Wednesday, April 10, 2013

ခရမ်းလွန်ရောင်ခြည်နဲ့ နေရောင်ပြင်းပြင်း သင်္ကြန်တွင်း


ဒီရက်ပိုင်းတွေမှာ နွေနေ့ခင်းက ပူပြင်းလှတယ်။ ဒီကြားထဲ ခရမ်းလွန်ရောင်ခြည် သတိပေးချက်တွေလဲ ထွက်ပေါ်လာတယ်။မကြာခင် သင်္ကြန်နှစ်သစ်ကူးပွဲတော်လဲ ကျင်းပဦးမှာမို့ လည်ချင်ပတ်ချင်ကြသူတွေ သတိထားနိုင်မှ တန်ကာကျမယ်။ ဒီနှစ်နွေက သိသိသာသာပူပြင်းလာတာလဲ အမှန်ပဲ။ မန္တလေးတင်မက မေမြို့မှာလည်း ပူပြင်းတာ တွေ့ရတယ်။ ရာသီဥတုက တဖြည်းဖြည်း ပြောင်းလဲဖောက်ပြန်လာတာ ပိုမိုသိသာလာတယ်။ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ အိုဇုန်းလွှာ ပျက်ဆီးလာတာ ပိုမိုသတိထားစရာ ဖြစ်လာခဲ့တယ်။ 

ခရမ်းလွန်ရောင်ခြည် ဆိုတာ
ခရမ်းလွန်ရောင်ခြည်ကို ultraviolet radiation(UV) လို့ ခေါ်ပါတယ်။ခရမ်းလွန်ရောင်ခြည်ဆိုတာ အလင်းထက်လှိုင်းအလျား ပိုတိုတယ်။ ပုံမှန်အားဖြင့် 10-400nm အတွင်းရှိရတယ်။သီအိုရီအရ လှိုင်းအလျားတိုလေ စွမ်းအင်ပမာဏ ပိုမိုမြှင့်မားလေ
မဟုတ်လား။  ကံကောင်းတဲ့အချက်က ကမ္ဘာ့အိုဇုန်းလွှာက လူကို ဒုက္ခပေးမယ့် ခရမ်းလွန်ရောင်ခြည်အများစုကို ကာကွယ်ပေးထားတယ်။sunlight နေကထွက်လာတဲ့ အလင်းတန်းတွေထဲမှာ သာမန် မျက်စိနဲ့ မြင်နိုင်တဲ့ အလင်းရောင် visible light၊အနီအောက်ရောင်ခြည် infrared radiationနဲ့ ခရမ်းလွန်ရောင်ခြည် ultraviolet radiationဆိုပြီး သုံးမျိုးပါဝင်ပါတယ်။ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ နေအလင်းရောင်ထဲမှာ အနီအောက်ရောင်ခြည် ၅၀ရာခိုင်နှုန်း၊ visible lightမြင်နိုင်တဲ့ အလင်းရောင် ၄၀ရာခိုင်နှုန်း၊ ခရမ်းလွန်ရောင်ခြည် ၁၀ရာခိုင်နှုန်းပါဝင်ပါတယ်။အနီအောက်ရောင်ခြည်ကထွက်တဲ့ အပူကို  ကျွန်တော်တို့ ခံစားသိရှိနိုင်တယ်။၄၀ရာခိုင်နှုန်းပါဝင်နေတဲ့ အလင်းရောင်ကို မျက်စိနဲ့ မြင်တွေ့နေရတယ်။ သို့သော် ခရမ်းလွန်ရောင်ခြည်ကိုတော့ တွေ့မြင်နိုင်စွမ်းမရှိသလို ထိတွေ့ ခံစားနိုင်စွမ်းလည်းမရှိကြဘူး။ အင်းဆက်ပိုးမွှားနဲ့ငှက်တချို့သာ ခရမ်းလွန်ရောင်ခြည်ကို တွေ့မြင်နိုင်တယ်။သိပ္ပံနည်းကျတွေးကြည့်ရင် နေရောင်ခြည်မှာ ပါဝင်တဲ့အချိုးအစားအရ အလင်းရောင်ပိုမိုစူးရှလေ၊ နေရာင်ပိုမိုပူပြင်းလေ ခရမ်းလွန်ရောင်ခြည်ပါဝင်မှု မြင့်မားနေမယ်လို့ သိရှိနိုင်တယ်။ 

