Monday, May 20, 2013

အအေးမိတုပ်ကွေး ကင်းဝေးအောင်

အခုတလောမန္တလေးမှာ  အရမ်းအေးလာတယ်။ အေးတာမှ စိမ့်ပြီးတော့ကိုအေးတာ။ထုံးစံအတိုင်း အေးပြီဆိုတာနဲ့ တရာခံရှာစရာမလိုဘူး။ အအေးလှိုင်းဖြတ်တာဘဲ။ လူတွေကလည်း တစ်ခုခုမဖြစ်လိုက်နဲ့၊ ဖြစ်ပြီဆိုတာနဲ့ တရာခံကအသင့်ရှိပြီးသား ။ မအေးလိုက်နဲ့ အေးပြီဆိုတာနဲ့ အအေးလှိုင်းဖြတ်ပြီဆိုတာကအရင်။အဲ့ဒီလိုအေးပြီဆိုရင် ကျွန်တော်တို့ဆရာဝန်အများစုက သိပ်ကြိုက်တာကလား။ ရာသီဥတုကိုကြိုက်တာ မဟုတ်ဘူး။ ရာသီဥတုအပြောင်းအလဲဆိုရင် ဖြစ်တတ်တဲ့ ရောဂါတွေကိုကြိုက်တာ။ တုပ်ကွေးတို့၊ အီကြာကွေးတို့ပေါ့။ အဲ့ဒီလိုဆို လူနာတွေကလည်း ပေါတာကိုး။

                           
လူတွေအလွယ်ခေါ်နေတဲ့ အအေးမိတုပ်ကွေးဆိုတာ virus ကြောင့်ဖြစ်တာပါ။ အအေးမိတုပ်ကွေးဆိုပေမယ့် အအေးမိတာက သပ်သပ်။ တုပ်ကွေးက သပ်သပ်ပါ။ အအေးမိတာကို english လို common cold  လို့ခေါ်ကြပြီး တုပ်ကွေးကိုကျတော့ Flu လို့အလွယ်တကူခေါ်ကြတယ်။ နှစ်ခုလုံးကို ဘာလို့ပေါင်းခေါ်ကြသလဲ ဆိုတော့ နှစ်မျိုးလုံးက virus ကြောင့်ဖြစ်ပြီး ရောဂါလက္ခဏာကလည်း ဆင်တူရိုးမှားမို့လို့ပါဘဲ။  အအေးမိဖြစ်စေတဲ့ ရောဂါပိုးတွေ (၁၀၀) ကျော်ရှိတဲ့အနက် rhinovirus ပိုးကြောင့်ဖြစ်တာ အများဆုံးပါပဲ။ တုပ်ကွေးက influenza virus ပိုးကြောင့်ဖြစ်ပြီး A၊B နဲ့ C ဆိုပြီး သုံးမျိုးခွဲခြားထားပါတယ်။ Aကြောင့် ဖြစ်ရင် epidemic လူအများကြီးဖြစ်ပွားတတ်ပြီး B ကြောင့်ဖြစ်ရင် local လောက်ပဲ အဖြစ်များတယ်။ C ကြောင့် ဖြစ်တာတော့ နည်းပါတယ်။ A ကလူတွေမှာ ကူးစက်ပြီး       နို့တိုက်သတ္တဝါတွေ မှာလည်းဖြစ်တတ်ပါတယ်။ 

