Monday, December 9, 2013

ဆေးပညာကပြောတဲ့ ရေအကျိုးဆယ်ပါး

ရေသောက်ခြင်းက ကျန်းမာရေးအတွက် အထောက်အကူပေးပါတယ်။ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်ရဲ့ ၇၀ရာခိုင်နှုန်းက ရေဓာတ်တွေနဲ့ ဖွဲ့စည်းထားတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို သွေးကြောကတဆင့် သယ်ဆောင်ပေးနေတာ ရေရဲ့ အာနိသင်ကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်ဟာ ချွေး၊တံထွေး၊ဆီး၊ဝမ်းစတာတွေကတဆင့် ရေဓာတ်တွေ နေ့စဉ်ဆုံးရှူံးနေရတယ်။ နေ့စဉ်ဆုံးရှူံးတာကို ပြန်လည်မဖြည့်တင်းနိုင်ရင် ခန္ဓာကိုယ်ကို ဒုက္ခပေးတယ်။ ခန္ဓာကိုယ်က ရေလုံလောက်အောင် မရရှိရင် နေ့စဉ်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ပုံမှန်မလုပ်ဆောင်နိုင်တော့ဘူး။ဒီတော့ ပြန်လည်ဖြည့်တင်းရတယ်။ ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့ နေ့စဉ် ရေဘယ်လောက် သောက်သုံးသင့်ပါသလဲ။ ဒီအမေးအတွက် အဖြေအဆင်သင့် ရှိပြီးသားပါ။ တနေ့ကို ရေအနည်းဆုံး ၈ခွက်သောက်သင့်တယ်လို့ ပညာရှင်အချို့က သတ်မှတ်ကြပါတယ်။ ခြောက်သွေ့တဲ့အပူပိုင်းဒေသမှာ နေထိုင်သူတွေဟာ ရေဓာတ်ပိုမိုလိုအပ်တာ တွေ့ရတယ်။ ဒီဒေသတွေမှာ အမျိုးသားတယောက်အတွက် ရေ ၃လီတာ(ရေသန့်၃ဗူး)၊ အမျိုးသမီးတယောက်အတွက် ရေ၂လီတာ(ရေသန့်၂ဗူး) နေ့စဉ်လိုအပ်ပါတယ်။သတိပြုရမှာက မိမိသောက်သုံးမယ့်ရေဟာ သန့်ရှင်းပြီး ရောဂါကင်းစင်ဖို့တော့ လိုအပ်ပါတယ်။ ဝမ်းသာစရာကောင်းတာတခုက ရေကို  လုံလောက်မျှတအောင် သောက်သုံးပေးခြင်းဖြင့် အောက်ပါအကျိုးအာနိသင်တွေ ရရှိတာကို တွေ့ရှိရပါတယ်။


၁။နေ့စဉ်ရေပုံမှန်သောက်သုံးခြင်းဟာ အဆီပိုတွေဖယ်ရှားနိုင်တယ်ဆိုရင် မအံ့သြပါနဲ့။ဘာ့ကြောင့်လဲဆိုတော့ ရေမှာ ကယ်လိုရီလုံးဝမပါဝင်ဘဲ အစာစားချင်စိတ်ကို တားဆီးပေးလို့ဖြစ်ပါတယ်။ ဗိုက်ဆာလာတဲ့အခါ ရေများများသောက်ကြည့်ပါ။ နာရီဝက်လောက် နေပြီး အစာစားကြည့်တဲ့အခါ စားချင်စိတ်လျှော့နည်းနေတာ တွေ့ရပါလိမ့်မယ်။ ဒါ့ကြောင့် ပိန်ချင်သူပေါများနေတဲ့ခေတ်မှာ ရေများများသောက်ဖို့ကို မမေ့လျှော့ပါနဲ့။ 

၂။ရေသောက်ခြင်းက သင့်ကို ငယ်ရွယ်နုပျိုစေပါတယ်။ အသားအရည်ကို ကြည်လင်စေတယ်။ စိုပြေတင်းရင်းစေတယ်။ အသားအရည်လှပမှု ရှိ၊မရှိ ရေဓာတ်က ဆုံးဖြတ်ပေးတယ်။ အသားအရည် စိုပြေလှပနေဖို့ ရေသောက်တဲ့အလေ့အကျင့်ကို လုပ်ဆောင်သင့်ပါတယ်။

