
၁၉၂၂မှာ Elmer McCollumက တိရိစ္ဆာန်တွေမှာဖြစ်တဲ့ အရိုးပျော့ခြင်းကို ကာကွယ်ကုသနိုင်တဲ့ဓာတ်တမျိုးကို တွေ့ရှိခဲ့တယ်။ ဒီဓာတ်ဟာ ငါးကြီးဆီမှာပါဝင်တဲ့ vitamin Dဖြစ်တယ်လို့ ဖော်ပြခဲ့တယ်။ ဗီတာမင်ဒီရဲ့အာနိသင်က calciumနဲ့ phosphorusဓာတ်နှစ်မျိုးကို အူလမ်းကြောင်းက စုပ်ယူနိုင်ဖို့ ကူညီပေးတယ်။ ဒီဓာတ်နှစ်မျိုးက အရိုးနဲ့သွားတွေကို အားဖြည့်ပေးတယ်။ အရိုးသာမက ကြွက်သား၊တွယ်ဆက်တစ်ရှူးတွေပေါ်မှာပါ သက်ရောက်တယ်။ ကြွက်သားကို သန်မာစေတယ်။ ခုခံအားကို တက်စေတယ်။ အအေးမိ၊နှာစေးအပါအဝင် အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုးဝင်ရောက်ခြင်းကို ကာကွယ်ပေးတယ်။ rheumatoid arthritis အဆစ်အမြစ်ရောင်ခြင်းကို ကာကွယ်ကုသဖို့ ဗီတာမင်ဒီကို ပေးကြတယ်။နာတာရှည်အရိုးအဆစ် ရောင်ရမ်းနာကျင်ကိုက်ခဲမှုကို သက်သာစေတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ဆိပ်တက်ခြင်း၊သွေးလန့်ခြင်းကိုလည်း ကာကွယ်နိုင်တယ်။ အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်အတွက်လည်း ဗီတာမင်ဒီက အရေးပါတယ်။
ဗီတာမင်ဒီကို အဆီပါငါး(ဆာဒင်း၊တူနာ၊မက်ကာရယ်၊ဆော်လမွန်ငါး)နဲ့ ငါးကြီးဆီတွေမှာ အဓိကတွေ့ရတယ်။ အစေ့အဆန်၊ကြက်ဥအနှစ်၊မှို၊အသည်း၊နို့ထွက်ပစ္စည်းတွေမှာလည်း နည်းနည်းစီ ပါဝင်ကြတယ်။အစားအစာတွေထဲမှာ ပါဝင်တာက vitamin D2(ergocalciferol) ဖြစ်ပါတယ်။ မှို၊တစေးယိစ်မှာရှိတဲ့ ergosterolက နေရောင်နဲ့ တွေ့တဲ့အခါ ergocalciferol(vitamin D2)အဖြစ်ပြောင်းသွားတယ်။ ဒါပေမယ့် အစားအသောက်တွေက ရရှိတဲ့ဗီတာမင်ဒီ ပမာဏဟာ (၁၀)ရာခိုင်နှုန်းသာရှိလို့ အလွန်နည်းပါးတယ်။ ဗီတာမင်ဒီရရှိဖို့နေရောင်နဲ့ထိတွေ့ပေးရတယ်။ ယေဘုယျကျကျတွေးကြည့်ရင် နေရောင်နဲ့နာရီဝက်လောက် ထိတွေ့ရုံနဲ့ လိုအပ်တဲ့ဗီတာမင်ဒီကို ရရှိနိုင်တယ်။ လေ့လာမှုတွေအရ အသားလတ်သူတယောက်ဟာ တပတ်သုံးကြိမ်၊နာရီဝက်ခန့်နေပူစာလှုံရုံနဲ့ ဗီတာမင်ဒီရရှိမှု လုံလောက်တယ်။ အသားညိုသူတွေဟာ ဗီတာမင်ရရှိဖို့ နေရောင် ထိတွေ့ချိန်ပိုသင့်တယ်။ ဒါ့ပြင် ကမ္ဘာ့မြောက်ခြမ်းမှာ နေထိုင်သူတွေဟာ နေရောင်ထိတွေ့မှုအားနည်းလို့ ဗီတာမင်ဒီကို ပိုမိုလိုအပ်တယ်။ ကြီးထွားဖွံ့ဖြိုးစကလေးငယ်တွေ၊ကိုယ်ဝန်ဆောင်မိခင်၊နို့တိုက်မိခင်၊အသက်အရွယ်ကြီးရင့်သူ(၆၅နှစ်အထက်)တွေဟာ ပုံမှန်ထက် ဗီတာမင်ဒီ ပိုလိုအပ်သူတွေ ဖြစ်ကြတယ်။
