Friday, January 18, 2013

နမိုးနီးယား အဖြစ်များလို့ သတိထားစို့

 အခု ဆောင်းရာသီမှာ အအေးမိ၊တုပ်ကွေး၊နှာစေး၊ချောင်းဆိုးတွေ တော်တော်များကြတယ်။ ဆေးခန်းထဲ မရောက်ခင် ချောင်းသံကြားရင်ပဲ ရောဂါတဝက် သေချာပြီလို့ပြောလို့ရမယ်ထင်တယ်။ ဖြစ်တာအများစုကြည့်လိုက်ရင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရတာများတယ်။ စစချင်း လေပြွန်ရောင်တယ်။ အဖျားသိပ်မရှိသေးဘူး။ နှာရည်ယို၊ချောင်းဆိုး ဆိုတာမျိုးတော့ ရှိတတ်ကြတယ်။ နှစ်ရက်၊သုံးရက်လောက်နေရင် ဖျားပြီး၊ချမ်းစိမ့်လာတယ်။ ချောင်းဆိုးရင် သလိပ်အပြစ်တွေ ပိုတွေ့ရတယ်။ ခပ်စိမ်းစိမ်း၊ ခပ်ဝါဝါ၊ သံချေးရောင် သလိပ်တွေ ပါလာတတ်တယ်။ တခါတရံ ရင်ဘတ်အောင့်တာမျိုးပါ ရှိလာတယ်။ အသက်ပြင်းပြင်းရှူရင် ရင်ဘတ်က အောင့်လာတယ်။ လူနာတော်တော်များများကြည့်လိုက်ရင်
ရင်ဘတ်ရဲ့ ဘယ်ဘက်ခြမ်းမှာ လက်သီးဆုပ်ပြီး နာကြောင်း ပြတတ်တယ်။ တော်တော်များများကြည့်လိုက်ရင် ဘယ်ဘက်ခြမ်းက အဖြစ်များတယ်။ ဆေးစာထဲမှာတော့ သေချာရေးထားတာ မတွေ့မိသေးပါ။ တချို့ကလည်း အသက်ရှူကျပ်တတ်ပြန်တယ်။ မောတယ်။ အထက်ပါ လက္ခဏာတွေဟာ နမိုးနီးယားအဆုပ်ရောင်ခြင်းရဲ့ လက္ခဏာရပ်တွေပါ။ အစပိုင်း ဗိုင်းရပ်စ်ဝင်ပြီး နောက်ပိုင်းမှာ နမိုးနီးယားအဆုပ်ရောင်လာတဲ့သဘောမျိုးရှိပါတယ်။ အရင်ခေတ်တွေက နမိုးနီးယားဖြစ်သူရဲ့ သုံးပုံတစ်ပုံဟာ သေဆုံးတတ်ပေမယ့် နောက်ပိုင်း ပင်နယ်စလင် ပိုးသတ်ဆေးတွေ ပေါ်လာပြီးနောက်ပိုင်းမှာ သေနှုန်းတွေ သိသိသာသာကျဆင်းခဲ့ပါတယ်။

နမိုးနီးယား အဆုတ်ရောင်ခြင်းဟာ ဘာ့ကြောင့်ဖြစ်သလဲ။
ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုး၊ ပရိုတိုဇိုးဝါး ကပ်ပါးကောင် စသဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အဖြစ်များဆုံးက ဘက်တီးရီးယားပိုးကြောင့်ပါ။ streptococcus pneumoniae ဆိုတဲ့ပိုးကြောင့်ဖြစ်တာက အများစုပါ။ haemophilus influenzae ၊chlamydia ကြောင့်လည်း အဖြစ်များကြပါတယ်။ ဗိုင်းရပ်စ်ပိုးထဲမှာ influenza၊ parainfluenza၊ adenovirus၊corona virus၊ rhino virus စတာတွေဟာ အဖြစ်များကြတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ဘက်တီးရီးယားပိုးဝင်၊ နမိုးနီးယားဖြစ်တာတွေလည်း အဖြစ်များကြတယ်။ ကျန်တဲ့ fungus မှိုပိုးနဲ့ Protozoa ကြောင့်ဖြစ်တာတွေဟာ အတွေ့ရနည်းတယ်။

