Monday, October 20, 2014

စကားမထစ်အောင် ပြုပြင်ကြည့်ရအောင်

ယနေ့ကမ္ဘာမှာ လူ(၁၀၀)ရှိတိုင်း တစ်ယောက်ဟာ စကားထစ်တဲ့ အလေ့အကျင့်မျိုး ရှိနေပါတယ်။ တွက်ချက်မှုတွေအရ တကမ္ဘာလုံးမှာ စကားထစ်သူပေါင်း သန်း(၇၀)ကျော်လောက် ရှိမယ်လို့ ခန့်မှန်းထားတယ်။ ဒီထဲကမှ ၄ပုံ၃ပုံဟာ ငယ်ရွယ်တဲ့ ကလေးသူငယ်တွေ ဖြစ်ပါတယ်။ ယောကျာင်္းလေးတွေက မိန်းကလေးတွေထက် (၄)ဆ လောက်ပိုဖြစ်ကြတယ်။ စကားထစ်တာ လူမျိုး၊ဘာသာ၊အသက်အရွယ်နဲ့ မဆိုင်ပဲ နေရာဒေသမရွေးဖြစ်နိုင်တယ်။ ဒါပေမယ့် မျိုးရိုး၊စိတ်ပိုင်းဆိုင်ရာအားနည်းမှု၊ ပတ်ဝန်းကျင် စတာတွေနဲ့တော့ သက်ဆိုင်တတ်ကြတယ်။ တခါတရံ မိတ်ဆွေ၊အပေါင်းအသင်းကို စနောက်ပြောင်ရင်းကနေ စကားထစ်လာသူတွေလည်း ရှိပါတယ်။ 

စကားထစ်တာကို အင်္ဂလိပ်လို stammering လို့ခေါ်ပါတယ်။ အမေရိကန်တွေကတော့ stuttering လို့ သုံးတယ်။ စက်လိုပြောရရင် ကားစက်နှိုးကာစမှာ ဖွတ်ချက်ဖွတ်ချက် တုံ့ဆိုင်းတုံ့ဆိုင်း မြည်တဲ့ သဘောမျိုးပဲ။စကားလုံးတခုကို တကြိမ်မက ထပ်ကာထပ်ကာ ပြောနေမိတယ်။ စကားပြောတဲ့အခါ လိုရင်းမရောက်ပဲ အထစ်ထစ်၊အငေါ့ငေါ့နဲ့ ကြာနေတတ်တယ်။ အလွယ်ဆုံးပြောရရင် စကားလုံးခလုတ်တိုက်တာလို့ ခေါ်ရမှာပါ။

စကားထစ်သူတွေကို လေ့လာကြည့်တဲ့အခါ အများစုဟာ စကားစုတခုရဲ့ အစ စာလုံးတွေမှာ ထစ်ကြပါတယ်။ "က၊ခ၊ဖ၊ဘ၊ထ၊တ၊သ၊ဒ၊ဓ၊မ" စတဲ့အသံတွေ ထွက်တဲ့ အခါမျိုးမှာ အဓိကထစ်တာ တွေ့ရတယ်။ ဥပမာ ကျေးဇူးတင်တယ်ဆိုပါတော့။ ရှေ့ဆုံးက ကျေးဆိုတဲ့စကားလုံးကိုပဲ ထပ်ခါတလဲလဲပြောနေလိမ့်မယ်။ နောက်တခွန်းက တော်တော်နဲ့မထွက်နိုင်ဘူး။ နောက်ထပ်စကားစုတခုရောက်ရင် အလားတူထစ်နေပြန်တယ်။ ကြာလာတော့ မိမိကိုယ်ကို ယုံကြည်ချက်မရှိတော့ပဲ သိမ်ငယ်လာသလိုခံစားရတယ်။ ဒီထဲမှာ ငါလူတောမတိုးတော့ပါဘူးဆိုတဲ့ ခံစားချက်ကတော့ အဆိုးဆုံးပဲ။ ပြဿနာက စကားမထစ်အောင် ကြိုးစားပြောလေ၊အမှားပါမှာစိုးတဲ့ စိတ်အခံပိုများလေဖြစ်ပြီး စိတ်ဖိစီးမှု(tension)ပိုလာတယ်။ တနည်းအားဖြင့် စကားက ပိုလို့တောင် ထစ်လာသေးတယ်။ "ပြောလေဆိုးလေ၊မန်းလေ ပြဲလေ" စကား သံသရာထဲမှာ လည်နေတယ်။ ဒီလိုဖြစ်တာကို vicious cycleလို့ ခေါ်ပါတယ်။ 