ခရမ်းလွန်ရောင်ခြည်ကို လှိုင်းအလျားပေါ်မူတည်ပြီး သုံးမျိုးခွဲခြားထားသေးတယ်။
UV A(Ultraviolet A)ဆိုတာ လှိုင်းအလျား 320-400nm အတွင်းရှိတဲ့ ခရမ်းလွန်ရောင်ခြည်မျိုးဖြစ်တယ်။ အိုဇုန်းလွှာက ကာကွယ်မပေးနိုင်ဘူး။ အရေပြားထဲထိ ထိုးဖောက်ဝင်ရောက်နိုင်တယ်။ အရေပြားတွန့်တာ၊အစက်အပြောက်ထင်တာ၊အရွယ်မတိုင်မှီ အိုမင်းရင့်ရော်တာတွေ ဖြစ်နိုင်တယ်။
UV B(Ultraviolet B)ဆိုတာ လှိုင်းအလျား 290-320nmကြား ရှိရတယ်။ အများစုကို အိုဇုန်းလွှာက စုပ်ယူပြီး တချို့တဝက်လောက်သာ ကမ္ဘာမြေပေါ် ရောက်ရှိနိုင်တယ်။ အသားအရေ နေလောင်တာကို အဓိကဖြစ်ပေါ်စေတယ်။ဒီရောင်ခြည်ကြောင့် အရေပြားအပေါ်ယံလွှာ ပြောင်းလဲစေပြီး အရေပြား ကင်ဆာထိ ဖြစ်ပွားနိုင်တယ်။SPF လိမ်းဆေးတွေဟာ UVBကြောင့် နေလောင်တာအတွက် အသုံးကျတယ်။
UV C(Ultraviolet C)ဆိုတာ လှိုင်းအလျား 100-290nmရှိတဲ့ waveတွေကို ခေါ်ပါတယ်။ အရေပြားကို ထိခိုက်နိုင်ပေမယ့် ကံကောင်းတဲ့အချက်က အိုဇုန်းလွှာက စုပ်ယူပေးထားလို့ ကမ္ဘာမြေပေါ်မကျရောက်နိုင်ဘူး။ 

ကျန်းမာရေးရှုထောင့်အရ ခရမ်းလွန်ရောင်ခြည်
ခရမ်းလွန်ရောင်ခြည်ဟာ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးရှိနိုင်သလို ဆိုးကျိုးလည်းများတယ်။ လူ့ခန္ဓာကိုယ်အရေပြားဟာ ဗီတာမင် ဒီ(vit D) ထုတ်လုပ်ဖို့ ခရမ်းလွန်ရောင်ခြည် B အမျိုးအစားကို အသုံးချရတယ်။ဆေးပညာမှာ UVBကို အသုံးပြုပြီး vitiligo ခရုသင်းလို၊psoriasis တို့လို အရေပြားရောဂါအချို့ကုသရာမှာလဲ အသုံးပြုကြသေးတယ်။ ဒီလိုရောဂါတွေမှာ လှိုင်းအလျား 311nmရှိတဲ့ ခရမ်းလွန်ရောင်ခြည်ပေးပြီး ကုသရတယ်။
မကောင်းတဲ့အချက်တွေက ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ကို အိုမင်းရင့်ရော်ပြီး ပျက်ဆီးစေနိုင်တယ်။ အရွယ်မတိုင်မှီ အသားအရေတွန့်တာ၊အမဲစက်တွေထင်တာ ဖြစ်မယ်။ ကံဆိုးသူတချို့က အရေပြားကင်ဆာထိ ဖြစ်ပွားနိုင်တယ်။ အထူးသဖြင့် အသားဖြူသူတွေ ဂရုတစိုက်ကာကွယ်သင့်တယ်။ အရေပြားပါးလွှာတတ်လို့ နေရောင်ခြည်ဒဏ်ကို ပိုမိုခံစားရသလို ထိခိုက်လွယ်တယ်။လေ့လာမှုတခုအရ အသက်၁၈နှစ်အတွင်း  နေရောင်ဒဏ်ကို ဂရုတစိုက် ကာကွယ်ခဲ့သူအများစုဟာ အရေပြား ကင်ဆာ ဖြစ်ပွားမှုနှုန်း  ထက်ဝက်ကျော်လောက် လျှော့ကျနေတာကို ဝမ်းမြောက်ဖွယ်တွေ့ရှိရတယ်။
ခရမ်းလွန်ရောင်ခြည်တိုင်းဟာ အရေပြားကို ပျက်ဆီးစေရုံသာမက မျက်စိကိုပါ ထိခိုက်စေတယ်။ အထူးသဖြင့် မျက်စိအတွင်းပိုင်း မှန်ဘီလူးကို ထိခိုက်စေတာကြောင့် အတွင်းပိုင်းတိမ်ဖုံးရာကတဆင့် မျက်စိကန်းတာမျိုးထိ ဖြစ်စေနိုင်တယ်။ အသားအရည်ပျက်စီးစေရုံသာမက မျက်စိကိုပါထိခိုက်စေတတ်လို့ အလေးထားကာကွယ်သင့်တယ်။

