Wednesday, January 1, 2014

မျိုးဗီဇသွေးအားနည်းရောဂါ(သို့)သာလာဆီးမီးယား

သာလာဆီးမီးယား(thalassaemia) ဆိုတာ သွေးနီဥထဲမှာရှိတဲ့ ဟေမိုဂလိုဘင်မှာ မွေးရာပါ ဗီဇပြောင်းလဲတဲ့ သွေးအားနည်းတဲ့ရောဂါတခုဖြစ်ပါတယ်။ Haemoglobin ဆိုတာ hemeနဲ့ globinနှစ်ခုပေါင်းစပ်ထားပါတယ်။ hemeဆိုတာ သံဓာတ်နဲ့ ဖွဲ့စည်းထားသလို globinဆိုတာ ပရိုတင်းနဲ့ ဖွဲ့စည်းထားပါတယ်။ globinဖြစ်ဖို့ alpha-chainနဲ့ beta-chainနှစ်ခုနဲ့ ပေါင်းစပ်ရတယ်။ သာလာဆီးမီးယားရောဂါမှာ chainအဆက် နှစ်ခုထဲက တခုခုမှာ မျိုးဗီဇချို့ယွင်းချက်ရှိလို့ ဖြစ်ပါတယ်။ ဒီချို့ယွင်းချက်ကြောင့် ဖြစ်လာသမျှ သွေးနီဥတွေဟာ ပုံမှန်မဟုတ်ဘဲ အလွယ်တကူပျက်ဆီးနိုင်တယ်။ သွေးနီဥတွေ ပုံမှန်မဟုတ်ဘဲ ပျက်ဆီးတဲ့အခါ ခန္ဓာကိုယ်က ပြုပြင်ဖို့လုပ်ရတယ်။ ဒီလိုအခါမျိုးမှာ ရိုးတွင်းခြင်ဆီက သွေးနီဥသစ်တွေ ထုတ်ပေးရတယ်။ ကြာလာတဲ့အခါ ထုတ်ပေးတဲ့အရိုးက ပုံပျက်ပန်းပျက်ဖြစ်လာတယ်။ ပုံမှန်ထက် ပိုထုတ်ရတာကြောင့် ရောဂါလက္ခဏာတွေ ခံစားလာရသလို နောက်ဆက်တွဲဆိုးကျိုးတွေပါ ဖြစ်လာတယ်။ 

အမျိုးအစားများ
Beta-chainမှာ ဖြစ်ရင် beta thalassaemia လို့ ခေါ်ပါတယ်။ major နဲ့ minorဆိုပြီး အဓိကနှစ်မျိုး ရှိပါတယ်။ minorမှာ မျိုးဗီဇပြောင်းလဲမှုအနည်းငယ်သာ ရှိပါတယ်။ ဒါ့အပြင် သွေးနီဥဆဲလ်တွေ လုံလောက်အောင်ထုတ်ပေးနေတာဖြစ်လို့ ရောဂါလက္ခဏာရယ်လို့ မခံစားရတတ်ဘူး။ special testစမ်းသပ်ကြည့်မှ သိရှိနိုင်တယ်။ သိပ်မဆိုးတဲ့ အလယ်အလတ်ရောဂါ လက္ခဏာတွေရှိရင် intermediaလို့ ခေါ်ပါတယ်။ မေဂျာလောက်မဆိုးသလို မိုင်နာလောက်လည်း မပျော့ဘူး။ alpha-chainမှာ ဖြစ်ရင် alpha thalassaemiaလို့ ခေါ်ပါတယ်။ alpha chainမှာ ဗီဇပြောင်းလဲမှု အဖြစ်နည်းတယ်။ ဖြစ်ရင်လည်း ပိုဆိုးတတ်တယ်။သိပ်ဆိုးတာမျိုးကို Hb Bartsလို့ခေါ်သလို အလယ်အလတ်အဆင့်ကို Hb Hလို့ ခေါ်ပါတယ်။ Hb Bartsမှာ alpha geneမျိုးဗီဇတွေ အကုန်လုံးပျောက်ကွယ်နေတယ်။ မိခင်ဝမ်းတွင်း သန္ဓေသားအရွယ်ကတည်းက ပုံမှန်သွေးနီဥမထုတ်နိုင်တာကြောင့် သေဆုံးတတ်တယ်။ ဗိုက်ထဲကကလေးငယ်ကို သွေးသွင်းကုသပြီး အသက်ကယ်နိုင်တယ်။ အနောက်နိုင်ငံအချို့မှာ သာလာဆီးမီးယားရောဂါနဲ့ sickle cellသွေးအားနည်းရောဂါတွေကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကြိတင်စမ်းသပ်စစ်ဆေးကြတယ်။ 

