Wednesday, February 11, 2015

သားသမီးအတွက် မေးခွန်း

သို့…
            ဒေါက်တာရှင့်… နန်း ကလဲ မန္တလေးသူပါ။ ခုတော့ ထိုင်းနိုင်ငံဘန်ကောက်မြို့နားမှာ အလုပ်လုပ်နေပါတယ်။ နန်းက ဆရာ့ရဲ့ ဆေးပညာဆောင်းပါ ဘလော့ခ်၊ ဆေးဝါးကမ္ဘာဘလော့ခ် တွေကို မကြာခဏဝင်ဖတ်နေသူပါ။ ပို့စ် တွေအားလုံးကိုတော့ စုံစေ့အောင်မဖတ်ရသေးပါ။ နန်းသိချင်တာလေးနှစ်ခုလောက်မေးပါရစေ ဆရာ။ တစ်ခုက နန်းရဲ့ သားသမီးတွေအတွက်ပါ။ နောက်တစ်ခုက နန်းအတွက်ပါဆရာ။

နံပါတ်(၁) က နန်းသမီးလေး အသက် ၃ နှစ်ပြည့်ခါနီးပါပြီ။ မွေးပြီး ၂ ရက်နေတော့ အသားဝါလို့ သွေးလဲထားရပါတယ်။ မဲဆောက်ဆေးရုံကြီးမှာပဲလဲတာပါ။ သမီးက ခုချိန်ထိ မတ်တပ်မရပ်နိုင်သေးပါဘူး။ သူ့ကိုယ်သူအားပြုပြီး ထထိုင်နိုင်တာတောင် နှစ်လ၊ သုံးလပဲရှိပါသေးတယ်။ အသက် တစ်နှစ်နဲ့ ရှစ်လလောက်ကစပြီး လူကြီးက မပြီးထိုင်ပေးရင်ထိုင်နိုင်ပါတယ်။ ထိုင်ကာစ ကတော့ လက်လေးတစ်ဖက်ထောက်ပြီးထိုင်ပါတယ်။ ခေါင်းလဲသိပ်မခိုင်ပါဘူး။ တုန်ချိချိလေးနဲ့ ခဏခဏလဲ ပက်လက်လန်လဲပါတယ်။ သူ့နောက်ကျောဖက်မှာ ခေါင်းအုံးတွေအမြဲချထားပေးရပါတယ်။ ခုသမီးလေးကို နန်းအနားမှာလဲ ခေါ်မထားနိုင်တော့ မြဝတီမြို့မှာ အမတစ်ယောက်နဲ့ထားရပါတယ်။ နျူထရိုပလက်(စ်) တစ်နေ့ကို (၅ မီလီဇွန်းနဲ့) တစ်ဇွန်း တိုက်နေပါတယ်ဆရာ။ နန်းသိချင်တာက ကလေးမှာ အသားဝါဖြစ်ရတာ မိခင်ဖြစ်တဲ့နန်းကြောင့်လား။ သူမွေးတဲ့အချိန် ဘေးကုတင်က ကလေးတွေ အသားဝါကြောင့် မီးပြနေရလို့ သူတို့ဆီက ကူးတတ်သလား။ ကိုယ်ဝန်ဆောင်စဉ်က အာဟာရချို့တဲ့လို့လားဆိုတာ သိချင်ပါတယ်ဆရာ။ နောက်ထပ် ကလေးယူမယ် ဆိုရင်ရော အဲ့လိုမဖြစ်အောင် ဘာတွေ ကြိုတင်ကာကွယ်ထားဖို့လိုမလဲဆိုတာလဲ သိချင်ပါတယ်။ နောက်ထပ်ကလေးယူဖို့က မသေချာပါဘူး။ အသက်လဲ ငယ်တော့တာမှမဟုတ်တာ။ သိထားချင်လို့မေးတာပါဆရာ။ နောက်တစ်ခုရှိသေးတာက သားအကြီးတစ်ယောက်လဲ ရှိသေးတယ်ဆရာ။ အသက် ၁၀ နှစ်ကျော်ပါပြီ။ သားကြီးကလဲ စကားတွေ ထစ်တယ်ဆရာ။ အဲ့ဒါဘာကြောင့်ပါလဲဆရာ။ ကလေး နှစ်ယောက်လုံးမှာ အဲ့လိုမျိုးလေးတွေရှိနေတယ်ဆိုတော့ နန်းမှာ ဘယ်လိုအရာတွေချို့တဲ့လို့လဲ ဆိုတာသိချင်လို့ပါ။ ဆေးဝါးတွေနဲ့ ကူနိုင်ရင်ကူရအောင်လို့ပါဆရာ။ သမီးလေးကို နျူထရိုပလက်(စ်) တစ်မျိုးထဲနဲ့ လုံလောက်ပါ့မလား။ တစ်ခြားဘာဆေးတွေ တိုက်ဖို့ လိုမလဲ။ လေ့ကျင့်ခန်းတွေဘာတွေရော လုပ်ပေးဖို့ လိုမလား။ ဘယ်လိုလေ့ကျင့်ခန်းမျိုး လုပ်ပေးရမလဲ။ (ခုတော့ တန်းကို ကိုင်ပြီး ထိုင်ထ လုပ်ခိုင်းနေပါတယ်။ ရေချိုးခါနီးတိုင်း ရေပုံးနှုတ်ခမ်းကို ဆွဲပြီး ထိုင်ထလုပ်ခိုင်းပါတယ်။) သားသားကိုရော ဘာဆေးတွေတိုက်ရမလဲဆိုတာလဲ။ လေ့ကျင့်ခန်းလုပ်ပေးဖို့လိုအပ်ရင် ဘယ်လိုလေ့ကျင့်ခန်းမျိုးလုပ်ပေးရမလဲဆိုတာ သိချင်ပါတယ်ဆရာ။