စကားထစ်သူတွေကို အုပ်စုနှစ်ခု ခွဲထားပါတယ်။ Developmental stammering နဲ့ acquired stammering ဆိုပြီး ရှိတယ်။ Developmental stammering ဆိုတာ ကလေးအရွယ်မှာ ဖြစ်လေ့ရှိတာကို ခေါ်ပါတယ်။ စကားပြောတတ်စ ကလေးအရွယ်ကနေ လူပျိုဝင်စထိဖြစ်ကြတယ်။ ၂နှစ်သားကနေ ၅နှစ်သားအတွင်း အရွယ်တွေဟာ ပုံမှန်အားဖြင့်ကို စကားထစ်တဲ့သဘောရှိတယ်။ ငယ်ရွယ်စဉ်ဖြစ်ရင် အများစုဟာသူ့ဘာသာ ပျောက်ကင်းသွားနိုင်တယ်။ ဒီလိုမှ မဟုတ်ပဲ ရောဂါအခံတခုခုရှိနေတာ၊ ဦးခေါင်းခိုက်မိတာ၊တားမြစ် ဆေးဝါးတလွဲ သုံးတာတွေကနေ ဖြစ်တာမျိုးကို acquired stammeringလို့ ခေါ်ပါတယ်။ အသက်ကြီးသူတွေမှာ ဖြစ်လေ့ရှိတယ်။ 

တကယ်စကားထစ်သူတွေဟာ ရုပ်ပိုင်း၊စိတ်ပိုင်း နှစ်မျိုးလုံး ပင်ပန်းဆင်းရဲပါတယ်။ စကားပြောစဉ် ပါးစပ်၊လည်ပင်း၊မေးရိုး၊ရင်ခေါင်းမှာ ရှိတဲ့ကြွက်သားအားလုံး ပုံမှန်ထက် ၂-၃ဆလောက် ပိုအလုပ်လုပ်ရတယ်။ ဒါ့ကြောင့် အင်နာဂျီလည်း သူများထက်ပိုကုန်တယ်။ အမူအရာကို သတိထားကြည့်မိရင် စကားသံနဲ့အတူ စိတ်ဂဏှာမငြိမ်တာ၊မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်တာ၊မျက်နှာရဲလာတာ၊စကားပြောတဲ့အခါ ကတုန်ကယင်ဖြစ်တာမျိုး ရှိကြတယ်။

စိတ်ပညာရှင်တွေရဲ့ အဆိုအရ စကားထစ်တယ်ဆိုတာ အပေါ်ယံအမြင်သာ ဖြစ်ပါတယ်။ သူ့ရဲ့နောက်ကွယ်မှာ မမြင်ရတဲ့ အကြောင်းအရာတွေ ရှိနိုင်သေးတယ်။ ကြောက်ရွံ့တာ၊ရှက်တာ၊ဒေါသထွက်တာ၊မချင့်မရဲဖြစ်တာ၊အလိုမကျတာ၊တစုံတခုကို အပြစ်ရှိသလိုခံစားနေရတာ စတဲ့စိတ်အခံက တဖြည်းဖြည်း စုပုံလာတော့ နောက်ပိုင်းမှာ စကားထစ်သူ ဖြစ်လာပါတယ်။ပတ်ဝန်းကျင်အသိုင်းအဝိုင်းသာမက အလုပ်အကိုင်မှာပါ ထိခိုက်လာတယ်။သင်ကြားမှု၊သင်ယူမှုနဲ့ ဘဝတက်လမ်း၊အလုပ်အကိုင်ကိုပါ အကြီးအကျယ် ထိခိုက်စေတယ်။ 