မျိုးရိုးကပြောတဲ့ သာလာဆီးမီးယား
သာလာဆီးမီးယားရောဂါသည်တွေမှာ မျိုးဗီဇက အရေးကြီးတယ်။ မိဘတယောက်မှာရှိရင် သားသမီးကို ကူးစက်ဖို့ အခွင့်အလန်း ၄ပုံ၁ပုံ ရှိတယ်။အကယ်၍ မိဘနှစ်ပါးလုံးမှာ မျိုးဗီဇ ရှိရင် ကလေးငယ်ကိုကူးစက်ဖို့ အခွင့်အလန်း၂ပုံ ၁ပုံ(တဝက်)ရှိတယ်။ beta thalassaemia က မြေထဲပင်လယ်ဒေသ၊အရှေ့အလယ်ပိုင်း၊တရုတ်တောင်ပိုင်း၊အာရှတိုက်နဲ့ အာဖရိကတိုက်နေ ပြည်သူတွေမှာ ပိုတွေ့ရတယ်။ alpha thalassaemia က အရှေ့တောင်အာရှ၊အာဖရိကနဲ့ အိန္ဒိယမှာ ပိုမိုတွေ့ရတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁.၅ရာခိုင်နှုန်းဟာ ဘီတာ သာလာဆီးမီးယား သယ်ဆောင်သူတွေ ဖြစ်ကြပါတယ်။

Beta-thalassaemia major လက္ခဏာများ
အသက်၆လအရွယ်မှာ လက္ခဏာတွေ စတွေ့ရတယ်။ အသက် ၆လရှေ့ပိုင်းမှာ fetal Haemoglobin တွေ ထုတ်ပေးနေတာဖြစ်လို့ လက္ခဏာတွေ မခံစားရဘူး။ thalssaemia majorမှာ ကုသမှုမရှိရင် အသက်၅နှစ်အတွင်း သေဆုံးနိုင်တယ်။ အဖြစ်များတဲ့လက္ခဏာတွေက သွေးအားနည်းတယ်။ဖြူဖျော့ပြီး အားအင်ကုန်ခမ်း၊ မောပန်းလွယ်တယ်။ အသက်ရှုမြန်တယ်။အစားကောင်းကောင်းမစားချင်ဘူး။ ကြီးထွားမှု နှောင့်နှေးတယ်။ အရပ်ပုတယ်။  ခုခံအားကျဆင်းလွယ်မယ်။အသားဝါတာ၊ဆီးရောင်ရင့်တာမျိုး ရှိတယ်။အသားအရေ ဖြူဖတ်ဖြူရော် ရှိမယ်။ကြီးထွားမှုနှေးကွေးတာကြောင့် သူများထက်သေးတယ်၊အရိုးတွေဟာ ပုံမှန်ထက် ကျွတ်ဆတ်လွယ်တယ်။အသွင်အပြင်က mongoloid face(မွန်ဂိုမျက်နှာ)မျိုး တွေ့ရတယ်။ နဖူးမောက်ပြီး နှာခေါင်းပြားတယ်။မေးရိုး၊ ပါးရိုးကြီးမယ်။ မျက်နှာပုံစံကြည့်ရုံနဲ့ သာလာဆီးမီးယားလို့ သိရှိနိုင်တယ်။ ဟေမိုဂလိုဘင် ထုတ်လုပ်မှု မလုံလောက်တာကြောင့် နှလုံးခုန်မြန်တာ၊ ရင်တုန်တာမျိုး တွေ့ရတယ်။စမ်းသပ်ကြည့်တဲ့အခါ အသည်းကြီးတာ၊ဘေလုံးကြီးတာမျိုး တွေ့ရတယ်။

Thalassaemia trait(minor)လက္ခဏာများ
သာလာဆီးမီးယားမျိုးဗီဇ ပါဝင်ရုံသာရှိပြီး ဟေမိုဂလိုဘင်ကိုလည်း လုံလောက်အောင် ထုတ်ပေးနိုင်တာကြောင့် လက္ခဏာမခံစားရဘူး။ သွေးစစ်ကြည့်မှဘဲ သိကြတယ်။ သွေးနီဥကို စစ်ကြည့်ရင် အရောင်ဖျော့တာ၊ သေးတာမျိုး ရှိနိုင်တယ်။ တချို့ဖြစ်မှန်းတောင်မသိဖြစ်နေတာမျိုး ရှိတယ်။ ကိုယ်တိုင်လက္ခဏာခံစားရတာထက် ရောဂါဖြန့်ဝေသူလို့ပြောရင် ပိုမှန်တယ်။ မိမိကလေးကိုတော့ ရောဂါဗီဇ ဖြန့်ဝေပေးနိုင်တယ်။ မိဘနှစ်ပါးလုံးမှာရှိရင် ကလေးမှာဖြစ်ဖို့ အခွင့်အလန်းက ၂ပုံတပုံ ရှိပါတယ်။