နံပါတ်(၂)က နန်းအသက် ၃၂ နှစ်ပြည့်ခါနီးပါပြီ။ နောက်နှစ် ၂၀၁၅ ကစပြီး နန်း သားသတ်လွတ်စားမယ်လို့ ရည်ရွယ်ထားလို့ပါ။ နန်းရဲ့အလုပ်က ရုံးအလုပ်ဆိုတော့ ကွန်ပျူတာရှေ့မှာ တစ်နေကုန် ထိုင်နေရပါတယ်။ လူမပင်ပမ်းပေမဲ့ တခါတရံတော့ စိတ်ပင်ပမ်းပါတယ်။ ကြာလာတော့ အညောင်းမိ ဇက်ကြောတက်၊ ခေါင်းခဏခဏကိုက် (တစ်လကို သုံးလေးကြိမ်လောက် ခေါင်းကိုက်တတ်ပါတယ်။) တာတွေလဲရှိပါတယ်။ ဝမ်းချုပ်တာလဲပါတာပေါ့။ အဲ့ဒီအတွက် ဖြည့်စွက်ဆေးတွေစားဖို့ လိုအပ်မယ်ဆိုရင် စားချင်ပါတယ်။ စားရမဲ့ဆေးအမည်တွေကိုလဲ ညွှန်ပြပေးစေချင်ပါတယ်ဆရာ။ မနက်တိုင်း ယောဂ လေ့ကျင့်ခန်းကို မိနစ်၂၀ နာရီဝက်လောက် ကြိုးစားပြီးလုပ်နေပါတယ်ဆရာ။ ပြီးတော့ အသားမစားတဲ့အတွက် ဘယ်လိုအစားအစာမျိုးတွေ ဦးစားပေးစားသင့်တယ်ဆိုတာမျိုးလဲ ဆရာ့ရဲ့အကြံပြုချက်ကို ရချင်ပါတယ်။ ဒီနှစ်မှာနှစ်စတုန်းက ဥပုသ်နေ့တိုင်း ဥပုသ်စောင့်ပါတယ်ဆရာ။ စက်ရုံက ထမင်းစားချိန် ၁၂ ခွဲ ၁ ခွဲဆိုတော့ မနက်စာပဲစားဖြစ်ပြီး တစ်နေကုန်ထမင်းမစားမိတဲ့သဘောမျိုးဖြစ်သွားတာပေါ့။ ၁၁ နာရီခွဲလောက်ဆိုရင်တော့ မိုင်လိုတို့ နွားနို့တို့ သောက်ဖြစ်ပါတယ်။ နောက်ပိုင်းတော့ ဥပုသ်နေ့တွေမှာ ဥပုသ်မစောင့်တော့ပဲ အလုပ်ပိတ်ရက်တနင်္ဂနွေနေ့တွေမှာပဲ ဥပုသ်စောင့်ဖြစ်ပါတော့တယ်။ အဲ့ဒါကြောင့်ပဲလား။ လူကပဲ အထိုင်များလို့လား။ အသက်ပဲ ရလာလို့လားမသိ ခုတလော တော်တော်လေးဝလာတယ်ဆရာ။ ပြီးတော့ ဆံပင်တွေလဲ တအားကျွတ်လာတယ်ဆရာ။ ကျွတ်တာမှ တစ်အိမ်လုံးမှာ နန်းဆံပင်တွေပဲ။ အလုပ်မှာလဲ နန်းထိုင်တဲ့နေရာတဝိုက်မှာ နန်းဆံပင်တွေ မွမွကျဲပဲ ဆရာ။ ခေါင်းဖြီးတဲ့အချိန် ခေါင်းလျှော်တဲ့အချိန်တွေဆိုလဲ အထွေးလိုက် အဆုပ်လိုက်ပဲဆရာ။ တစ်ပတ်မှာ ၂ ခါပဲခေါင်းလျှော်ပေမဲ့ တစ်ပတ် ၁ ခါသန့်ရှင်းရေးလုပ်တဲ့ ရေချိုးခန်းရေထွက်ပိုက်မှာ နန်းရဲ့ဆံပင်ထွေးဟာ သံပုရာသီးအလတ်စား တစ်လုံးစာလောက်ကို ရှိတယ်ဆရာ။ ဒါက နန်းရဲ့အခြေအနေနဲ့ နန်းအတွက်သိချင်တဲ့ အရာတွေပါ။