စကားထစ်သူတွေဟာ ကုသရခက်တယ်။ နည်းအမျိုးမျိုး ရှိတယ်ဆိုပေမယ့် အသေအခြာ ပျောက်ကင်းစေနိုင်တဲ့ ဆေးမျိုးမရှိသေးဘူး။ စိတ်မကျဆေး၊အတက်ပျောက်ဆေးစသည်ဖြင့် စိတ်ပိုင်းဆိုင်ရာဆေးဝါးတွေပေးကြည့်တဲ့အခါ လူတချို့အတွက် အကျိုးရှိတာ တွေ့ရတယ်။ ဘေးထွက်ဆိုးကျိုးများလို့ ပုံမှန်အားဖြင့် မသုံးပါ။ အခုနောက်ဆုံး ဘေးထွက်ဆိုးကျိုးနည်းတယ်သတ်မှတ်ထားတဲ့ pagocloneဆေးကို စတင်စမ်းသပ်နေပြီ ဖြစ်ပါတယ်။ တရုတ်အပ်စိုက်ကုထုံး၊ရိုးရာဆေးနည်းတွေလည်း ရှိသေးတယ်။ ဆီးဖြူသီး၊မက်မွန်သီး၊ငရုတ်ကောင်း၊ထောပတ်၊သစ်ကြံပိုးခေါက်၊စွန်ပလွန်သီးစတာတွေကို အသုံးပြုရင် စကားထစ်သူတွေအတွက် အကျိုးရှိပါသတဲ့။ သိပ္ပံနည်းကျ လက်ခံထားတာမရှိပေမယ့် ကောင်းတယ်ဆိုသူတွေလည်း တွေ့ရတယ်။ 

စကားထစ်တတ်သူတွေအတွက် ဗန်ရစ်ပါ(Van Ripper)ရဲ့ အကြံပေးချက်က ထိရောက်ရှင်းလင်းပါတယ်။ စကားထစ်သူတွေရဲ့ ပြဿနာကို ဘယ်သူကမှ ကူညီဖြေရှင်းပေးလို့ မရနိုင်ပါဘူး။ မိမိကိုယ်တိုင်လုပ်ဆောင်ဖို့သာ ကြိုးစားရပါတယ်။ အဲဒီအတွက် ဘယ်လိုလုပ်မလဲ။ လျှာခလုတ်မတိုက်အောင် စကားပြောလေ့ကျင့်ခန်းတွေ လုပ်ရတယ်။ တချို့ကတော့ ငယ်ငယ်က သိခဲ့တဲ့ စကားလုံး၊စကားစုတွေကိုပဲ အသေအချာ အစကပြန်သင်ရတယ်။ လက်ရေးညံ့နေသူကို ကကြီး၊ခခွေးကစပြီး ပြန်ရေးထိုင်းသလိုမျိုး လုပ်ပေးရတယ်။ အသက်ကြီးသူတွေမှာတော့ ယုံကြည်ချက်မြှင့်တင်ပေးတာ၊စိတ်မြှင့်တင်ပေးတာမျိုးတွေက ပိုလိုအပ်တယ်။ ဒီအတွက် ပတ်ဝန်းကျင်ရဲ့ အားပေးမှုက အခရာကျတယ်။ ဘေးက ကူညီညွှန်ပြပေးမယ့်သူ တယောက်ရှိရင် ပိုကောင်းတယ်။ ရောဂါစစ်စစ်လည်း မဟုတ်လို့ တကယ်ထိထိရောက်ရောက်ကုသချင်ရင် ကိုယ်တိုင်ကြိုးစားရပါတယ်။ 

လေ့ကျင့်ခန်းများ

-စကားပြောမှန်အောင် လျှာလေ့ကျင့်ခန်း အရင်လုပ်ပါ။ အရင်ဆုံး ပါးစပ်ကို တတ်နိုင်သမျှ ဟကြည့်ပါ။ ပါးစပ်ဟပြီးတာနဲ့ လျှာထိပ်ဖျားနဲ့ အာခေါင်ထိပ်ကို ထိအောင် ကြိုးစားကြည့်ပါ။ ပြီးရင် လျှာထိပ်ဖျားကို နောက်ဆွဲပြီး အာခေါင်နောက်ပိုင်းကို တတ်နိုင်သမျှ ကပ်ပါ။ ဒီအတိုင်းမိနစ်အနည်းငယ် ထားပါ။ နောက်တဆင့်က လျှာထိပ်ဖျားကို အပြင်ထုတ်ပြီး  အောက်ကိုကပ်ပါ။ မေးဖျားဆီဦးတည်ပြီး တတ်နိုင်သမျှ အချိန်အတန်ကြာ ထိကြည့်ပါ။ ဒီနည်းအတိုင်း တလှည့်စီ တရက်ကို ၄-၅ကြိမ်လုပ်ကြည့်ပါ။ လျှာခင်အောက်က ကြွက်သားတွေကို သန်မာစေတယ်။