ဗီတာမင်ဒီရဲ့ နေ့စဉ်လိုအပ်ချက်က 400IU(10mcg)ဖြစ်ပါတယ်။ အသက်၅၀အထက် မှာ 600IU(15mcg), အသက်၇၀အထက်မှာ 800IU(20mcg)လောက် အသီးသီး လိုအပ်တယ်။ ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်တွေမှာလည်း 600IUလောက် လိုအပ်တယ်။ သာမန်လူတယောက် အလွန်ဆုံးသောက်နိုင်တဲ့ ဗီတာမင်ဒီပမာဏက 4000IU(100mcg)ဖြစ်ပါတယ်။ အသက်၁နှစ်အောက်-1000IU,အသက်၁-၃နှစ်-2500IU,၄-၈နှစ်ထိ 3000IU,၉နှစ်အထက် 4,000IUထိ အများဆုံးသောက်နိုင်တယ်။
ဗီတာမင်ဒီအနည်းအများကို သွေးထဲမှာ ရှိတဲ့ calcidiolပမာဏစစ်ပြီး သိရှိနိုင်တယ်။ 25-hydroxy vitamin D testလို့ခေါ်ပါတယ်။ 10ng/mlထက်နည်းရင် ဗီတာမင်ဒီချို့တဲ့တယ်လို့ သတ်မှတ်ကြပါတယ်။ သွေးတွင်း calciumနဲ့ phosphate level စစ်ပြီး သိရှိနိုင်တယ်။ သွေးစစ်ကြည့်တဲ့အခါ calcidiolပမာဏ 150ng/mlထက်များရင် toxicityလက္ခဏာတွေ ခံစားရတယ်။ ဗီတာမင်ဒီ များခြင်းကြောင့် သွေးတွင်း ကယ်လ်စီယမ်ပမာဏ မြှင့်တက်လာစေတယ်။ ရေငတ်၊ဆီးရွှင်၊ပျို့အန်ချင်တဲ့ လက္ခဏာတွေ ပေါ်ပေါက်လာတယ်။
ဗီတာမင် ဒီချို့တဲ့ခြင်းက အရိုးပျော့ရောဂါကို ဖြစ်စေနိုင်တယ်။ ကလေးတွေမှာဖြစ်ရင် rickets၊လူကြီးတွေမှာ ချို့တဲ့ရင် osteomalacia လို့ခေါ်ပါတယ်။ ဗီတာမင်ချို့တဲ့မှုကို ကလေးတွေမှာ ပိုခံစားရတယ်။ လက္ခဏာတွေကို ကြည့်ရင် အရိုးနဲ့ကြွက်သား အားနည်းတဲ့လက္ခဏာတွေ စတင်ခံစားရတယ်။ တကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေ အားနည်းလာတယ်။ ကြွက်တက်လာတယ်။ မောပန်းလွယ်လာတယ်။ ကြာလာတဲ့အခါ အရိုးပျော့လာ၊အားနည်းလာတယ်။ အသက်ကြီးသူတွေမှာ အရိုးပွပြီး အရိုးကျိုးလွယ်လာတယ်။ ထိုင်လိုက်၊ထလိုက်တိုင်း အရိုးတွေနာကျင်လာတယ်။ ဖွံ့ဖြိုးစအရွယ် ကလေးတွေဟာ လူကြီးတွေထက်ပိုအဖြစ်များတယ်။ ပိုဆိုးတယ်။ဒူး၊ခြေ၊လက် နေရာစုံအရိုးတွေ ပုံပျက်လာတယ်။ အရိုးပျော့တာကြာလာတာနဲ့အမျှ အရိုးတွေကွေးကောက်လာတယ်။ နာတာရှည်ဖြစ်ရင် ခါးရိုးဆစ် ပျက်ဆီးယိုယွင်းလာပြီး ခါးကိုင်းတာ၊ကောက်တာ ၊ကွေးတာဖြစ်လာတယ်။ နံကြားရိုးတွေမှာ ပုတီးစေ့ပုံဖုဖောင်းလာတယ်။ အရိုးတွေ ကြီးထွားမလာတော့ဘဲ အရပ်ပုလာတယ်။ လမ်းစလျှောက်ချိန်၊သွားပေါက်ချိန် သူများထက် နောက်ကျတယ်။ ရေရှည်မှာ ဦးနှောက်နဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေတယ်။