နန်းမေးတဲ့အရာတွေ လိုအပ်တာရှိရင်လဲ ဖြည့်စွက်ပြီးဖြေပေးပါဆရာ။ နန်းမေးတဲ့ကြောင်းအရာတွေနဲ့ တိုက်ဆိုင်တဲ့ ပို့စ်တွေ ဆရာရေးပြီးပြီဆိုရင်လဲ နန်းကို လင့် ပို့ပေးစေချင်ပါတယ်။ နန်းဖတ်ဖြစ်အောင်သွားဖတ်ပါ့မယ်ဆရာ။ နောက်နှစ် သင်္ကြန်တော့ နန်းမန္တလေးကို ပြန်လာဖြစ်မှာပါ။ အဲ့ဒီအခါကျရင်လဲ ဆရာနဲ့ တိုင်ပင်သင့်တာ တိုင်ပင်ရအောင် ဆရာဆီကို လာခဲ့ပါအုံးမယ်။ လူနာကို တွေ့ရရင် လူနာအခြေအနေကို ပိုသိနိုင်မယ်မို့လား။ နန်းရဲ့သားကြီးကိုလည်း မန္တလေးမှာ ကိုရင်ဝတ်ပေးမှာမို့ ဆရာ့ဆီကို ခေါ်လာပြ နိုင်မှာပါဆရာ။ နန်းရော မယ်သီလရှင်ဝတ်မှာမို့ နန်းရဲ့သမီးလေးတော့ ဆရာ့ဆီကို ခေါ်လာပြနိုင်မှာမဟုတ်ဘူး။ အမှန်ဆို နန်းသမီးလေးကို ဆရာ့ဆီကို ပိုပြီးတော့ ခေါ်လာပြချင်ပါတယ်ဆရာ။ နန်းတို့ဒက်ဒီက ခရစ်ယာန်ဆိုတော့ နန်းတို့သားအမိ သာသနာ့ အလုပ်လုပ်ကြတာကို ဒက်ဒီမသိအောင် လုပ်ရမှာမို့ သမီးလေးကိုတော့ မြဝတီက အမဆီမှာပဲ ထားခဲ့ရမှာ။ နန်းရဲ့မေးခွန်းတွေလဲ တအားများသွားပြီ။ မအားတဲ့ကြားက နန်းရဲ့စာကို စိတ်ရှည်လက်ရှည်ဖတ်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။ ဆရာ့ဆီက ပြန်လာမဲ့ မေးလ်ကို မျှော်နေပါ့မယ်။ 