Thalassaemia intermedia လက္ခဏာများ
majorလောက်မဆိုးတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ အားယုတ်တာ၊မောပန်းလွယ်တာ၊နုန်းချိတဲ့လက္ခဏာမျိုးတော့ ခံစားရတတ်တယ်။ကုသဖို့လို၊မလိုဆိုတာ တယောက်ချင်းဆီ မတူညီကြဘူး။ သွေးသွင်းဖို့ လိုကောင်းမှ လိုတတ်ပါတယ်။ non-transfusion dependent thalassaemia လို့လည်း ခေါ်ပါတယ်။ 

ဘယ်လိုကုသမလဲ
အမျိုးအစားပေါ်လိုက်ပြီး ကုသပုံ မတူညီတတ်ဘူး။ အဓိကအားဖြင့် ရောဂါအခြေအနေကို စောင့်ကြည့်ပြီး လိုအပ်မှ ကုသပါတယ်။ minorမှာ ကုသဖို့မလိုဘဲ စောင့်ကြည့်ဖို့သာလိုအပ်တယ်။ intermedia မှာလည်း ကုသဖို့လိုချင်မှလိုအပ်တယ်။ major အများစုကို သွေးသွင်းကုသရတယ်။ သာလာဆီးမီးယားမှာ ကုသနည်းနှစ်မျိုး ရှိပါတယ်။ blood transfusion(သွေးသွင်းကုသခြင်း)နဲ့ iron chelating therapy(သံဓာတ်ချေဖျက်ဆေး ပေးခြင်း)တို့ ဖြစ်ပါတယ်။ သွေးအားနည်းတဲ့လူနာတွေမှာ သွေးသွင်းပြီး နည်းနေတဲ့ သွေးနီဥတွေပြန်ဖြည့်ပေးရတယ်။ ပုံမှန်အားဖြင့် တစ်လတစ်ကြိမ်လောက် ပြန်ဖြည့်ပေးဖို့လိုအပ်တယ်။ မကောင်းတာတခုက
သာလာဆီးမီးယားရောဂါမှာ ဟေမိုဂလိုဘင် ပြိုကွဲမှုကြောင့် သံဓာတ်တွေ ပိုလျှံနေတတ်တယ်။ဒီလိုပိုလျှံနေတဲ့ သံဓာတ်တွေကို အပြင်ထုတ်ပေးဖို့ iron chelating therapyကို အသုံးပြုပါတယ်။ သိပ်မဆိုးတဲ့ သာလာဆီးမီးယားရောဂါသည်အချို့မှာ chelating therapyတမျိုးတည်းလည်း ပေးနိုင်ပါတယ်။ မထုတ်ဘဲထားရင် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဂါင်္အစိတ်အပိုင်းတွေကို ဒုက္ခသွားပေးတယ်။ ရောဂါသည်အများစုဟာ နှလုံးမှာသံဓာတ်တွေစုပြီး သေဆုံးကြပါတယ်။ အဓိကအားဖြင့် သံဓာတ်တွေဟာ ကိုယ်တွင်းအဂါင်္အများစုကို ဒုက္ခပေးတာကြောင့် ချေဖျက်ဖို့ လိုအပ်ပါတယ်။ ဒီအခါမျိုးမှာ chelating therapyကို အသုံးပြုပါတယ်။

သတိပြုစရာ သာလာဆီးမီးယား
အရှေ့တောင်အာရှနိုင်ငံတွေ အဖြစ်များလို့ ဂရုစိုက်သင့်ပါတယ်။မိသားစုဝင်တွေ ကျန်းမာရေးအသိရှိသင့်တယ်။  ဖြစ်လာရင် အချိန်မီကုသဖို့လည်း လိုအပ်တယ်။ကလေးပုံမှန်မဟုတ်ရင်၊ကြီးထွားမှုမရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ သို့မှသာ ရောဂါဖြစ်လာတဲ့ ကလေးငယ်ကို ထိထိရောက်ရောက် ကုသပေးနိုင်မှာ ဖြစ်ပါတယ်။ 


ဒေါက်တာ အေးမင်းထူး
Health Care Journal(3.1.14)

2 comments:

  1. မျိုးရိုးမရှိလည်းဖြစ်တာဘာကြောင့်ပါလဲရှင့် ညီမကသာလာဆီးမီးယာminorဖြစ်တာကိုသိတာမကြာသေးပါဘူးအစတော့သွေးလှူပါတယ်လေးကြိမ်လှူပီးနောက်ဆုံတစ်ခေါက်တော့ခေ့င်းတွေစကိုက်ပီးအဖျားမကျတာနဲ့ဆေးစစ်မှသိရပါတယ် သွေးလှူတိုင်းသွေးအားပြည့်မပြည့်စစ်လည်းပုံမှန်ပါပဲခုတော့သွေးလှူတာရပ်ဘိုက်ရပါတယ်

    ReplyDelete
  2. မျိုးရိုးမရှိပဲအဲရောဂါဖြစ်တာကယောဆရာဘာကြောင့်ပါလဲ

    ReplyDelete