Tuesday, February 19, 2013

Steroid အရောင်ကျဆေး အလွန်အကျွံသောက်သုံးခြင်း၏ နောက်ကွယ်

 စတီးရွိုက်အရောင်ကျဆေးတွေ လက်လွတ်စပယ်၊အလွန်အကျွံ သောက်သုံးခြင်း၏ နောက်ကွယ်မှာ ဘာတွေရှိသလဲ။

ဘာ့ကြောင့် ဒီမေးခွန်းမေးရသလဲဆိုတော့ ပတ်ဝန်းကျင်မှာ ပရမ်းပတာ၊ စည်းမဲ့ကမ်းမဲ့ ဝယ်သောက်နေတာ မျက်မြင်ဖြစ်လို့ပါဘဲ။ ဟိုလူကောင်းတယ်ညွှန်း၊ ဒီလူကောင်းတယ်ညွှန်းတဲ့ ဆေးတွေထဲမှာ steroid အရောင်ကျဆေးတွေ ပါတတ်ကြပါတယ်။ ဆေးသောက်သုံးသူအများစုဟာ ဆေးရဲ့ effect ဖြစ်တဲ့ ကောင်းကျိုးကိုသာ သိကြပါတယ်။ ဆေးရဲ့အခြားတဖက်က side effect ကိုတော့ သိလည်းမသိကြသလို စိတ်ဝင်စားမှုလည်း မရှိဘူး။ သို့သော် ဆရာဝန်တွေကတော့ ဆေးပေးတဲ့အခါ side effectကိုပါ ထည့်သွင်းတွက်ချက်ဖို့ လိုအပ်ပါတယ်။ ချိန်ခွင်လျှာလို ကောင်းတဲ့ဖက်နဲ့ မကောင်းတဲ့ဖက် နှိုင်းယှဉ်ချိန်ထိုးပြီးမှ ဆေးပေးရတယ်။ ဒါမှသာ လူနာတွေကို မှန်မှန်ကန်ကန် ကုသနိုင်မှာ ဖြစ်ပါတယ်။ သို့သော် တခါတရံမှာ ဆေးရဲ့ side effect ကို အသုံးချပြီး
ရောဂါကုသရတာမျိုးလည်း ရှိတတ်ပါတယ်။

 ခက်နေတာတခုက လူနာတွေ ဖြစ်ပါတယ်။လိုအပ်လို့ညွှန်းလိုက်တဲ့ဆေးပေးလို့များ သက်သာသွားရင် သောက်သင့်၊ မသောက်သင့် မစဉ်းစားတော့ပဲ ဆေးကို အသေမှတ်တော့တယ်။ ပိုဆိုးတာက ဘေးနားဆွေးနီးမျိုးစပ်တော်သူတွေကိုပါ သောက်ဖို့ညွှန်းတာပဲ။ နောက်တကြိမ်ပြန်ဖြစ်ရင် ဆေးခန်းကို အလုပ်ရှုပ်ခံမသွားတော့ပဲ ထိုဆေးကို မရမက ရှာသောက်တယ်။ သာမန်ဆေးတွေဆိုတာ ပြဿနာမရှိပေမယ့်  steroid ခေါ် တဲ့ အရောင်ကျဆေးတွေကိုတော့ လက်လွတ်စပယ် သောက်သုံးချင်၍မရ။ တတ်ကျွမ်းနားလည်သော ဆရာဝန်ရဲ့ ညွှန်ကြားချက် ပါသင့်တယ်။ 
ဆရာဝန်ညွှန်ကြားချက်ကို အတိအကျ လိုက်နာပေးရတယ်။
ဆေးအချိန်အဆ၊ ကိုယ်ခန္ဓာအလေးချိန်ကိုလိုက်ပြီး လိုတိုးပိုလျှော့ လုပ်ဖို့လိုတယ်။ ရောဂါတခုနှင့်တခု ဆေးအချိန်အဆ မတူနိုင်ဘူး။ 
ဆေးဖြတ်တဲ့အခါ ရုတ်တရက်မဖြတ်ရပဲ  ဖြည်းဖြည်းချင်း ဖြတ်ရတယ်။ ဒီထက်ပိုအရေးကြီးတာက မလိုအပ်ပဲ အချိန်ကြာကြီး မသောက်သုံးမိဖို့ပဲ။ 