မေတ္တာဖြင့်...
နန်း



မေးထားတာ သုံးပိုင်းရှိတယ်။ သမီးလေးအတွက်၊သားလေးအတွက်နဲ့ ကိုယ့်အတွက်၊
သမီးအတွက် အခြေအနေ(၂)မျိုးရှိတယ်။ တခုက ကြီးထွားမှုနှေးကွေးတာနဲ့ နောက်တခုက အသားဝါတာ၊ မွေးကင်းစဖြစိတဲ့ အသားဝါတဲ့ကိစ္စကိုသွားရရင် မိခင်ကြောငိ့ ဖြစ်နိုင်သလို လမစေ့ဘဲမွေးတာ၊ပိုးဝင်တာကြောင့် ဖြစ်တယ်။ ဒါပေမယ့် ဘေးကနေတော့ မကူးစက်စေပါ။ ပုံမှန်ကလေးတွေဟာ မွေးပြီး သုံးရက်ကနေ ၁ပတ်အတွငိး ပုံမှန်အားဖြင့်ကို အသားဝါတတ်တယ်။ physiological jaundice ခေါ်တယ်။ ဒါမှမဟုတ်ဘဲ မွေးပြီး (၃)ရက်အတွင်းဆိုရင် ABO သွေးမတဲ့တာ၊Rh သွေးမတဲ့တာ၊G6PD ဓာတ်ချို့တဲ့တာ၊မွေးကတည်းက ပိုးဝင်လာလို့ ဖြစ်တယ်။ စိုးရိမ်ရတယ်။ သေချာကုရတယ်။ ABO မတဲ့ဘူးဆိုတာ အမေက O သွေးဖြစိပြီး သားသမီးက A(သို့)B သွေးပိုင်ရှင်မွေးလာရင်ဖြစ်တယ်။ နောက်တခုက Rh သွေးမတဲ့တာ။ အမေမှာပါတဲ့ Rhက (-) သားသမီးက (+)ဆိုရင် သွေးမတဲ့တာ။ ကလေး က ရေနဲ့ဖောင်းသလိုဖြစ်နေမယ်။ အသားဝါမယ်။ အများအားဖြင့် ဒုတိယသားသမီးမှာ သွားဖြစ်တတ်တယ်။ G6PDကတော့ ယောကျာင်္းလေးမှာပဲ အဖြစ်များလို့ မဟုတ်နိုင်ဘူး။ ဖြစ်နိုင်တာက Rhမတဲ့တာ။ ဒါ့ကြောင့် အဲဒီမှာ စစ်ရလွယ်တယ်ဆိုရင် ကိုယ့်သွေးကိုစစ်ကြည့်လိုက်ပါ။ အဖြေက Rh(-)ဆိုရင် ကလေးအသားဝါတာက Rh မတဲ့လို့ ဖြစ်တယ်။ ဖျားတာရှိရင် ပိုးဝင်တာလည်း စဉ်းစားရဦးမယ်။ တီဘီရောဂါ၊တခြားရောဂါတွေ စစ်ပါ။

အသားဝါတာအတွက် ကုသနည်း နှစ်မျိုးရှိတယ်။phototherapyနဲ့ exchange transfusion ဖြစ်တယ်။ မီးပေးလိုက်ရင်(phototherapy)သက်သာသွားတယ်။ ဒါမှမဟုတ် သွေးထဲမှာ အဝါဓာတ် (serum bilirubin >20mg/dl)ဆိုရင် သွေးလဲရတယ်။ exchange transfusion လုပ်တယ်ခေါ်တယ်။ ချက်မှာရှိတဲ့ သွေးပြန်ကြောကနေလဲရတယ်။ သွေးလဲတဲ့အခါ သုံးရက်အတွင်းရတဲ့သွေး၊အိုသွေးကို သုံးတယ်။ 

ပေါင်ပြည့်၊မပြည့် နေ့စေ့လစေ့ ဟုတ်မဟုတ်ကလည်း ကလေးကြီးထွားမှုပေါ်သက်ရောက်တယ်။ အဲဒီအတွက် ဘယ်အရွယ်မှာ ဘယ်လောက်ကြီးထွားသလဲ သိရမယ်။ ရေးပြီးသားရှိတယ်။ ဆေးပညာဆောင်းပါးမှာ ကလေးသူငယ်ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ မှတ်တိုင်များကို ရှာဖတ်ကြည့်ပါ။ တဆကိတည်းသတင်းပေးရရင် ဆေးဝါးကမ္ဘာက ဖတ်လို့ရတော့မှာ မဟုတ်ဘူး။ ဘလော့ခ်ပေးတဲ့ ဆိုက်က ဖျက်ပစ်လိုက်တာပါ။ သတိထားရမှာက ကလေးအသားဝါတုန်းက ဦးနှောက်ထိခိုက်လား။ ဒီတချက်ဂရုစိုက်ရမယ်။ မိခင်နို့ (၂)နှစ်ထိ တိုက်ရမယ်။ မတိုက်ခဲ့ရင် အာဟာရဓာတ်နည်းလို့ ဖြစ်နိုင်တယ်။ဒီအရွယ်မှာ အဓိကလိုအပ်တာ သံဓာတ်၊ကယ်စီယမ်နဲ့ ပရိုတင်းတွေ ဖြစ်ပါတယ်။ အသည်း၊အမြစ်ကလီစာ၊ပဲပုပ်၊နွားနို့၊ပဲအမျိုးမျိုး ၊ကြက်ဥ စတာတွေကျွေးပါ။ ငါးကြီးဆီ အားဆေး တိုက်ပါ။ အခြေအနေကို စောင့်ကြည့်ပါဦး။ စကားပြာ၊ခြေလက် ကောင်းကောင်းလှုပ်နိုင်ရင် သိပ်မစိုးရိမ်ပါနဲ့။စောင့်ကြည့်ပါ။

