Monday, May 26, 2014

သွားကြိတ်လို့ စိတ်ညစ်နေလား

ဆေးခန်းလာတဲ့အခါ ကလေးမိဘတွေက မေးကြပါတယ်။ ကလေးငယ်တွေ သွားကြိတ်တာ ဘယ်လိုရောဂါမျိုးလဲ။ ဘယ်လိုလုပ်ရမလဲ၊စိုးရိမ်ရလား၊ကုသဖို့ လိုလားဆိုတဲ့မေးခွန်းမျိုးပါ။ ဒီလိုမေးခွန်းမျိုးကို ဖြေဖို့ ဆရာဝန်တွေဖက်က သီအိုရီအမျိုးမျိုးနဲ့ ရှင်းပြကြတယ်။ 

စိတ်ရှုပ်စရာ ပြဿနာ
ကလေးတွေမှာ ဖြစ်လေ့ရှိတဲ့ သွားကြိတ်ခြင်းဟာ ရောဂါတခုမဟုတ်ပါဘူး။ မိဘတွေအတွက် စိတ်ရှုပ်စရာ ပြဿနာတရပ်အဖြစ် သတ်မှတ်ရင်တော့ ရပါတယ်။ICSD-Rရဲ့ဖော်ပြချက်အရ သာမန်တစ်နှစ်အောက်ကလေးတွေရဲ့ ထက်ဝက်ကျော်ဟာ ပုံမှန်အားဖြင့်ကို သွားကြိတ်တတ်ကြပါသတဲ့။ စိုးရိမ်နေတဲ့ ကလေးမိဘတွေအတွက် ဝမ်းသာစရာအချက်ပါ။ အသက်၆လအရွယ်ကစပြီး မြီးကောင်ပေါက်အရွယ်တွေထိ အဖြစ်များကြတယ်။ အသက်၃၀အောက် အရွယ်မှာ ၁၃ရာခိုင်နှုန်းသာ တွေ့ရတယ်။ ဒါ့ကြောင့် အသက်ကြီးလေ ဖြစ်ဖို့အခွင့်အလန်း ပိုနည်းလေဖြစ်ပါတယ်။ 

လူတွေ ဘာကြောင့်သွားကြိတ်ကြလဲ
အမှန်ကိုဝန်ခံရရင် ဆေးပညာရှင်တွေလဲ ရေရေရာရာ နားမလည်ကြသေးဘူး။ ယူဆချက်တွေလည်း အမျိုးမျိုးရှိပါတယ်။ သွားကြိတ်ခြင်းဟာ ကလေးတွေသာမက လူကြီးတွေမှာလည်း တွေ့ရတယ်။ ကျား၊မ မရွေးဖြစ်နိုင်တယ်။ နေ့ည အချိန်မရွေးဖြစ်နိုင်တယ်။ ကလေးငယ်အများစုဟာ အိပ်နေစဉ် သွားကြိတ်တတ်ကြတယ်။ လေ့လာမှုတွေအရ ၁၅ရာခိုင်နှုန်းမှ ၃၀ရာခိုင်နှုန်းသောကလေးတွေဟာ ငယ်သွားစပေါက်တဲ့အချိန်မှာတခါ၊ကြီးသွားပေါက်တဲ့အချိန်မှာတခါ စုစုပေါင်းနှစ်ခါလောက် သွားကြိတ်တတ်ကြပါသတဲ့။ ဒီအလေ့အကျင့်ဟာ သွားပေါက်ပြီး နောက်ပိုင်းမှာ ပျောက်သွားမှာဖြစ်လို့ စိုးရိမ်ဖို့မလိုအပ်ပါဘူး။ တခါတရံ စိတ်ဖိစီးမှု၊အလိုမကျမှုတခုခုကို သိစိတ်မဲ့ တုံ့ပြန်မှုမျိုးကြောင့် ဖြစ်နိုင်တယ်။ ကလေးငယ်တွေမှာ ဒီလိုပုံစံမျိုး အဖြစ်များတယ်။ နောက်သီအိုရီတခုက သွားပေါက်ပုံမညီညာတာကြောင့် ပေါက်လာမယ့်သွားတွေကို ကြိုတင်ညှိယူတာလည်း ဖြစ်နိုင်ပါတယ်။ နားကိုက်တာကလည်း ကလေးတွေကို သွားကြိတ်စေသေးတယ်။ မိဘ၊မျိုးရိုးရှိလို့လည်း သွားကြိတ်နိုင်တယ်။ ဗီဇပါလာလို့ဖြစ်နိုင်တယ်။ မျိုးရိုးဆိုတာနဲ့ မိဘလုပ်သူက ပြောပါတယ်။ ကျွန်တော်ကျွန်မတို့မှာ မျိုးရိုးမရှိပါဘူးတဲ့။ လက်တွေ့မှာ မျိုးရိုးဆိုတာ ပြောရခက်ပါတယ်။ ဗီဇဆိုတာပါလာရင် ဖျောက်ရခက်တယ်။ မျိုးဆက်တခုခု ဒါမှမဟုတ် ညီအစ်ကိုမောင်နှမ တယောက်ယောက်မှာ ရှိနေနိုင်တယ်။ ဒီမျိုးဆက်မှာမရှိပေမယ့် နောက်မျိုးဆက်တခုမှာ ပေါ်နိုင်တယ်။ နောက်ဖြစ်နိုင်ချေတခုက အာဟာရမပြည့်ဝတာပါ။ ဥပမာ ဗီတာမင်ဒီချို့တဲ့တာ၊သန်ထိုးတာ(pinworm)တွေကိုလည်း မေ့မထားသင့်ဘူး။ မွေးကတည်းက လုပ်တတ်တဲ့ အလေ့အကျင့် တခုကြောင့်လည်း ဖြစ်နိုင်တယ်။ စိတ်ရှုပ်တဲ့အခါ ခဲတံ၊ဘောပင်ကိုက်တတ်တာမျိုးပေါ့။ ဒီလို အလေ့အကျင့်ရှိရင် ပြုပြင်ကုသရပါတယ်။ 