Sunscreen ဆိုတဲ့ နေလောင်ကာ လိမ်းဆေး
Sun screenဆိုတဲ့လိမ်းဆေးတွေကို နေရောင်ဒဏ်ကာကွယ်ဖို့ အသုံးပြုကြတယ်။ လိမ်းဆေးမှာ broad spectrum လို့ ရေးထားရင် UV Bသာမက UV Aကိုပါ ကာကွယ်ပေးနိုင်တယ်။ အမေရိကားမှာ FDAက တရားဝင် ခွင့်ပြုထားတဲ့ sunscreen ၁၇မျိုးလောက်ရှိတယ်။ ဒီထဲမှာ   Avobenzone,Oxybenzone,titanium dioxide,zinc oxide ပါတာတွေက UVA ကို အဓိက ကာကွယ်ပေးနိုင်တယ်။

လူပြောများသလို သေချာသိထားသင့်တဲ့ SPF
SPFဆိုတာ လူတွေကြားမှာ ရေပန်းစားလှပါတယ်။အထူးသဖြင့် အလှအပကြိုက်တဲ့ အမျိုးသမီးတွေပဲ။ SPFဆိုတာ Sun Protection Factor ရဲ့အတိုကောက်လို့ လူတော်တော်များများ သိကြပြီး ဖြစ်ပါတယ်။ အလှအပ ပစ္စည်းတွေသုံးစွဲတဲ့အခါ SPF များတာကိုမှ သုံးစွဲတတ်ကြတယ်။ သို့သော် လူတွေသုံးစွဲနေကြတဲ့ SPF 15 နဲ့ 30 ကွာခြားချက်ကို ပစ္စည်းရောင်းတဲ့ ကုမ္ပဏီဝန်ထမ်းတွေတောင် ကောင်းကောင်းမဖြေနိုင်တာ တွေ့ရတယ်။ 
SPF 15ဆိုတာ နေပူထဲမှာ ပုံမှန်ထက် ၁၅ဆလောက် နေနိုင်တယ်ဆိုတဲ့ သဘောမျိုးပဲ။ ဆိုကြပါစို့။ လူတယောက်ဟာ နေပူထဲမှာ တစ်မိနစ်လောက်နေတဲ့ အခါ နေလောင်ပြီး အသားအရည်ပျက်ဆီးမယ်ဆိုရင် SPF 15ပါတာ လိမ်းတဲ့အခါ ပုံမှန်ထက် ၁၅မိနစ်လောက် နေမလောင်ပဲ ဖြစ်နေလိမ့်မယ်။ အလားတူ SPF 30ပါတာလိမ်းထားတဲ့ လူတယောက်ဟာ နေမလောင်ပဲ နာရီဝက်လောက် နေနိုင်လိမ့်မယ်။ သတိထားသင့်တဲ့အချက်က SPFပါတိုင်း ခရမ်းလွန်ရောင်ခြည်တွေကို လုံးဝကာကွယ်ပေးမယ် မဟုတ်ဘူး။ 
SPFသဘောက ခရမ်းလွန်ရောင်ခြည် ဘီအမျိုးအစား(UVB)တမျိုးတည်းကိုသာ သီးသန့်ကာကွယ်ပေးနိုင်တယ်။ ခရမ်းလွန်ရောင်ခြည် ကာကွယ်ပေးဖို့အတွက် လုံလောက်တဲ့ လိမ်းဆေးပမာဏကို သုံးစွဲရမယ်။ သုံးစွဲတဲ့အခါ အပြင်မထွက်ခင် နာရီဝက် ကြိုတင်လိမ်းထားရမယ်။ အရေပြားထဲကြိုတင်ရောက်နေမှ ပြင်ပကနေရောင်ခြည်ကို ကာကွယ်ပေးနိုင်လိမ့်မယ်။
သီအိုရီအရ SPF ပမာဏ ပိုမိုများပြားလေ ခရမ်းလွန်ရောင်ခြည်ကို ပိုမိုကာကွယ်နိုင်လေဖြစ်တယ်။
သတ်မှတ်ချက်အရ SPF 15ရှိရင် UV rays ရဲ့ ၉၃ရာခိုင်နှုန်းကို ကာကွယ်ပေးနိုင်တယ်။ SPF 30ဟာ UV raysရဲ့  ၉၇ရာခိုင်နှုန်း၊SPF 50 ဆိုရင် ၉၈ရာခိုင်နှုန်း၊ SPF 100ဆိုရင် ၉၉ရာခိုင်နှုန်းသော UV raysတွေကို ကာကွယ်ပေးနိုင်တယ်။

 ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ထုတ်ပြန်သတ်မှတ်ထားတဲ့ UV index ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်း ဆိုတာလည်း သိထားသင့်တယ်။ကိုယ့်ဒေသမှာ ညွှန်းကိန်းအဆင့်ဘယ်လောက်လဲသိမှ ကာကွယ်ဖို့လို၊မလို ဆုံးဖြတ်နိုင်မယ်။UV index ကို အဆင့် ၁၅ဆင့် ထိသတ်မှတ်ထားတယ်။
UV index 1-2ဆိုရင် အစိမ်းရောင်နဲ့ပြတယ်။ခရမ်းလွန်ရောင်ခြည် ပါဝင်မှု နည်းတယ်။
UV index 3-5ဆိုရင် အဝါရောင်နဲ့ပြတယ်။ခရမ်းလွန်ရောင်ခြည် အသင့်အတင့် ပါဝင်တယ်။
UV index 6-7 ဟာ ခရမ်းလွန်ပါဝင်မှု များတယ်။ လိမ္မော်ရောင်နဲ့ ပြသတယ်။
UV index 8-10ဆိုရင် ခရမ်းလွန်ပါဝင်မှု အလွန်မြင့်မားတယ်။ အနီရောင်နဲ့ ပြသတယ်။ သတိပေးရတဲ့အဆင့်မျိုး ဖြစ်တယ်။
UV index 11-15ဆိုရင် အလွန်ပြင်းထန်ပြီး စိုးရိမ်ရတဲ့ အဆင့်မျိုးဖြစ်တယ်။ ခရမ်းရောင်နဲ့ ပြသတယ်။
ပုံမှန်အားဖြင့် UV index 3ရှိတာနဲ့ ခရမ်းလွန်ရောင်ခြည်ကို စတင်ကာကွယ်သင့်တယ်။ index 8ကျော်ရင်တော့ အပြင်ထွက်တဲ့အခါ အကာအကွယ်တခုခု မဖြစ်မနေသုံးစွဲရတော့မယ်။

နွေရာသီမှာ နေမလောင်ဖို့ ကာကွယ်ကြစို့။
-အကောင်းဆုံးက အပြင်မထွက်ပဲ အရိပ်ထဲမှာသာ နေသင့်တယ်။အထူးသဖြင့် မနက် ၁၀နာရီမှ ညနေ ၃နာရီအတွင်း အပြင်မထွက်သင့်ဘူး။
-မဖြစ်မနေ အပြင်ထွက်ရရင် အကာအကွယ်တမျိုးမျိုး သုံးစွဲရမယ်။
-အင်္ကျီလက်ရှည်(သို့) ဘောင်းဘီရှည် တမျိုးမျိုး ဝတ်ဆင်သင့်တယ်။အဝတ်အစားတွေ ရွေးချယ်တဲ့အခါ အရောင်ရင့်တာက နေရောင်ဒဏ်ကို ပိုမိုကာကွယ်ပေးနိုင်တယ်။
-ဦးထုပ်ဆောင်းတဲ့အခါ မျက်နှာသာမက လည်ပင်းကို ဖုံးပေးနိုင်တဲ့ ဦးထုပ်မျိုး ရွေးချယ်သင့်တယ်။
-မျက်စိထိခိုက်မှုကို ကာကွယ်ဖို့ UV rays အနည်းဆုံး ၉၉ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်မျိုး ရွေးချယ်သုံးစွဲသင့်တယ်။"UV absorption up to 400nm"ဆိုတဲ့ မျက်မှန်မျိုးက ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးမယ်။
-အပြင်သွားတဲ့အခါ ကာကွယ်ဖို့ sunscreen တမျိုးမျိုး လိမ်းထားသင့်တယ်။ broad spectrum sunscreen ဆိုတာ UV Aကော UV Bပါ နှစ်မျိုးလုံးကို ကာကွယ်ပေးမယ်။ 
-သုံးစွဲတဲ့အခါ SPF အနည်းဆုံး 15ပါတာမျိုးကို ရွေးချယ်သုံးစွဲရမယ်။ နေရောင်ပိုပြင်းရင် အနည်းဆုံး SPF 30 ပါတာမျိုးက ပိုမိုသင့်တော်တယ်။
-လိမ်းဆေးတွေ လိမ်းတဲ့အခါ အပြင်မထွက်ခင် နာရီဝက်လောက် ကြိုတင်လိမ်းထားသင့်တယ်။သတိပြုသင့်တဲ့အချက်က လုံလောက်တဲ့ ဆေးပမာဏကို အရေပြားထဲ ကြိုတင်စိမ့်ဝင်အောင်လိမ်းထားနိုင်မှသာ ကာကွယ်ပေးနိုင်လိမ့်မယ်။
-sunscreen တွေလိမ်းတဲ့အခါ အနည်းဆုံး နှစ်နာရီတခါ ထပ်ပြီး လိမ်းပေးနေရမယ်။ 
-ဒီအချက်ဟာ သင်္ကြန်တွင်း လည်ချင်ပတ်ချင်တဲ့သူတွေ လိုက်နာသင့်တဲ့ အချက်မျိုး ဖြစ်ပါလိမ့်မယ်။ သင်္ကြန်တွင်း သုံးစွဲချင်ရင် water-proofဖြစ်တဲ့ လိမ်းဆေးမျိုးကိုသာ လိမ်းပေးသင့်တယ်။
-အလှအပ ပစ္စည်းတွေထဲမှာ water-proof ဆိုတာနဲ့ water-resistance ဆိုတာ လည်း မတူပြန်ဘူး။ water-proofလို့ရေးထားရင် ရေစိုထဲမှာ မိနစ်၈၀ လောက် ကာကွယ်ပေးတဲ့သဘောမျိုးပဲ။ water-resistanceဆိုရင် မိနစ်၄၀လောက်သာ ကာကွယ်ပေးနိုင်လိမ့်မယ်။
-သင်္ကြန်တွင်းမိတ်ကပ်မလိမ်းခင် sunscreen ကို အောက်ကခံပြီး လိမ်းထားသင့်တယ်။

