Friday, July 19, 2013

ခြေသည်းရောဂါဆေး သိချင်လို့ပါဗျာ


ဆရာခင်ဗျာ
ကျွန်တော်၏အသက်မှာ 49 နှစ်ရှိပါပြီ၊
ကျွန်တော်၏ခြေမ ခြေသည်းတွင် ထိပ်ဖက်မှကြည့်လျင် အသားနှင့်ကပ်နေသောဖက်တွင်
အခေါင်းပေါက်ကဲ့သို့ အပ်ပေါက်အရွယ်လေးများ 3-4 ပေါက်ဖြစ်နေပါသည်
အပေါ်မှကြည့်လျင် သာမန်ခြေသည်းအရာင်နှင့်မတူသော ဖြူညစ်ညစ် အလိုင်းလေးများဖြစ်နေပါသည်
ပိုးထိုးသလိုလို မှိုတက်သလိုလို မျိုးတူပါသည်
အပေါ်ယံသားမှာ ပုံမန်ချောနေပါသည်    ( ကြမ်းတမ်းနေခြင်းမရှိပါ )
ဖြစ်နေသည်မှာ ၅လ ၆လ ခန့်ရှိနေပြီဟုထင်ပါသည်
ကျေးဇူးပြုပြီး ဆေးနည်း ရေးပေးပါရန် အကူအညီတောင်းလိုက်ပါသည်
အဆင်ပြေမယ်ဆိုရင် e mail နှင့်စာပြန်ပေးစေလိုပါသည်။
      ( ကိုမိုး )



ဟုတ်ကဲ့
ခြေသည်း၊လက်သည်းတွေမှာ အဖြစ်များဆုံးက မှိုပိုးဝင်တာ ဖြစ်ပါတယ်။ ဆေးပညာမှာ onychomycosisလို့ ခေါ်ပါတယ်။
လက္ခဏာတွေက ခြေသည်းထူတာ၊ကျွတ်ဆတ်တာ၊ခပ်ဖြူဖြူ၊ဝါညစ်ညစ်အရောင် ရှိတတ်တယ်။ခြေသည်းခွံမှာ အပေါက်လေးတွေ တွေ့နိုင်တယ်။အနံ့နံ့တာ ရှိနိုင်တယ်။
အထူးသဖြင့် စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ အဓိကဖြစ်စေတယ်။ ရေနဲ့ ထိတွေ့မှုများတာ၊ချွေးထွက်များတာ၊ခြေထောက်သန့်ရှင်းမှုအားနည်းလို့ အဖြစ်များတယ်။ ရေထဲမှာ အလုပ်လုပ်ရသူတွေ အဖြစ်များတယ်။နောက်တချက်က သွေးလျှောက်အားနည်းတဲ့အခါလည်း ဖြစ်နိုင်တယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိတဲ့အခါ အဖြစ်များသလို ပျောက်ကင်းဖို့ အချိန်ယူရတယ်။

အကြံပြုချက်
-ခြေသည်းတွေကို ခြောက်သွေ့အောင် ထားသင့်တယ်။ရေနဲ့ တတ်နိုင်သမျှ မထိပါစေနဲ့။
-သောက်ဆေးတင်မက လိမ်းဆေးလိမ်းဖို့ လိုပါမယ်။
-itraconazole 100mg တနေ့ နှစ်ကြိမ် ၂ပတ်၊ ပြီးရင် တနေ့ တကြိမ် တလ ဆက်သောက်ပါ။
-fitneal cream(terbinafine) (သို့) ezon-Tလိမ်းဆေး တနေ့ သုံးကြိမ် တပတ် ဖြစ်တဲ့နေရာမှာ လိမ်းပါ။ ပြီးရင် တနေ့ နှစ်ကြိမ် ၃ပတ် ဆက်လိမ်းပါ။
-အစိုဓာတ်ထိန်းဖို့ ငါးကြီးဆီ တနေ့ ၂ကြိမ်သောက်ပါ။
-ခြေသည်းခြောက်နေတယ်ထင်ရင် သံလွင်ဆီ လိမ်းပေးနိုင်တယ်။
-မှိုပိုးဆိုတာ အထဲထိ လိုက်တတ်တယ်။ နောက်ထွက်မယ့်ခြေသည်းကို ဂရုစိုက်သင့်တယ်။
-ဖြစ်နေတဲ့ခြေသည်းကို ပုံမှန်ညှပ်ပါ။
-သေချာကုသရင်  နောက်ထွက်လာတဲ့ခြေသည်းတွေ ပုံမှန်အတိုင်း ဖြစ်မယ်။
-အစိမ်းရောင်အရွက်၊ပရိုတင်းပါတာ စားပေးသင့်တယ်။ 
-အားဆေးတမျိုးမျိုးသောက်ပါ။
-ဖြစ်နိုင်ရင် ဆီးချို ရှိမရှိ တချက်စစ်ပေးပါ။

ခြေသည်းပိုးဝင်တာက အနည်းဆုံး ၁လလောက် ကြာတတ်လို့ စိတ်ရှည်ရှည်ထားပါ။မသက်သာရင် ဓာတ်ပုံရိုက်ပြီး ပို့လိုက်တာ အကောင်းဆုံးပါ။လိုသေးရင်၊မရှင်းရင် ထပ်မေးပါ။ 
မှိုပိုးဝင်တာ ရေးပြီးသားစာတပုဒ် ရှိပါတယ်။ဗဟုသုတရအောင် ဖတ်ကြည့်ပါ။
http://drayeminhtoo.blogspot.com/2013/06/blog-post_6.html

ဒေါက်တာ အေးမင်းထူး
၂.၇.၁၃



အခုချက်ချင်း လိုစာပြန်ပေးတာကျေးဇူးအထူးတင်ပါတယ်
ဆရာပြောသလိုကုသကြည့်ပါမယ်                          ကိုမိုး


No comments:

Post a Comment