ယဉ်ကျေးမှုနယ်ပယ်အရ သွားကြိတ်တာ၊အံကြိတ်တာကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြပါတယ်။ အရင်ခေတ်တွေက အိပ်နေစဉ် သွားကြိတ်တတ်သူကို ဒေါသကြီးသူအဖြစ် သမုတ်ခဲ့ကြတယ်။ အံကြိတ်ခြင်းဟာ ဒေါသကို ကိုယ်စားပြုတယ်။ နာကျည်းချက်တွေကို တနည်းဖော်ထုတ်တာလည်း ဖြစ်နိုင်တယ်။ နာကျင်မှုကို အံကြိတ်ခံပြီး လမ်းလွှဲတာမျိုးလည်း ရှိတတ်ကြတယ်။ ဒီဖက်ခေတ်ရောက်တော့ စိတ်ကြွဆေး၊ယာဘရာမ အမြဲသုံးစွဲသူတွေဟာ သွားကြိတ်တတ်တာ တွေ့ရတယ်။ တခါတရံ စိတ်မကျဆေးအချို့ရဲ့ ဘေးထွက်ဆိုးကျိုး ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အိမ်မက်ဆိုးမက်နေသူလည်း သွားကြိတ်တတ်သေးသတဲ့။ 

သိစိတ်မဲ့သွားကြိတ်ခြင်း
သိစိတ်မဲ့သွားကြိတ်ခြင်းကို Bruxismလို့ ခေါ်ပါတယ်။ အိပ်နေစဉ်ဖြစ်ရင် sleep bruxism၊နေ့ခင်းဖက် နိုးကြားနေတဲ့အချိန်မှာဖြစ်ရင် awake bruxismလို့ ခေါ်ပါတယ်။ sleep bruxismဆိုတာ ကလေးငယ်တွေမှာ အတွေ့များတယ်။ ယောကျာင်္း၊မိန်းမ ဆတူဖြစ်တယ်။ ညအိပ်ချိန်မှာ သွားကြိတ်တတ်ခြင်းကြောင့် အတူအိပ်သူကို စိတ်အနှောက်အယှက်ပေးရာကျတယ်။ ရောဂါကြောင့်လားဆိုတဲ့ စိုးရိမ်စိတ်ကို ဖြစ်စေတယ်။ awake bruxismဆိုတာကျတော့ အမျိုးသမီးတွေမှာ အဖြစ်များတယ်။ အသက်အရွယ် မရွေးဖြစ်နိုင်တယ်။

သာမန်အားဖြင့် လူတယောက်ဟာ စားတဲ့၊သောက်တဲ့၊မျိုချတဲ့အချိန်မျိုးမှာသာ သွားချင်းထိတွေ့လေ့ရှိတယ်။ လက်တွေ့မှာ ဒီလိုထိတွေ့ချိန်ဟာ တရက်ကို မိနစ်နှစ်ဆယ်အပြင်ပိုမရှိဘူး။သွားကြိတ်တတ်သူတွေမှာ သွားချင်းထိတွေ့ချိန်(ပွတ်တိုက်မှု)ဟာ အနည်းဆုံးနာရီဝက်မှ တစ်နာရီထိရှိတာ တွေ့ရပါတယ်။ ဒီလို သွားလွှာချင်း ပွတ်တိုက်ပါများလာတဲ့အခါ သွားရဲ့အပေါ်ယံလွှာက ပွန်းပဲ့လာတယ်။ ကြာလာတဲ့အခါ ကြွေလွှာနဲ့သွားဖုံးတွေကို ပျက်ဆီးစေတယ်။ ဒါ့တင်မကသေးဘူး။ မေးရိုးကပုံမှန်ထက် ပိုလုပ်ရတာကြောင့် ညောင်းညာ၊ကိုက်ခဲလာတယ်။ သွားချင်း ဖိကြိတ်တဲ့အားက မေးရိုးကို ထောက်ပံ့ထားတဲ့ အာရုံကြောကို သက်ရောက်စေပြီး အကြားအာရုံ ပျက်ဆီးချို့ယွင်းလာနိုင်တယ်။ ခေါင်းကိုက်ရုံမကပဲ မေးကိုက်၊နားကိုက် ဖြစ်လာနိုင်တယ်။ တချို့က တနေကုန် သွားကြိတ်နေတတ်တယ်။ ဘာ့ကြောင့်မှန်း သူတို့ကိုယ်သူတို့ မသိကြဘူး။ သိတာတခုက သွားကြိမ်းတာ၊မေးရိုးနာတာ၊ခေါင်းကိုက်တာမျိုး ခံစားရပါတယ်။ 