သင်္ကြန်အတွက် အကြံပြုချက်
-broad spectrum sunscreen နေလောင်ခံလိမ်းဆေးမှာ SPF အနည်းဆုံး 30ပါတာကို ရွေးချယ်သုံးစွဲသင့်တယ်။water-proof ဖြစ်တဲ့ လိမ်းဆေးတွေက သင်္ကြန်နဲ့ ပိုမိုသင့်တော်တယ်။ ပြီးမှ မိတ်ကပ်ထပ်လိမ်းပါ။
-နေလောင်ခံလိမ်းဆေး၊မိတ်ကပ်စတာတွေကို တပါးတည်း ယူဆောင်သွားသင့်တယ်။
-အကျီင်္ီလက်ရှည်၊ဘောင်းဘီရှည်၊ဘွတ်ဖိနပ်၊ဦးထုပ်၊နေကာမျက်မှန်၊တဘက် စတာတွေကို တခါတည်း ဝတ်ဆင်သွားပါ။
-အကာကွယ်မဲ့နေတဲ့ လက်၊မျက်နှာ၊လည်ပင်း စတာတွေမှာ sunscreen ထူထူထဲထဲ လိမ်းထားသင့်တယ်။
-ဖြစ်နိုင်ရင် တစ်နာရီခြားတခါ လိမ်းပေးသင့်တယ်။ အနည်းဆုံး ၂နာရီခြားတခါတော့ လိမ်းနိုင်အောင် ကြိုးစားပါ။
-နေကာမျက်မှန်ရွေးချယ်တဲ့အခါ UV protection ပါတာမျိုးကို ရွေးချယ်သင့်တယ်။ လမ်းဘေးဈေးဆိုင်က နေကာမျက်မှန်မျိုးတွေဟာ ခရမ်းလွန်ရောင်ခြည်ကာကွယ်ဖို့ သေချာလိမ့်မယ် မဟုတ်ဘူး။
-သင်္ကြန်အတွင်းမှာ အသားအရေကို အထူးဂရုစိုက်သင့်တယ်။ 
-ကျန်းမာရေးမှာ အရေပြားတထောက်စာဟာလည်း အရေးကြီးတာ မမေ့အပ်ဘူး။ ဝင်လာတဲ့ရောဂါပိုးမွှားအများစုကို ကာကွယ်ပေးနိုင်တယ်။
- နွေခေါင်ခေါင် သင်္ကြန်တွင်းမှာ အလှအပ၊ကျန်းမာရေးကို ဂရုစိုက်ပြီး ပျော်ရွှင်နိုင်ကြစေဖို့ ဆုမွန်ကောင်းတောင်းရင်း တင်ပြအပ်ပါတယ်။


ဒေါက်တာ အေးမင်းထူး
ရတနာပုံ သတင်းစာ(၁၀.၄.၁၃)

No comments:

Post a Comment