တခါက စာရေးသူဆေးခန်းရောက်လာသော လူနာအမျိုးသမီးတယောက်ဆိုရင် ဘေးအိမ်နီးချင်းပေးတဲ့ ဆေးကိုသောက်တာ နှစ်ချီနေပြီ။ ပြဿနာတစ်ခုက စတီးရွိုက်အရောင်ကျဆေး ပါဝင်နေတာ သူကိုယ်တိုင်မသိတာပဲ။ ရုတ်တရက် ဖြတ်ရင် ပိုဆိုးသွားနိုင်လို့ follow up ပြန်ခေါ်ပြီး တဖြည်းဖြည်း ဆေးလျှော့ပေးရတယ်။ နှစ်ချီသောက်တဲ့သူတွေ ပိုမိုသတိထားရတယ်။
     
သုံးစွဲပုံအမျိုးမျိုး
Steroidဆေးတွေကို သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေး၊ရှုဆေး အစရှိသဖြင့် အမျိုးမျိုးအသုံးပြုကြပါတယ်။ 
ရောင်ရမ်းခြင်း၊
ယားခြင်း၊
အင်ပြင်ထခြင်း၊
ဓာတ်မတဲ့လို့ ရှောခ့်ရတဲ့အခါ၊
အရေပြားရောဂါ အမျိုးမျိုး၊
ခုခံအားကို ဖိနှိပ်ချုပ်ချယ် ဟန့်တားဖို့(auto immune disease)
တခြားသုံးစွဲလို့ရတာ အများအပြား ကျန်သေးတယ်။
steroid ဆေးတွေဟာ ခန္ဓာကိုယ်တွင်းထုတ်လုပ်တဲ့ ဟော်မုန်းဓာတ်တွေကို ဓာတ်ခွဲခန်းမှာ ထုတ်လုပ်ထားခြင်းသာ ဖြစ်ပါတယ်။ 
လိုအပ်တဲ့အခါ ခန္ဓာကိုယ်ပြင်ပမှ ထောက်ပံ့ပေးဖို့ ရည်ရွယ်ထုတ်လုပ်ထားတယ်။ steroid ဟော်မုန်းဟာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို ထိန်းချုပ်ရာမှာ တခုအပါအဝင်ဖြစ်တယ်။
 သာမန်လူတစ်ယောက်ဟာ စိတ်ဖိစီးမှုများလာတဲ့အခါ ဟော်မုန်းဓာတ်တွေကို ခန္ဓာကိုယ်ထဲ ထုတ်လုပ်တတ်ကြတယ်။
ဘယ်လိုအခြေအနေမှာ steroid တွေ ထွက်လာလဲ
လူတယောက် စိတ်လှုပ်ရှားတဲ့အခါ(သို့) စိတ်ဖိစီးတဲ့အခါ corticotrophin releasing hormone ခေါ်တဲ့ ဟော်မုန်းတမျိုးကို ဟိုက်ပိုသာလမတ်က ထုတ်ပေးတယ်။ထွက်လာတဲ့ဟော်မုန်းက  ပစ်ကျူထရီဂလင်း(pituitary gland)ကို သွားရောက်လှုံ့ဆော်ပေးတယ်။ ဒီလှုံ့ဆော်မှုကြောင့် ပစ်ကျူထရီမှ adrenocorticotrophic hormone ကို ထုတ်လုပ်ပေးလိုက်တယ်။ 
အဆိုပါဟော်မုန်းဟာ သွေးကြောထဲ ရောက်ရှိပြီး ကျောက်ကပ်ရဲ့အထက်နား ကပ်လျက်တည်ရှိတဲ့adrenal gland ကို သွားရောက် လှုံ့ဆော်ပြန်တယ်။ နောက်ဆုံး adrenal gland ရဲ့ zona fasiculata မှ စတီးရွိုက်ဟော်မုန်းတွေကို ထုတ်လုပ်တော့တယ်။ 
အလားတူ စတီးရွိုက်ဟော်မုန်းတွေကို ပြင်ပဓာတ်ခွဲခန်းမှ ထုတ်လုပ်ခဲ့ကြပါတယ်။
steroid ဟော်မုန်း ချို့တဲ့တဲ့ ရောဂါတွေ ကုသဖို့ ရည်ရွယ်တယ်။