ကုသခြင်း
သွားကြိတ်ခြင်းကို ကုသဖို့ နည်းလမ်းအသွယ်သွယ်ရှိပါတယ်။ အလွယ်ဆုံးနည်းက မအိပ်ခင် ပါးရိုး၊ပါးပြင်ပေါ်မှာရေနွေးဝတ်တင်တာ၊နှိပ်နယ်ပေးတာ ဖြစ်ပါတယ်။အပူပေးခြင်းက ကြွက်သားတွေကို ပြေလျှော့စေတယ်။သွားဆရာဝန်တွေ ဆီသွားရင် dental guardဆိုတဲ့ အကာအကွယ်မျိုး ပြုလုပ်ပေးမယ်။ တချို့က Botox ထိုးဆေး အသုံးပြုကြတယ်။ အာရုံကြောကို ယာယီအကြောသေအောင် လုပ်တာပါ။ တချို့က ကြွက်သားတွေ ပြေလျှော့စေတဲ့ဆေးမျိုးကို အသုံးပြုကြတယ်။ ဆေးအာနိသင် သက်ရောက်ပုံတွေလည်း ကွာခြားနိုင်တယ်။ စိတ်ငြိမ်ဆေး၊အတက်ပျောက်ဆေး၊နှလုံးငြိမ်ဆေး ၊ကြွက်သားပြေလျှော့ဆေး ဆိုတာတွေကို စမ်းသပ်အသုံးပြုကြတယ်။ အသုံးများတဲ့ဆေးတွေက clonazepam,levodopa ,amitriptyline ,bromocriptine ,pergolide, clonidine, propranolol နဲ့ l-tryptophanစတဲ့ ဆေးတွေဖြစ်ပါတယ်။ တချို့ဆေးတွေဟာ သွားကြိတ်ခြင်းအတွက် သိသိသာသာသက်သာစေနိုင်တယ်။ သို့သော် သေချာပေါက် ပျောက်ကင်းစေနိုင်မယ့် အထောက်အထားမျိုးလည်း မတွေ့ရသေးပါဘူး။ 

သတိပြုသင့်တာက လူနာတချို့ဟာ စိတ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် သွားကြိတ်စေတာ တွေ့ရပါတယ်။ အထူးသဖြင့် စိတ်ကျရောဂါမှာသုံးစွဲတဲ့ ဆေးအချို့ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် အဖြစ်များတယ်။ ဥပမာ စိတ်ကျရောဂါမှာသုံးတဲ့ SSRI လို ဆေးမျိုးကြောင့်ဖြစ်ရင် tricyclic(amitriptyline) လိုဆေးမျိုး ပြောင်းလဲသုံးစွဲနိုင်တယ်။ ဘေးထွက်ဆိုးကျိုး သက်သာအောင် buspironeကို ထည့်သွင်းအသုံးပြုကြတယ်။ 

သတိပြုစရာ အချက်များ
• မအိပ်ခင် အစားအသောက်အလွန်အကျွံမစားသင့်ဘူး။ 
• မေးရိုးကြွက်သား အလုပ်မများစေနဲ့။
• နေ့ခင်းဖက်တွေ သွားမကြိတ်အောင် မိမိကိုယ်ကို သတိထားကြည့်ပါ။ 
• ကဖင်းပါတဲ့အစားအစာ၊ပီကေတွေကို ရှောင်ကြဉ်သင့်တယ်။ 
• ကော်ဖီ၊ချောကလက်၊ကိုကာကိုလာ အလားတူရှောင်ကြဉ်ရပါမယ်။ 
• ကလေးသူငယ်တိုင်း ၆လတကြိမ် သန်ချသင့်တယ်။ 
• လိုအပ်ရင် Calcium,magnesium, vitamin D အားဖြည့်ဆေး သောက်ပေးနိုင်တယ်။ 
• ကြာကြာဝါးရမယ့်သွား တတ်နိုင်သမျှ သတိထားသင့်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၂၆.၅.၁၄)

No comments:

Post a Comment