-နောက်တဆင့်က စကားလုံးကို စည်းချက်ကျကျပြောတတ်အောင် အသက်ရှုလေ့ကျင့်ခန်း လုပ်ရပါတယ်။ နိုင်ငံခြားရုပ်ရှင်ကားတွေမှာ စိတ်လှုပ်ရှားစရာ အကြောင်းကိစ္စတွေနဲ့ ကြုံလာတဲ့အခါ အသက်ပြင်းပြင်းရှုခိုင်းတတ်ကြတယ်။ အခုလည်း အလားတူ ဒီမှာသုံးဖို့ အကြံပေးပါရစေ။ အသက်ကို ပါးစပ်က ပြင်းပြင်းရှုပြီးတာနဲ့ ရင်ဘတ်ကြွက်သားကို အတွင်းဖက်အောင့်ထားပါ။ ပြီးမှ ဖြည်းဖြည်းချင်း ရှုထုတ်ကြည့်ပါ။ နောက်တနည်းက အသက်ပြင်းပြင်းရှုပြီးတဲ့အခါ ခဏအောင့်ထားပါ။ ပြီးရင် လျှာထုတ်ပြီး ဖြည်းဖြည်းရှုထုတ်ပါ။ လေ့ကျင့်ခန်းတခုဆီကို ၂မိနစ်စီ အလှည့်ကျလုပ်ကြည့်ပါ။ ဒီလေ့ကျင့်ခန်းက အသက်ရှုတဲ့ဖြစ်စဉ်ကို တတ်နိုင်သမျှ ကြာအောင်ထိန်းပြီး စကားပြောမလေ့ကျင့်မှီ ပြုလုပ်ရတာ ဖြစ်ပါတယ်။ 

-ဒီလေ့ကျင့်ခန်းတွေ လုပ်ပြီးရင် စာများများကို အသံထွက်ပြီးပီပီသသ ခပ်ကျယ်ကျယ် ဖတ်ကြည့်ပါ။ မြန်ဖို့မလိုပဲ မှန်ဖို့လိုတယ်။စကားထစ်တဲ့ နေရာရောက်ရင် သတိထားပြီး ဖြည်းဖြည်းချင်း ထပ်ဖတ်ပါ။ ချိန်သားကိုက်လာရင် မြန်မြန်ထပ်ဖတ်ပြီး လေ့ကျင့်ပါ။ ထစ်လေ့ရှိတဲ့ စကားလုံးတွေနဲ့ တဖြည်းဖြည်းကျွမ်းဝင်လာတယ်။ ၃လလောက်လေ့ကျင့်ပြီးတဲ့အခါ မသိစိတ်က အလိုလိုပြုပြင်သွားတာမို့ မှန်ကန်လာတယ်။ 

-နောက်ထပ်နည်းတခုက မှန်ကြည့်ပြီး သီချင်းအော်ဆိုပါ။ သီချင်းအော်ဆိုခြင်းကြောင့် ကြွက်သားတွေလှုပ်ရှားမှုကို အားကောင်းစေပြီး အသံထွက်တွေကိုပါ မှန်စေတယ်။ မိမိကြိုက်နှစ်သက်ရာသီချင်း တပုဒ်ကို မထစ်မငေါ့စေပဲ ခပ်ဖြည်းဖြည်း ဆိုပါ။ နောက်တရက်မှာ နောက်ထပ်တပုဒ် ပြောင်းဆိုပါ။ တရက်ကို တပုဒ်နှုန်းနဲ့ ၃-၄ကြိမ် အော်ဆိုပါ။ သီးချင်းနှေးတာဆိုပြီးရင် မြန်တဲ့သီချင်း ဆိုကြည့်ပါ။ ဒီနည်းက စကားပြောရာမှာ မြန်ဆန်စေသလို စကားပြောရမှာ ရှက်ကြောက်သူအတွက် အသုံးဝင်တဲ့ နည်းဖြစ်ပါတယ်။