ဗီတာမင်ဒီ အားဖြည့်ဖို့ သောက်ဆေး၊ထိုးဆေး အမျိုးမျိုး ရှိပါတယ်။ သောက်ဆေးတွေမှာ vitamin D3ပုံစံအလာများကြတယ်။ အနောက်နိုင်ငံတွေမှာ အဓိကချို့တဲ့ကြတာလည်း D3ပဲ ဖြစ်ပါတယ်။ အရိုးနာ၊ကြွက်သားနာ၊ကြွက်တက်တတ်သူတွေမှာ calciumနဲ့ vitaminDကို အသုံးပြုရတယ်။ ဆေးသောက်တဲ့အခါ ပမာဏအနည်း၊အများပေါ်မူတည်ပြီး မတူညီကြဘူး။ ချို့တဲ့သူတွေမှာ ဗီတာမင်ဒီအနည်းဆုံး 400IUကို တနှစ်လောက် စွဲသောက်စေရတယ်။ အသက်ကြီးရင့်သူမှာ 600-800IUလောက် လိုအပ်နိုင်တယ်။ ရောဂါပိုဆိုးသလို ဗီတာမင် ပိုမိုလိုအပ်တယ်။
ကြေငြာတွေကလည်း ပိုကောင်းလာသလို လားရာတွေလည်း ပြောင်းလဲလာတယ်။ အားဆေးကြေငြာတွေမှာ ဗီတာမင်ဒီရဲ့အာနိသင်ကို လိုတာထက်ပိုပြောလာကြတယ်။ နှလုံး၊သွေးတိုး၊လေဖြတ်၊ဆီးချိုရောဂါကို ကာကွယ်ပေးတယ် ဆိုတာမျိုး၊anti-cancer ကင်ဆာကာကွယ်တဲ့အာနိသင်ရှိတယ်ဆိုတာမျိုး ညွှန်းလာကြတယ်။ လေ့လာမှုတွေအရ ဒီလိုလူနာအများစုမှာ ဗီတာမင်ဒီ ချိုတဲ့နိုင်တာတွေ့ရတယ်။ သို့သော် တိုက်ရိုက်သက်ဆိုင်မှုရှိတဲ့အချက်အလက် တစုံတရာတော့ မတွေ့ရပြန်ဘူး။ အိန္ဒိယကလာတဲ့ သတင်းတပုဒ်မှာ ဗီတာမင်ဒီဟာ အရိုးကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ပေမယ့် ပုံမှန်သောက်သင့်တာထက် ပိုလာရင် နှလုံးကို ထိခိုက်စေပါသတဲ့။၂၀၁၄မတ်လမှာ နယူးယော့ခ်ကလာတဲ့သတင်းတပုဒ်အရ ဗီတာမင်ဒီအားဖြည့်ဆေးက စိတ်ကျရောဂါကို ကာကွယ်ပေးနိုင်စွမ်း မရှိပါဘူးလို့ ဆိုပြန်တယ်။ ဒီလေ့လာမှုကပဲ မှတ်ဥာဏ်ချို့ယွင်းခြင်း၊ပါကင်ဆန်ရောဂါနဲ့ multiple sclerosis ယိုယွင်းမှုဖြစ်စဉ်ကို နောက်ကျစေပါသတဲ့။ လေ့လာမှုအသစ်အရ ဗီတာမင်ဒီ ပမာဏနည်းခြင်းဟာ သွေးအားနည်းနိုင်ချေ ပိုများလာတာလည်း တွေ့ရတယ်။ ဘယ်လိုပဲဆိုဆို အသက်ကြီး၍ အိုမင်းမစွမ်းဖြစ်လာတဲ့အခါ မမေ့အပ်တဲ့ သက်စောင့်ဓာတ်ထဲမှာ vitamin D ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။
ဒေါက်တာ အေးမင်းထူး
ရတနာပုံ သတင်းစာ(၃၁.၃.၁၄)
No comments:
Post a Comment