 Steroidဆေးများတွေမှာ ကောင်းကျိုးရှိသကဲ့သို့ မလိုအပ်ပဲအချိန်အတန်ကြာသုံးစွဲမိရင် ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ မလွဲဘူး။ခံစားရတဲ့ ရောဂါလက္ခဏာတွေကို ဆေးပညာမှာ တိတိကျကျမှတ်တမ်းတင်ထားတယ်။
ဒီလို လက္ခဏာတွေကို Cushing's syndrome လို့ ဆေးပညာမှာ ခေါ်ပါတယ်။ ၁၉၃၂ခုနှစ်မှာ  Harvey Cushing ဆိုသူက စတင် သတိထား ဖော်ပြခဲ့လို့ Cushing's syndromeလို့ ခေါ်ဝေါ်ခဲ့ကြတယ်။ 

Cushing syndrome ကူးရှင်းလက္ခဏာစုဆိုတာ
-မျက်နှာတပြင်လုံး တင်းကျပ်ပြီး ဖောရောင်နေမယ်၊
-ပခုံးမှာအဆီတွေစုပြီး ခုံးမောက်နေမယ်၊
-ရင်ဘတ်၊ဝမ်းဗိုက် စတဲ့အပေါ်ပိုင်းမှာ အဆီတွေနဲ့ စုနေမယ်၊
-အရိုး၊ကြွက်သား အားနည်းတာ၊ ပျော့တာ ရှိတတ်တယ်။
-အသားအရေ ရင့်တာ၊ဖျော့တာ အမျိုးမျိုး ဖြစ်နိုင်တယ်။
-ခုခံအားစနစ် အားနည်းတတ်တယ်၊
-ဝမ်းဗိုက်၊ပေါင်၊တင်၊ ရင်သားတွေမှာ အကြောပြတ်တဲ့ လက္ခဏာတွေ တွေ့ရမယ်၊
-အမွှေးအမျှင်ပိုမိုထူထပ်တတ်ပြီး အမျိုးသမီးတွေမှာ ပိုမိုသိသာတယ်၊
-ရာသီသွေးထိန်တာ၊ ပုံမမှန်တာမျိုးတွေ ဖြစ်လာတတ်တယ်၊
-လိင်စိတ်ကျဆင်းတာ၊စိတ်မပါတာအပြင် မြုံတာမျိုးတွေထိဖြစ်လာတတ်တယ်၊
-နှလုံး၊သွေးတိုး၊ဆီးချိုရှိသူတွေ ပိုဆိုးလာတတ်လို့ အထူးဂရုစိုက်ရမယ်။
တခါတရံ အီစတိုဂျင်(estrogen)ပါတဲ့ ဟော်မုန်းဆေးတွေကြောင့်လည်း Cushing နဲ့ ဆင်တူရိုးမား လက္ခဏာတွေ ပေါ်ပေါက်တတ်သေးတယ်။ဒီလိုမျိုးကျ  pseudo-Cushing's syndrome လို့ နာမည်ပေးလိုက်တယ်။
      
ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ
-Cushing's syndrome ဆိုတာ လက္ခဏာရပ်တခုသာဖြစ်ပါတယ်။
- steroid ဆေးတွေသောက်ခြင်းဟာ Cushing's syndrome ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေအနက် တခုသာဖြစ်ပါတယ်။
 -ကိုယ်ဝန်တားဆေး depoထိုးခြင်းကြောင့်လည်း Cushing's syndrome ဖြစ်စေနိုင်ပါတယ်။
-ဟော်မုန်းတွေထုတ်လုပ်ပေးတဲ့ ဂလင်း(ဟိုက်ပိုသားလမတ်၊ ပစ်ကျူထရီ၊အက်ဒရီနယ်ဂလင်း)တွေမှာ အဖုအကြိတ်ကြောင့်လည်း ဒီလက္ခဏာတွေ ရနိုင်တယ်။  -ဦးနှောက်အောက်ခြေက ပစ်ကျူထရီဂလင်းမှာ adenoma ကင်ဆာမဟုတ်တဲ့ အလုံးအကြိတ်ကြောင့်လည်း ဒီလက္ခဏာတွေ ခံစားရနိုင်တယ်။ဖြစ်တာရဲ့ ၇၀ရာခုင်နှုန်းလောက်ရှိမယ်။ အဲဒီအခါ Cushing's disease ဆိုပြီး ရောဂါအမည်တပ်လိုက်ကြတယ်။

လုပ်ဆောင်သင့်တာတွေ-      
Steroid ဆေးတွေသောက်ပြီး cushing လက္ခဏာစုတွေ ပေါ်ပေါက်လာရင်  ဆရာဝန်နဲ့တိုင်ပင်ဖို့၊သတိထားဖို့ လိုအပ်လာတယ်။ဆေးကို ဆရာဝန်နဲ့တိုင်ပင်ပြီး လျှော့ချရပါမယ်။ရေရှည်သောက်သုံးသူတွေမှာ ရုတ်တရက်ဖြတ်လိုက်မိရင် အက်ဒရီနယ်ဂလင်းက ဟော်မုန်းလိုအပ်သလောက် မထုတ်နိုင်တော့ပဲ ဒုက္ခရောက်တတ်ပြန်တယ်။တခါတရံ တခြားလက္ခဏာရပ်တွေနဲ့လည်း တွဲနေတတ်တယ်။
ဟော်မုန်းဂလင်းမှာ အလုံးအကြိတ်ကြောင့် ဖြစ်ပေါ်လာရင် ခွဲစိတ်ကုသပြီး ပျောက်ကင်းသွားတတ်တယ်။
 ဖြစ်တဲ့ဂလင်းအမျိုးအစားပေါ် မူတည်ပြီး ခွဲစိတ်ကုသမှုတွေ မတူကြဘူး။
တခါတရံ ဂလင်းကို လုံးဝဖြတ်ထုတ်ပစ်ရတာမျိုး ရှိတတ်တယ်။
ဓာတ်ရောင်ခြည်ပေး ကုရတာမျိုးလည်း ရှိတတ်တယ်။
လိုအပ်ရင် စတီးရွိုက်ဆေးကို ပြင်ပက ပြန်ဖြည့်ပေးရတယ်။အချို့သောလက္ခဏာစုတွေဟာ သောက်ဆေးလောက်နဲ့လည်း သက်သာတတ်တယ်။ကိုယ်ဝန်ဆောင်တွေပေးတဲ့အခါ ပိုမိုသတိထားဖို့လိုအပ်လာပါတယ်။

အရေးကြီးဆုံးလိုက်နာသင့်တဲ့အချက်က ဒီလိုလက္ခဏာတွေပေါ်ပေါက်လာရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသပါ။ခိုင်းတဲ့အတိုင်းအတိအကျ လိုက်နာပါ။ လိုအပ်ရင်၊အရေးကြီးရင် ဖြတ်ခိုင်းပါမယ်။နောက်ပိုင်းမှာ သက်သာပါလိမ့်မယ်။ စတီးရွိုက်ဆေးတွေကို သတိတရားလေးလက်ကိုင်ထား သုံးစွဲကြဖို့ အကြံပြုပါရစေ။

ဒေါက်တာ အေးမင်းထူး
Health Care Journal(1.6.12)

No comments:

Post a Comment