ဘယ်လိုကူးစက်ကြသလဲ။
လေထဲမှာရှိတဲ့ ရောဂါပိုးအမှုန်အမွှားတွေ ရှုရှိုက်မိခြင်းမှ ကူးစက်တတ်တယ်။ ခံတွင်း (သို့) လည်ချောင်းထဲမှာရှိနေပြီးသား ပိုးမွှားတွေကို ရှုရှိုက်မိခြင်းကြောင့်လည်း ကူးစက်ပြန်တယ်။ ဒါ့ကြောင့် နမိုးနီးယားရောဂါဟာ ကူးစက်လွယ်တယ်လို့ဆိုရမယ်။ ချောင်းဆိုးသူနဲ့ အတူနေသူတွေ ဂရုစိုက်သင့်တယ်။ သာမန် အအေးမိချောင်းဆိုးတာ သူ့ဘာသာ သက်သာတတ်ပေမယ့် နမိုးနီးယားဝင်လာရင်တော့ သေချာကုသဖို့လိုမယ်။ ပိုးသတ်ဆေး၊ အဖျားကျဆေးတွေ သုံးစွဲဖို့ လိုလာတယ်။

နမိုးနီးယား အဆုတ်ရောင်ခြင်းရဲ့ လက္ခဏာရပ်တွေက ဘာတွေလဲ။
ရောဂါလက္ခဏာတွေဟာ ရုတ်တရက် (သို့) ဖြည်းဖြည်းချင်း ဖြစ်ပွားတတ်ပါတယ်။
-ချောင်းဆိုး၊ သလိပ်ထွက်တာမျိုး အဖြစ်များတယ်။
-သလိပ်က အဝါ၊အစိမ်း၊ အညိုပါလာတတ်တယ်။
-လူနည်းစုမှာ ချောင်းဆိုး၊သွေးပါတာမျိုး ရှိတတ်တယ်။
- နှာရည်ယို၊နှာပိတ် ရှိနိုင်တယ်။
-ချောင်းဆိုးတဲ့အခါ ရင်ဘတ်ပါအောင့်လာတယ်။
-မောလာတယ်။
-အဖျားကြီးပြီး ချမ်းတုန်လာတယ်။
-ချွေးတွေ အဆမတန်ထွက်လာတယ်။
-ပျို့ချင်၊အန်ချင်စိတ်များလာတယ်။
-အားယုတ်ပြီး မလှုပ်ချင် ၊မရှားချင်ပမ်းလာတယ်။
-နှလုံးခုန်မြန်လာတယ်။
-ကလေးဆိုရင်အသက်ရှူတိုင်း ရင်ဘတ်ချိုင့်ဝင်တတ်တယ်။
-အသက်ရှုမြန်ပြီး အသက်ရှုတာ မဝဖြစ်လာမယ်။
တကိုယ်လုံးပြာနှမ်းလာတယ်၊ သွေးပေါင်ချိန်ပါကျလာရင်တော့ ဆေးရုံတက်ဖို့ လိုလာပါတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ၊ အသက် ငါးနှစ်အောက် ကလေးငယ်တွေ အထူးဂရုစိုက်ဖို့ လိုပါတယ်။ ခုခံအားကျဆင်းတဲ့ရောဂါအခံရှိသူ၊ ကင်ဆာဆေးသုံးစွဲသူတွေ ပိုမိုအဖြစ်များလို့ သတိထားဖို့လိုပါတယ်။ဆေးလိပ်၊အရက်၊မူးယစ်ဆေး သုံးစွဲသူတွေ အဖြစ်များတဲ့ အုပ်စုထဲပါဝင်တယ်။

နမိုးနီးယား အဆုတ်ရောင် ဟုတ်မဟုတ် ဘယ်လိုသိနိုင်လဲ။
အထက်ကရောဂါ လက္ခဏာတွေသာမက ဆရာဝန်က စမ်းသပ်စစ်ဆေးဖို့ လိုအပ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အသက်ရှုသံကြားတာ၊ အသက်ရှုမြန်တာ၊ အသက်ရှူတိုင်းရင်ဘတ်ချိုင့်တာ၊ရင်ဘတ်လှုပ်ရှားမှုနည်းတာ ၊ အရေပြား ပြာနှမ်းတာ၊နှလုံးခုန်မြန်တာတွေ ရှိမရှိစစ်ဆေးပါမယ်။ဆေးရုံတက်ဖို့လိုမလို ဆိုတာ  CURB-65 ဆိုတဲ့ score နဲ့လဲ တွက်ချက်ကြပါတယ်။ လိုအပ်ရင် ရင်ဘတ်ဓာတ်မှန် X-rayရိုက်တာ၊ သွေးစစ်တာမျိုး လုပ်ခိုင်းတတ်ပါတယ်။ နမိုးနီးယားဆိုရင် သေချာကုသဖို့လိုအပ်ပါတယ်။