အမျိုးအစားအားဖြင့် Haemagglutinin နဲ့ neuraminidase ဆိုပြီးခွဲခြားထားပါတယ်။လူတုပ်ကွေးဆိုရင် Influenza A(H1N1) ကအဖြစ်များပါတယ်။ အရင်တုန်းက နာမည်ကြီးခဲ့တဲ့  ကြက်ငှက်တုပ်ကွေးဆိုတာ Influenza A(H5N1) ပါ။ ကြက်ငှက်တွေမှာ ကူးတတ်တဲ့ virus ကနေ လူအချင်းချင်းကူးမှာကို ပညာရှင်များကစိုးရိမ်ကြပါတယ်။ virus ဆိုတာ ဗီဇအပြောင်းအလဲ အရမ်းမြန်ပါတယ်။ လူ့ခန္ဓာကိုယ်က ထူးဆန်းလှပါတယ်။ ကျွန်တော်တို့ရှူသွင်းလိုက်တဲ့ လေထဲမှာကိုက ပိုးမွှားပေါင်း သောင်းခြောက်ထောင် ပါနေပါတယ်။ အဲ့ဒီလိုဝင်လာပြီဆိုရင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က တိုက်ခိုက်ပါတယ်။ ဒါပေမယ့် ကံဆိုးတာတစ်ခုက အေးတဲ့ရာသီဆိုရင် လူတွေရဲ့ ခုခံအားစနစ်က ကျဆင်းသွားတတ်တယ်။ ခုခံအားကျဆင်းရင် ရောဂါပိုးဝင်ဖို့ဆိုတာ တော်တော်လွယ်ပါတယ်။ ရှူသွင်းလိုက်တဲ့ လေထဲက ပိုးမွှားတွေဟာ နှာခေါင်းထဲရောက်ပြီဆိုရင် အထဲမှာရှိတဲ့ အမွှေးအမျှင်တွေက ရောဂါပိုးအများစုကို စစ်ထုတ်ပေးတယ်။ အထဲဝင်လာတဲ့ တချို့တဝက်ကလည်း အဆုတ်ထဲရောက်ဖို့ အတားအဆီးတော်တော်များများ ဖြတ်သန်းပြီးမှ ရောက်တာ။ ရောက်ပြန်တော့လည်း ခန္ဓာကိုယ်ခုခံအားစနစ်အောက်မှာ ကျဆုံးသွားတော့ တော်ရုံပိုးမွှားလောက်တော့ ကျွန်တော်တို့ခန္ဓာကိုယ်က မကြောက်ရေးချ မကြောက်။ ဒါပေမယ့် ခုနကလို ခုခံအားစနစ်ဆိုတဲ့ နောက်ဆုံးခံတပ် အားနည်းနေမယ်ဆိုရင် ရောဂါပိုးဝင်ဖို့က သိပ်မခက်တော့ဘူး။ အဲ့ဒီမှာ Flu ကိုက်တယ်။ ကိုက်တယ်။ တုပ်ကွေးဖြစ်တယ်ဆိုပြီးပြောကြတာဘဲ။ Virus ဆိုတာ ဝင်ရောက်လာတဲ့လေထဲမှာ အများဆုံးဆိုတော့ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်ရင် သူ့ကို အရင်ထည့်စဉ်းစားရပါတယ်။ ရာသီဥတုအပြောင်းအလဲဆိုရင်လည်း သူမပါရင်မပြီးဘူး။ 

အဲ့ဒီတော့အအေးမိတုပ်ကွေးမှာ ဘာရောဂါလက္ခဏာတွေပြမလဲ။
တုပ်ကွေးဖြစ်ရင် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေတွေ၊လက်တွေ မသယ်ချင်လောက်အောင်နှုံးချိခြင်း၊ အစားအသောက်ပျက်ခြင်း၊ နှာရည်ယို၊ နှာပိတ်ခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းတို့ ဖြစ်တတ်ပါတယ်။ အအေးမိတာနဲ့ တုပ်ကွေးမှာကွာခြားချက်အနည်းငယ်ရှိပေမယ့် ရောဂါကုသမှုအပိုင်း (Treatment) ပိုင်းမှာ သိပ်မကွာခြားလို့ focus လုပ်ရမယ့်အချက်အလက်တွေကို မပြောတော့ပါဘူး။ လက္ခဏာရပ်တွေကို အတူတူလို့သာ မှတ်သားထားစေချင်ပါတယ်။