၃။ရေများများသောက်ပေးခြင်းကြောင့် အရေပြားရောဂါ အများစုကို လျှင်မြန်စွာ သက်သာပျောက်ကင်းစေတယ်။ အရေပြားခြောက်သွေ့ခြင်း၊ဝက်ခြံ၊အမည်းစက်၊နှင်းခူနာ၊အမာရွတ်တွေကို လျှော့ပါးသက်သာစေတယ်။ ဘက်တီးရီးယား၊ဗိုင်းရပ်စ်၊မှိုပိုးတွေကြောင့် ဖြစ်တဲ့အရေပြားရောဂါတွေမှာ ရေဓာတ်ကို ပိုမိုဖြည့်တင်းဖို့ လိုအပ်တာ တွေ့ရတယ်။

၎။သိပ္ပံနည်းကျလေ့လာမှုတွေအရ ဆဲလ်ရဲ့ မျှခြေ pH 7ရှိရင် ဆဲလ်တွေရဲ့ လုပ်ဆောင်မှုအကောင်းဆုံးဆိုတာ တွေ့ရှိရပါတယ်။ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေ ပုံမှန်လုပ်ဆောင်နိုင်ဖို့ ရေဓာတ်ကို အဓိကလိုအပ်ပါတယ်။ရေလုံလောက်အောင် သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့မျှခြေကို ထိန်းထားပေးပြီး ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို မြင့်မားစေတယ်။ ဒါ့ကြောင့် အသက်အရွယ်ကြီးရင့်သူတွေသာမက ငယ်ရွယ်သူတွေလည်း ရေကိုနေ့စဉ်ပုံမှန်သောက်ပေးသင့်တယ်။ 

၅။လူ့ခန္ဓာကိုယ်က မကောင်းတဲ့ အညစ်အကြေး၊အဆိပ်အတောက်တွေကို နေ့စဉ်ဖယ်ရှားနေရတယ်။ အသည်း၊အဆုတ်၊ကျောက်ကပ်၊အူလမ်းကြောင်းစတဲ့ အင်္ဂါအစိတ်အပိုင်းတွေကလည်း ရေကိုသုံးပြီး စွန့်ထုတ်ရတာဖြစ်လို့ ရေရဲ့ အသုံးဝင်ပုံက အံ့မခန်းပါ။ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အညစ်အကြေးတွေကို ရေနဲ့ အတူထွက်စေတယ်။ ဆီး၊ဝမ်းစတဲ့ အညစ်အကြေးတွေ စွန့်ထုတ်ရာမှာ ရေကို အဓိကအသုံးပြုရတယ်။ ရေသောက်ခြင်းကြောင့် ပိုးမွှား၊အဆိပ်အတောက်၊အညစ်အကြေး စတာတွေကို ကင်းစင်စေပါတယ်။ 

၆။အအေးမိ၊တုပ်ကွေးရောဂါတွေမှာ ရေကို လိုအပ်တာထက် ပိုမိုသောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ဘက်တီးရီးယား၊ဗိုင်းရပ်စ်စတဲ့ရောဂါပိုးမွှားတွေဟာ ရေနဲ့ အတူပါသွားတယ်။ ရေရဲ့ အာနိသင်က ခုခံအားကို တက်စေတယ်။ အဖျားကျစေတယ်။ နှာရည်ယို၊နှာပိတ်၊လည်ချောင်းနာတဲ့အခါ ရေများများသောက်ပေးသင့်တယ်။

၇။ခေါင်းကိုက်၊ခေါင်းမူး စတဲ့ရောဂါဝေဒနာတွေမှာ ရေလုံလောက်အောင် သောက်ပေးခြင်းဖြင့် ကာကွယ်နိုင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဦးနှောက်ရဲ့ ၇၀ရာခိုင်နှုန်းဟာ ရေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတယ်။ တွေ့ရှိချက်တွေအရ ခေါင်းကိုက်ဝေဒနာအများစုဟာ ရေဓာတ်ခန်းခြောက်ခြင်းကြောင့်ဆိုတာ သိလာရတယ်။ ရေဓာတ်ခန်းခြောက်တဲ့အခါ ဦးခေါင်းပိုင်းမှာ ဝေဒနာတွေ စတင်ခံစားရတယ်။ ဒီဝေဒနာတွေကို ကျော်လွှားနိုင်ဖို့ ရေကိုလုံလောက်၊မျှတအောင် သောက်ပေးသင့်တယ်။

