Sunday, March 9, 2014

တက္ကသိုလ်ဝင်တန်းအတွက် အကြံပြုချက်

တက္ကသိုလ်ဝင်တန်းစာမေးပွဲနီးကပ်လာပြီ ဖြစ်ပါတယ်။ စာမေးပွဲနီးကပ်လာသလို စာမေးပွဲဖြေဆိုမယ့် ကျောင်းသား၊ကျောင်းသူတွေလည်း ရင်ခုန်စိတ်လှုပ်ရှားနေမှာ သေချာပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုတာ ဘဝတဆစ်ချိုးဖြစ်သလို ဘဝတခုလုံးကို ပြောင်းလဲသွားစေမယ့် အပြောင်းအလဲ မှတ်တိုင်တခု ဖြစ်လို့ပါပဲ။ တက္ကသိုလ်ဝင်တန်းဖြေပြီးတဲ့အခါ အောင်မြင်သူများဟာ မိမိတို့ဘဝအတွက် အရေးကြီးတဲ့ လိုင်းအသီးသီးကို စိတ်တိုင်းကျ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုရွေးချယ်နိုင်ဖို့ တက္ကသိုလ်ဝင်တန်းဆိုတဲ့ မှတ်တိုင်တခုဟာ အလွန်အရေးကြီးပါတယ်။ ဘဝအတွက်အရေးကြီးတာဖြစ်လို့ စာမေးပွဲ ဖြေဆိုသူတွေအနေနဲ့ external pressure နဲ့ internal pressure ဖိအားဒဏ်တွေကို အနည်းနဲ့အများဆိုသလို ခံစားကြရပါတယ်။
အထူးသဖြင့် internal pressure စိတ်ဖိစီးမှုဒဏ်ကို ပိုခံစားကြရတယ်။ စိတ်ဖိစီးမှုရဲ့နောက်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာပါတယ်။ ဖြစ်ရတဲ့ပြဿနာကို အရင်းစစ်ကြည့်တဲ့အခါ အခြေခံကျတဲ့ အချက်တွေကို တွေ့ရပါတယ်။ စာမေးပွဲနီးလာတာနဲ့အမျှ ကျောင်းသားအများစုဟာ စိတ်ပူပန်ပြီး ကောင်းကောင်းအိပ်မပျော်ကြတော့ဘူး။ တကိုယ်ရေ သန့်ရှင်းရေးကိုလည်း ဂရုမစိုက်နိုင်အားဘူး။ အစားအသောက်ဖက်မှာ အချိန်မပေးကြတော့ပဲ အလွယ်စားသုံးနိုင်တဲ့ junk foodမျိုးကို စားသုံးတော့တယ်။ နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးကို စတင်ထိခိုက်လာစေတယ်။ 

အထက်ပါအခြေအနေနဲ့ ပတ်သက်ပြီး အာဟာရပညာရှင်တဦးဖြစ်တဲ့ Dr. Archana Nazreက အခုလို သုံးသပ်ပါတယ်။ "လူငယ်တွေအတွက် အဓိကပြဿနာတရပ်က အချိန်ကို ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတာ ကောင်းကောင်း နားမလည်ကြတာပါ။ သူတို့အတွက် အချိန်ကိုဘယ်လိုအသုံးချရမယ်ဆိုတာ အရေးကြီးပါတယ်။ မိဘဆရာတွေအနေနဲ့ စာမေးပွဲဖြေကာနီး နောက်ဆုံးအချိန်ကျမှ စတင်ကြိုးစားခြင်းကို ဘယ်လိုတားဆီးကြမလဲ။  ကောင်းတာက ကျောင်းတွေမှာ ပညာပေးသင့်တယ်။ ဒါ့ပြင် စာမေးပွဲဖြေနေတဲ့အချိန်တွေမှာ အိပ်ရေးဝဝအိပ်စက်ဖို့၊အစာအာဟာရပြည့်ဝဖို့ အရေးကြီးတာကို သူတို့သဘောပေါက်အောင် ပညာပေးသင့်တယ်"လို့ ဆိုပါတယ်။