စကားပြောလေ့ကျင့်ပြီးတိုင်း မိမိအပေါ်နားလည်ပေးနိုင်မယ့် မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စတင်ပြောကြည့်ပါ။ စကားပြောစဉ် eye contact ရှိပါစေ။ ပိုအဆင်ပြေလာရင် ဖုန်းထဲကနေ ဆက်ပြောကြည့်ပါ။ နောက်ပိုင်းမှာ ရုံးကလူတွေနဲ့ စကားစမြည်ပြောဆိုကြည့်ပါ။ တိုးတက်လာမှုကို မြင်သာအောင် လူအများရှေ့ အလုပ်ရုံဆွေးနွေးပွဲတွေမှာ ယုံယုံကြည်ကြည် ထပ်ပြောပါ။ 

အထက်ပါအတိုင်း လေ့ကျင့်ပေးခြင်းကြောင့် စကားပြောညက်ရုံမက စကားပြောကောင်းသူပါ ဖြစ်လာနိုင်တယ်။ ကမ္ဘာကျော်၊ထင်ပေါ်ကျော်ကြားသူ တွေထဲမှာတောင် စကားထစ်သူတွေ ရှိနေပါသေးတယ်ဆိုရင် မအံ့သြပါနဲ့။ အရစ္စတိုတယ်၊ ဝင်စတန် ချာချီ၊ချားစ် ဒါဝင်၊မိုးဇက် စသူတွေဟာ  စကားထစ်ကြပေမယ့် ကျော်ကြားသူတွေ ဖြစ်လို့ မိမိကိုယ်ကို စိတ်မပျက်ပါနဲ့။ စကားထစ်နေတာကြောင့် လူတောမတိုးတော့ပါဘူးဆိုတဲ့ ခံစားချက်မျိုး ဘေးဖယ်ထားပြီး ဖြေးဖြေးနဲ့ မှန်မှန် ကြိုးစားကြည့်ရင် လပိုင်းအတွင်း တိုးတက်ကောင်းမွန်လာတာ တွေ့ရပါလိမ့်မယ်။ 

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၂၀.၁၀.၁၄)

2 comments:

  1. စကားပြောတာ ထားဝယ်လေသံဖြစ်နေလို့ လူနားမလည်ရင်ရော ဘယ်လိုပြင်ရမလဲဆရာ။ စကားပြောမြန်တာ ပြင်နည်း ရှိရင် ရေးပေးပါခင်ဗျား

    ReplyDelete
  2. မြန်တာ၊နှေးတာ၊ထစ်တာ အကုန်လုံးက သိပ်မကွာပါ။သူများနားရှုပ်တာချငိးတော့ တူကြတယ်။ မြိတ်၊ထားဝယ် လေသံမျိုးဖြစ်နေရင် ဝဲတာကို ပီသအောင် အရင်ကြိုးစားပါ။ ပြီးရင် စကားလုံးတိုင်းကို ဖြေးဖြေးနဲ့မှန်မှန်ပြောကြည့်ပါ။ မြန်မာစကားကို အစကနေ ဖြည်းဖြည်းချင်းပြန်ကျင့်ယူပါ။ ရုပ်ရှင် မင်းသား၊မင်းသမီးတွေလည်း ရုပ်ရှင်လောကထဲရောက်စမှာ စကားမဝဲအောင်၊ပီသအောင် ကြိုးစားလေ့ကျင့်ရတယ်။ အခုနောက်ပိုင်းတော့ စကားဝဲအောင်တမင် လုပ်ပြောနေကြပြန်တယ်။ မြန်မာလူမျိုးတယောက် အနေနဲ့ မြန်မာစကားကို မြန်မာတွေ နားလည်လွယ်အောင် ပြောတတ်သင့်တယ်လို့ ယူဆပါတယ်။

    ReplyDelete