 ရောဂါကုသမှုအပိုင်းမှာလည်း virus ဝင်တာကြောင့်ဆိုပြီး Antiviral  ဗိုင်းရပ်စ်သတ်ဆေးတွေကို သိပ်ပေးလေ့မရှိဘူး။  ခုခံအားတတ်ရုံ၊ ထောက်ပံ့ရုံ (supportive) လောက်ပဲ ပေးကြတာများပါတယ်။ အဲဒီအခါမလဲ အဖျားကုသရုံ၊ အကိုက်အခဲသက်သာရုံ  Paracetamol လိုဆေးတွေ၊secondary  bacteria infection လို့ခေါ်တဲ့ ထပ်ဆင့်ပိုးဝင်ခြင်း မဖြစ်ရအောင် ပဋိဇီဝဆေး (e.g,Amoxicillin) တို့ကိုကြိုတင်ပေးတတ်ကြပါတယ်။ဆေးတစ်ခုပေးတော့မယ်ဆိုရင်လည်း သူ့ရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးကို တွက်ချက်ပြီး မှပေးရတာပါ။ လက်လွှတ်စပယ်ပေးလို့မရပါဘူး။ ချောင်းဆိုးတဲ့အခါ အိမ်မှာပဲ ကုသမယ်ဆိုရင် ပျားရည်နဲ့ ရှောက်ရည်ရောပြီး ရေနွေးနဲ့တိုက်တာလည်း သက်သာစေပါတယ်။ တစ်ခါတစ်ရံဆေးဆိုင်တွေ မှာလည်း အလွယ်တကူရနိုင်တဲ့ Dextromethophan ပါတဲ့ဆေးများကိုလည်း အသုံးပြုနိုင်ပါတယ်။ လေးလေးနက်နက် တစ်ခုသတိပေးချင်တာက အအေးမိတုပ်ကွေးဖြစ်ချင်လို့ ဆိုပြီး ကွမ်းယာဆိုင်၊ ဆေးဆိုင်တွေက အထုပ်လေးတွေနဲ့ရောင်းတဲ့ စပ်ဆေးတွေကို လုံးဝလုံးဝ မသောက်ရပါဘူး။ ဒီအချက်ကိုအထူးအလေးအနက်ထားပြီး တိုက်တွန်းချင်ပါတယ်။ အဲ့ဒီဆေးတွေထဲမှာ အစာအိမ်၊ ကျောက်ကပ်၊ အသည်းကိုအင်မတန်ထိခိုက်စေနိုင်တဲ့ ဆေးတွေတစ်ခုမက အများကြီးပါပါတယ်။ တုပ်ကွေးအအေးမိပျောက်ဖို့အတွက် အဲ့ဒီလောက်ဆေးတွေမလိုအပ်သလို အဲ့ဒီလိုလုပ်လို့လည်းမပျောက်ကင်းနိုင်ပါဘူး။ ပျောက်ချိန်တန်ရင်သူ့ဘာသာသူဘဲပျောက်သွာမှာပါ။  ချောင်းဆိုးတာနဲ့ပတ်သက်ပြီး အထူးကုဆရာဝန်ကြီးတစ်ယောက်ပြောသွာတာကို သဘောကျမိပါတယ်။ သူကဘာပြောလည်းဆိုရင် “ ကျွန်တော့်ဆီကို အထူးကုဆရာဝန်ဆိုပြီး ချောင်းဆိုးကာစလူနာတွေ လာမှာအရမ်းကြောက်တာ။ ဘာဖြစ်လို့လဲဆိုတော့ ချောင်းဆိုတယ်ဆိုတာ အမှုန်ဝင်ရင်ဖြစ်တတ်တာ။ လည်ချောင်းထဲကို အမှုန်ဖြစ်ဖြစ်၊ ပိုးမွှားဖြစ်ဖြစ်ဝင်သွားရင် သူ့သဘာဝကို၌က ချောင်းဆိုးပြီးထုတ်တာ။ အဲ့ဒါကိုမဆိုးပါနဲ့လို့ပြောတာ နည်းလမ်းမကျဘူး။ လုပ်ဖို့လည်းမလွယ်ဘူး။ ဒါကြောင့် တခြားဆရာဝန်များဆီကုပြီး ၁ပတ်၊ ၁၀ရက်နေမှလာတဲ့လူနာမျိုးဆို သိပ်သဘောကျတာ။ အဲဒီလူနာမျိုးက သူ့ဘာသာ ပျောက်ချိန်တန်နေပြီ။ အဲဒါကိုယ့်ဆီလာမှ ပျောက်တယ်ဆိုပြီး ဂုဏ်ယူလို့ ရတာပေါ့” တဲ့။

လူတစ်ယောက်ဟာ တစ်နှစ်မှာ တုပ်ကွေး ၂ ကြိမ် မှ ၄ ကြိမ်အထိဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာကလည်း သိပ်မဆိုးဘူးဆိုရင် တစ်ပတ်ဆယ်ရက်ဆိုရင် သူ့ဘာသာပျောက်သွားတတ်ပါတယ်။ 

