Sunday, December 13, 2015

သွေးလွန်တုပ်ကွေး ကာကွယ်ဆေး ပေါ်လာပြီ

သွေးလွန်တုပ်ကွေး ဟာ ကမ္ဘာမှာ အဖြစ်များတဲ့ရောဂါတခုဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတမျိုးကြောင့် ဖြစ်ပြီး  ခြင်ကတဆင့်ကူးစက်တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လက်ရှိချိန်ထိ သေနှုန်းမြင့်မားနေဆဲဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးကို စမ်းသပ်ခဲ့တဲ့ အချိန်ကာလအတော်ကြာခဲ့ပါပြီ။ သိပ်မကြာခင်(၂၀၁၅ ဒီဇင်ဘာ)လထဲမှာ Sanofi Pasteurက  သွေးလွန်တုပ်ကွေးကာကွယ်ဆေးကို Dengvaxia (CYD-TDV) နာမည်နဲ့ မက္ကဆီကိုမှာ စတင်မှတ်ပုံတင်ခဲ့ပါတယ်။ ပြင်သစ်ဆေးကုမ္ပဏီကထုတ်တဲ့ အဆိုပါဆေးဟာ live recombinant tetravalent dengue vaccine အမျိုးအစားဖြစ်ပြီး ဗိုင်းရပ်အမျိုးအစား(၄)မျိုးကို ကာကွယ်ပေးမှာ
 ဖြစ်ပါတယ်။ အသက် ၉-၄၅နှစ်အတွင်း ရောဂါအဖြစ်များတဲ့ဒေသတွေမှာ ထိုးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဆေးကို တနှစ်အတွင်း သုံးကြိမ်ထိုးရမှာဖြစ်ပြီး ပထမကြိမ်ထိုးပြီး ၆လအကြာ၊ နောက်၁၂လအကြာ(၀-၆-၁၂)မှာ ထိုးရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေထုတ်တဲ့အခါ အဆင့်သတ်မှတ်ချက်တွေ ရှိတယ်။ အဆင့်သုံးရောက်နေပြီဖြစ်လို့ကမ္ဘာ့ကျန်းမားရေးအဖွဲ့က ကာကွယ်ဆေးရဲ့ အာနိသင်၊စိတ်ချရမှု၊ ရောဂါကာကွယ်နိုင်စွမ်း၊ ဈေးနှုန်းစတာတွေကို ပြန်လည်သုံးသပ်နေပြီဖြစ်ပြီး ၂၀၁၆ ဧပြီလ အစည်းအဝေးမှာ အပြီးသတ် ဆုံးဖြတ်ချက်ချမဲ့သဘော ဖြစ်ပါတယ်။ ဒါတင်မက တခြားကာကွယ်ဆေး (၅)မျိုးကိုလည်း ဆက်လက်စမ်းသပ်နေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် မကြာခင် ဈေးကွက်ထဲမှာ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးတွေ ထိုးနိုင်တော့မှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၁၃.၁၂.၁၅

No comments:

Post a Comment