၈။လူ့ခန္ဓာကိုယ်က အသက်ရှုတာ၊ချွေး၊ဝမ်း၊ဆီး စတာတွေလုပ်ဖို့ ရေဓာတ်ကို အသုံးပြုရတယ်။ အသက်ရှူခြင်းကတဆင့် ရေဓာတ်တွေ နေ့စဉ်ဆုံးရှူံးနေရတယ်။ ခန္ဓာကိုယ်ကထွက်တဲ့ ချွေးဆိုတာလည်း ရေတမျိုးပါပဲ။ သည်းခြေစနစ်၊အစာချေစနစ်ကောင်းမွန်ဖို့ ရေဓာတ်လိုအပ်တယ်။ မိမိခန္ဓာကိုယ်မှာ ရေလုံလောက်မှုရှိရင် အစာချေစနစ်ကို အားပေးတယ်။ အာဟာရဓာတ် စုပ်ယူနိုင်ဖို့ အထောက်အကူပြုတယ်။ ဝမ်းမှန်စေတယ်။ အစာအိမ်နာရောဂါတွေကို သက်သာစေတယ်။ ဒါ့ပြင် ဆီးပူ၊ဆီးအောင့်ဝေဒနာတွေမှာ ရေကို ပိုမိုသောက်သုံးသင့်တယ်။

၉။ကျွန်တော်တို့ခံတွင်းမှာ ပုံမှန်အားဖြင့်ကို ရောဂါပိုးမွှားတွေ ရှိနေကြတယ်။ ရေသောက်ခြင်းကြောင့် သွား၊သွားဖုံးမှာကပ်နေတဲ့ ပိုးမွှား၊အညစ်အကြေးတွေကိုပါ သန့်စင်စေတယ်။ သွားကျန်းမာရေးအတွက် ငယ်စဉ်ကတည်းက ရေသောက်တဲ့အလေ့အကျင့် လုပ်ပေးသင့်တယ်။

၁၀။နောက်ဆုံးလေ့လာချက်တွေအရ ရေများများသောက်ပေးခြင်းက ကင်ဆာရောဂါအချို့ကို ကာကွယ်ပေးတာ တွေ့ရတယ်။အထူးသဖြင့်  အူမကြီးကင်ဆာနဲ့ ဆီးအိမ်ကင်ဆာတွေကို ကာကွယ်ပေးတယ်။ ဆီးကျောက်ရောဂါ၊သည်းခြေရောဂါတွေမှာ ရေဓာတ်က အကောင်းဆုံးဆေးတခွက်လို့ ဆိုရမယ်။ ဒါ့ပြင် နှလုံးရောဂါ၊သွေးတိုးရောဂါ၊အဆစ်မြစ်ရောင်ရမ်းခြင်းကို ကာကွယ်တားဆီးပေးတာ တွေ့ရတယ်။

ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ရေဓာတ်က အရေးကြီးတယ်ဆိုတာ သိရှိနားလည်ပြီဆိုရင် မိမိဘာသာ ပြန်မေးကြည့်ပါ။ တနေ့ကို ရေဘယ်နှစ်ခွက် သောက်ပြီးပြီလဲ။ မသောက်ရသေးရင် ချက်ချင်းရေတခွက်ယူပြီး စသောက်ကြည့်ပါ။ ဒီလိုကောင်းတဲ့အလေ့အကျင့်ကို တနေ့ ၈ကြိမ် လုပ်ပေးဖို့ကိုတော့ မမေ့လျှော့ပါနဲ့။ ရေအကျိုးဆယ်ပါး ဆုတောင်းစရာမလိုပဲ လက်တွေ့လိုက်နာကျင့်သုံးရုံနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံ သတင်းစာ(၉.၁၂.၁၃)

No comments:

Post a Comment