေပါတယ်။ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစအရွယ်တွေ၊အသက်အရွယ်ကြီးရင့်သူတွေမှာ ပရိုတင်းဓာတ်ပမာဏ ပိုလိုအပ်တာတွေ့ရတယ်။ မွေးကင်းစအရွယ် ကလေးငယ်တွေမှာ ပရိုတင်းဓာတ် 2g/kgလောက် စားသုံးပေးသင့်တယ်။

အဆီဓာတ်(fat)
တိရိစ္ဆာန်ဆီ၊အပင်ဆီ(မြေပဲ၊နှမ်း၊ပဲ) စတာတွေကနေ အဓိက ရရှိတယ်။ cholesterol တို့၊triglyceride စတာတွေက အဆီအမျိုးအစားတွေပဲ ဖြစ်ကြတယ်။ အဆီတွေထဲမှာ ပြည့်ဝဆီနဲ့ မပြည့်ဝဆီဆိုပြီး ခွဲခြားထားတယ်။ အဆီရဲ့လုပ်ငန်းတွေထဲမှာ အဓိကကျတဲ့ လုပ်ငန်းတခုက စွမ်းအင်ကို ထုတ်ပေးရတယ်။ ဒါ့ပြင် ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုလည်း ထိန်းညှိပေးသေးတယ်။နေ့စဉ်ကယ်လိုရီ လိုအပ်ချက်ရဲ့ ၃၀ရာခိုင်နှုန်းကို အဆီဓာတ်က ရရှိနေတယ်။နေ့စဉ်စားသုံးဖို့လိုအပ်တဲ့ အဆီပမာဏကို 1g/kg နဲ့ တွက်ချက်ရပါတယ်။ ၅၀ကီလိုရှိတဲ့လူတယောက်ဟာ အဆီ(fat) 50g လိုအပ်ပါတယ်။အဆီ 1gကနေ 9calထိ ရရှိလို့ အဆီက စွမ်းအင်ထုတ်လုပ်မှု များတယ်။ တွက်ချက်ကြည့်ရင် အဆီမှ နေ့စဉ် ၄၅၀ကယ်လိုရီလောက် ရရှိနေတာ တွေ့ရတယ်။ အဆီသဘောက လိုရင်သုံး၊ပိုရင်လည်း သိမ်းထားပေးရတာကြောင့် အိမ်ထောင်ရှင်မ တာဝန် ထမ်းဆောင်ရတယ်။ပိုနေတဲ့အဆီကို ဗိုက်ခေါက်တွေထဲမှာ သိမ်းဆည်းကြတယ်။ အဝလွန်သူအများစုဟာ နေ့စဉ်လိုတာထက် ပိုစားမိလို့ဖြစ်ကြတယ်။ ဒါ့ကြောင့် ကျန်းမာချင်တယ်ဆိုရင် အစားအသောက်တွေကို ညီညွတ်မျှတအောင် စားသုံးပေးရမှာ ဖြစ်ပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်လိုက်ရင် စွမ်းအင်ပမာဏရဲ့ ၅၀ရာခိုင်နှုန်းကို ကစီဓာတ်၊၂၀ရာခိုင်နှုန်းကို ပရိုတင်း၊ ၃၀ရာခိုင်နှုန်းကို အဆီကနေ ရရှိပါတယ်။ နေ့စဉ်စားသုံးသင့်တဲ့ အတိုင်းအတာပမာဏကို သိရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရသုံးမျိုးကို ညီညွတ်မျှတအောင် စားသုံးပေးခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ 


ဒေါက်တာအေးမင်းထူး
ရတနာပုံသတင်းစာ(၂.၁၂.၁၃)

No comments:

Post a Comment