အအေးမိတုပ်ကွေးရောဂါတွေကို ကာကွယ်ဖို့ ကာကွယ်ဆေးတွေ ပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။နှစ်အလိုက် ဖြစ်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးအမျိုးအစားတွေကို ခန့်မှန်းပြီး ကာကွယ်ဖို့ ထုတ်လုပ်ကြရတယ်။outbreak ဖြစ်နိုင်တဲ့၊အဖြစ်များတဲ့ တုပ်ကွေးရောဂါအမျိုးအစား ၃မျိုးလောက်ကို ကာကွယ်ပေးနိုင်တယ်။ တခါတရံ outbreak ဖြစ်တာနဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားတာနဲ့ လွဲသွားတတ်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးမှာ ထိုးဆေး၊ နှာဖြန်းဆေး စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ တုပ်ကွေးကာကွယ်ဆေးကို အသက် ၆လ အထက် အရွယ်က စပြီး ထိုးပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့် ၁နှစ် ၁ကြိမ် ပုံမှန်ထိုးဖို့ လိုအပ်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးမှာ ကလေးကာကွယ်ဆေး နဲ့ လူကြီးကာကွယ်ဆေး ဆိုပြီး နှစ်မျိုးထိုးရတာ မတူဘူး။ ကလေးကာကွယ်ဆေးက ၆လ-၃နှစ် အရွယ်တွေမှာ ထိုးပေးရတယ်။ ၃နှစ် အထက်တွေကို လူကြီးကာကွယ်ဆေး ထိုးပေးနိုင်တယ်။ အသက် ၉နှစ်အောက် အရွယ်တွေမှာ ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးတဲ့အခါ တစ်နှစ်အတွင်း ၂ကြိမ်ထိုးပေးဖို့ လိုအပ်တယ်။ တစ်ခါနဲ့ တစ်ခါ ၁လ ခြားပြီး ထိုးပေးရမယ်။ နောက်နှစ်တွေမှာ ပုံမှန်အတိုင်း ၁နှစ် ၁ကြိမ် ကာကွယ်ဆေး ထိုးပေးရုံနဲ့ လုံလောက်ပါတယ်။ သတိထားသင့်တာက တုပ်ကွေးဖြစ်မှာကို လုံးဝကာကွယ်ပေးတာမဟုတ်သေးဘူး။ အဖြစ်များတဲ့ အမျိုးအစားတွေကိုသာ ကာကွယ်ပေးနိုင်သလို ရောဂါမပြင်းထန်အောင် တားဆီးပေးနိုင်တယ်။တုပ်ကွေးကာကွယ်ဆေးကို အဖျားဝင်တဲ့လူနာတွေမှာ  မထိုးသင့်သေးဘူး။ အဖျားပျောက်မှ ကာကွယ်ဆေးထိုးပေးရမယ်။ ကိုယ်ဝန်ဆောင်တွေမှာ လိုအပ်ရင် ဆရာဝန်ခွင့်ပြုချက်နဲ့ ထိုးပေးနိုင်တယ်။ တုပ်ကွေးကာကွယ်ဆေးတမျိုးဖြစ်တဲ့ နှာဖြန်းဆေးကို ကိုယ်ဝန်ဆောင်တွေမှာ မသုံးစွဲသင့်ဘူး။ live attenuated vaccineပိုးပါဝင်တဲ့ ကာကွယ်ဆေး ဖြစ်လို့ပါ။အသက် ၂နှစ်မှ ၅၀နှစ် အတွင်း အရွယ်တွေ အသုံးပြုနိုင်တယ်။ကာကွယ်ဆေးထိုးပြီး ၁ရက်-၂ရက်အတွင်း ဖျားတာ၊အဆစ်အမြစ် ကိုက်ခဲတာ၊နုံးချိတာ ဖြစ်နိုင်တယ်။ ကာကွယ်ဆေးကို တုပ်ကွေးမကြာခဏဖြစ်တတ်သူတွေ(တနှစ် အနည်းဆုံး ၆ကြိမ်အထက် ဖြစ်တတ်သူတွေ) ထိုးထားသင့်တယ်။ နှစ်စဉ်ပုံမှန် ထိုးထားပေးခြင်းဖြင့် တုပ်ကွေးရောဂါကို အများအားဖြင့် ကာကွယ်နိုင်ပါလိမ့်မယ်။ စာဖတ်သူအားလုံး တုပ်ကွေးရန်ဘေးမှ ကင်းဝေးနိုင်ကြပါစေဗျာ။

 ဒေါက်တာ အေးမင်းထူး
Health Care Journal(16.2.12)


No comments:

Post a Comment