ဘယ်လိုကုသကြသလဲ။
ဆေးရုံတွေ တက်ရပြီဆိုရင် အောက်ဆီဂျင်ပေးတာ၊ အကြောထဲဆေးသွင်းရတာတွေ လိုနိုင်ပါတယ်။ သာမန်သိပ်မဆိုးရင် ပဋိဇီဝ ပိုးသတ်ဆေးတွေ သောက်သုံးဖို့လိုအပ်ပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့်နမိုးနီးယားဖြစ်သူတွေဟာ နောက်ပိုင်းမှာ ဘက်တီးရီးယားပိုးဝင်လာတတ်တာကြောင့် ပဋိဇီဝဆေးတွေ သောက်သုံးတာမမှားပါ။ မသောက်ဖို့ကန့်ကွက်ကြသူလည်းမရှားပါ။ ဆေးခန်းလူနာတွေကိုကောက်ချက်ချရရင် ပိုးသတ်ဆေးထည့်မပေးလိုက်တဲ့လူနာတွေဟာ ဆေးခန်းပြန်ရောက်လာတတ်ပါတယ်။ antibiotic guideline 2012 မှာတော့ ဦးစားပေးအနေနဲ့ amoxycillin 500mg ကို သုံးကြိမ်နှုန်းသောက်ဖို့ ညွန်းပါတယ်။ မြန်မာနိုင်ငံမှာတော့ သက်သာသူသက်သာပေမယ့် မသက်သာသူတွေအတွက်တော့ ဆေးပြောင်းရပါတယ်။ ပင်နယ်စလင်မတဲ့သူများ macrolite(erythromycin,clarithromycin) သောက်သုံးဖို့ ညွှန်းဆိုပါတယ်။ လိုအပ်ရင် augmentin (သို့) cephalosporin ဒုတိယ၊တတိယမျိုးဆက် လိုကောင်းလိုပါလိမ့်မယ်။ အခြေနေပေါ်မူတည်ပြီး သုံးစွဲပေးရပါတယ်။ အဖျားပျောက်ဆေး တမျိုးမျိုးထဲ့ပါ။ အဖျားကြီးရင် ရေမချိုးခိုင်းပဲ ရေဖတ်တိုက်ပါ။ ရေများများသောက်ခိုင်းပါ။ အအေး၊ကော်ဖီ၊လက်ဖက်ရည်၊ဆေးလိပ်၊အရက်ရှောင်ခိုင်းပါ။ အဓိက အအေးမခံဖို့က အရေးကြီးဆုံးပါ။ ကောင်းကောင်းအနားယူပါ။ ဆရာဝန်နဲ့သေချာကုသပါ။တပတ်နှစ်ပတ်အတွင်းသက်သာကြသူတွေများတယ်။

နမိုးနီးယားကို ဘယ်လိုကာကွယ်နိုင်သလဲ။
-ရာသီဥတုအေးလာရင်ပဲ သတိထားသင့်ပါတယ်။
-အနီးနားမှာ ချောင်းဆိုးသူရှိရင်သတိထားပါ။
-ကိုယ်တိုင်ဖြစ်ရင် ချောင်းဆိုးတဲ့အခါ လက်ကိုင်ပဝါနဲ့အုပ်ဆိုးပါ။
-ပူတဲ့အရည်များများသောက်ပါ။
-ခုခံအားတက်ရန် ဗီတာမင်စီ၊ ဇင့်ပါတဲ့ အစားအသောက်၊ဆေးဝါးများ ကြိုတင်သောက်သုံးပါ။
-စိတ်ဖိစီးမှု မများပါစေနဲ့။
-လေဝင်လေထွက် ကောင်းပါစေ။
-ဆေးလိပ်၊အရက်မသောက်သင့်ပါ။
-အသီးအရွက်၊သစ်သီးဖျော်ရည်၊အသားများများစားပါ။
-လေ့ကျင့်ခန်းလုပ်ပါ။
-နမိုးနီးယား ကာကွယ်ဆေးအချို့ပေါ်နေတာကြောင့် ထိုးထားသင့်ပါတယ်။ ရောဂါပိုးအချို့ကို ကာကွယ်တာကြောင့် ရာနှုန်းပြည့်မဟုတ်ပေမယ့် ထိုးထားတာမမှားပါ။ရောဂါပြင်းထန်မှုကိုတော့ ကာကွယ်ပေးနိုင်တယ်။

ဒေါက်တာ အေးမင်းထူး
Health Care Journal(4.1.13)

No comments:

Post a Comment