(၂)နောက်တယောက် ကလေး(၁၀နှစ်ကလေး)အတွက်ကတော့ မိဘအပြစ်မဟုတ်ပါဘူး။ တခုတော့ရှိတာပေါ့။ ပတ်ဝန်းကျင်(ဒါမှမဟုတ်)အတူနေသူထဲမှာ စကားထစ်သူရှိရင် တော့ သူတို့ဆီကကူးတာပါ။ ဒီလိုလူမျိုးနဲ့ စကားမပြောမိစေနဲ့။ နောက်တချက်က အားငယ်မှု၊စိတ်ဖိစီးမှုတခုခုရှိလို့ ဖြစ်နိုင်တယ်။ ကလေးတွေမှာတော့ အဖြစ်နည်းတယ်။ ကလေးအများစုက လူပျိုအရွယ်ရောက်ရင် သူ့အလိုလို ပြန်ကောင်းသွားတယ်။ ဘယ်လိုဖြစ်ဖြစ် ငယ်စဉ်ကတည်းက ပြောင်းလဲဖို့ ကြိုးစားသင့်တယ်။ မိဘလုပ်သူက စိတ်ရှည်ရှည်ပြောင်းလဲပေးနိုင်ရင်ရပါတယ်။ စကားမထစ်အောင်ပြုပြင်ကြည့်ရအောင်မှာ ဖတ်ပါ။ ဆေးဝါးကမ္ဘာဘလော့ခ် မရှိတော့တဲ့အတွက် ဆေးဝါးတွေကို ကျွန်တော့် ဖေစ့်ဘွတ် fan pageမှာ တင်ပေးထားပါတယ်။ လိုတာရှိရင် ဖေစ့်ဘွတ်ကတဆင့် ဝင်မေးလို့ရပါတယ်။ 

(၃)သတ်သတ်လွတ်စားတာ ဆေးပညာအရကောင်းတာ ရှိသလို ဆိုးတာလည်း ရှိတယ်။ ဥပမာ အသားမစားတဲ့အတွက် ပရိုတင်းကနေဖြစ်တဲ့ အင်တီဘော်ဒီထုတ်လုပ်မုက်ု ထိခိုက်စေတာမျိုး၊ခုခံအားကျဆင်းတာ၊ပိန်သွားတာမျိုး၊လက်သည်း၊ခြေသည်း၊ဆံပင်ကျွတ်တာမျိုး ဖြစ်နိုင်တယ်။ တဖက်ကတော့ အသားအရေစိုပြေစေပြီး ကျန်းမာရေးနဲ့ ညီညွတ်စေတယ်။ အသက်(၃၀)ကျော်ဖြစ်လို့ သက်သက်လွတ် စားလို့ရတယ်။ ဖြည့်စွက်စာ ဆိုတဲ့နေရာမှာ ပရိုတင်းတမျိုးဖြစ်တဲ့ ပဲအမျိုးမျိုးကို ထည့်စားသင့်တယ်။ နောက်ဒန့်သလွန်သီး ထည့်စားပါ။ သံဓာတ်၊သွပ်ဓာတ်၊ဗီတာမင်ဘီ၊ဘိုင်အိုတင် စတာတွေ သောက်ပါ။ အားဆေးထဲမှာ axiona လိုမျိုးသောက်နိုင်တယ်။ ဆံပင်အတွက် Biotin 5mg တနေ့ တကြိမ် (၆)လသောက်ကြည့်ပါ။ အာရုံကြောဆေး betex(သို့)neurobion နှစ်ကြိမ် သောက်ပါ။ ဝတာကတော့ တားဆေး၊စိတ်ဖိစီးမှု၊လုပ်ငန်းကြောင့် လှုပ်ရှားမှုနည်းရာကနေဖြစ်နိုင်တယ်။ ဝတာ၊ဆံပင်ကျွတ်တာ အကုန်လုံးက ဟော်မုန်းနဲ့ ဆိုင်ဖို့များတယ်။ ဆံပင်ကျွတ်ခြင်းအတွက် ဆံနွယ်ပြုပြင်လှချင်သူများကို ရှာဖတ်ပါ။ အဆင်ပြေမယ်လို့ မျှော်မှန်းပါတယ်။ မြန်မာနိုင်ငံသား၊တိုင်းရင်းသားများ ဘယ်ရောက်ရောက် ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာ အေးမင်းထူး
၎.၁၂.၁၄

No comments:

Post a Comment