စာမေးပွဲဖြေဆိုသူတွေအတွက် အဓိကပြဿနာက စိတ်ဖိစီးမှုဖြစ်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ အိပ်ရေးပျက်တဲ့ညတွေ မရေမတွက်နိုင်ဖြစ်လာပြီး ကျန်းမာရေးကို စတင်ထိခိုက်စေတယ်။ မိဘတွေရဲ့ အဆုံးစွန်မျှော်လင့်မှုကလည်း သားသမီးတွေကို ဒုက္ခရောက်စေတယ်လို့ စိတ်ပညာရှင် Dr. Bhupinder Choudhryက ပြောပါတယ်။ "မိဘတွေရဲ့ အလွန်အကျွံမျှော်လင့်မှုနဲ့ လူငယ် အချင်းချင်းပြိုင်ဆိုင်လိုစိတ်တွေက သူတို့ကို ပိုမိုဒုက္ခရောက်စေပါတယ်။ ဒီဖိအားတွေကြောင့် ကလေးတွေဟာ ပုံမှန်မအိပ်နိုင်တော့ဘဲ တနှစ်ပတ်လုံး ဒုက္ခများစေတာ ဖြစ်ပါတယ်"။ပိုဆိုးတဲ့အချက်က စာမေးပွဲအပေါ် ကြိုတင်ကြောက်လန့်နေကြတာ ဖြစ်ပါတယ်။စာမေးပွဲမဖြေဆိုနိုင်မှာ တွေးကြောက်ကြသလို သူများထက်အမှတ်နည်းမှာကိုလည်း စိုးရိမ်နေကြတယ်။ ကြာလာတာနဲ့အမျှ pressureဒဏ်ကို ပိုခံစားရပြီး အစားအသောက်ပျက်၊အိပ်ရေးပျက်ပြီး ကျန်းမာရေးကို ပိုမိုထိခိုက်လာပါတယ်။စာမေးပွဲဖြေဆိုခါနီးမှာ စိတ်ဖိစီးမှုကြောင့် အစာအိမ်နာတာ၊ခေါင်းကိုက်တာ၊ဖျားနာတာမျိုး အဖြစ်များတယ်။ ဒီလိုကျန်းမာရေးပြဿနာတွေကို ကျွန်တော်တို့ ဘယ်လိုဖြေရှင်းနိုင်မလဲ။ စိတ်ဖိစီးမှု၊သောကကင်းဝေးအောင် ဘယ်လိုကျင့်ကြံနေထိုင်သင့်လဲ။

ကျန်းမာရေးအတွက် အကြံပေးချက်
၁။မိမိစိတ်ကို အနားပေးပါ
စိတ်က ကျန်းမာရေးအတွက် အလွန်အရေးပါပါတယ်။ စာကျက်တဲ့အခါ စိတ်ကိုမကြာခဏ အနားပေးသင့်တယ်။ တစ်နာရီစာကျက်ပြီးတိုင်း ၁၅မိနစ်ခန့်အနားယူပါ။ ဖံွ့ဖြိုးပြီးနိုင်ငံတွေမှာ တနာရီထက်ပိုပြီး လေ့လာသင်ကြားတာမျိုးကို အားမပေးဘူး။  ကောင်းတာက time tableမျိုးလုပ်ပြီး လေ့လာသင့်တယ်။ ဒီလိုပြုလုပ်ခြင်းဟာ စိတ်ကို အနားပေးရာ ရောက်သလို စိတ်ဖိစီးမှုကိုလည်း လျှော့ကျစေတယ်။ စိတ်ဖိစီးတဲ့အခါ ထွက်လာတဲ့ stress hormoneကိုလည်း တားဆီးရာရောက်တယ်။ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်။ နောက်ကောင်းတဲ့အချက်က မျက်စိနဲ့ အာရုံကြောကိုလည်း အနားပေးရာရောက်ပါတယ်။

၂။ကောင်းကောင်းအိပ်စက်အနားယူပါ
အိပ်စက်ခြင်းဟာ လူတိုင်းအတွက် အလွန်အရေးကြီးပါတယ်။ အိပ်ရေးဝမှ နေ့စဉ်အလုပ်တွေကို အင်တိုက်၊အားတိုက် လုပ်နိုင်ပါလိမ့်မယ်။ အမှန်တော့ အိပ်စက်ခြင်းဟာ လူသားတွေအတွက် သဘာဝက ပေးအပ်တဲ့ အားဆေးတခွက်ဖြစ်ပါတယ်။ ဒီအချက်ကို အမိအရအသုံးချနိုင်ဖို့ လိုအပ်တယ်။ အိပ်စက်ခြင်းက ဦးနှောက်ကို ကြည်လင် လန်းဆန်းစေတယ်။ မှတ်ဥာဏ်ကောင်းစေတယ်။အားအင်ပြည့်ဝစေတယ်။ ခုခံအားကို တက်စေတယ်။ ခန္ဓာကိုယ်ကို တက်ကြွနေမယ်။ နောက်ရက်တွေမှာ အင်တိုက်၊အားတိုက် အလုပ်လုပ်နိုင်တယ်။ အိပ်ရေးဝဝ အိပ်စက်ပြီး စာကျက်ခြင်းက စာရလွယ်ကူတာ တွေ့ရပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်ဖို့ အိပ်စက်ခြင်းကို အလေးထားဆောင်ရွက်ဖို့ လိုအပ်တယ်။

၃။အစားအသောက် မျှတအောင် စားသုံးပါ
ကျန်းမာရေးအတွက် ကစီဓာတ်၊အဆီဓာတ်နဲ့ ပရိုတင်းဓာတ်တွေ ညီညွတ်မျှတအောင် စားသုံးပေးရပါတယ်။ အထူးသဖြင့် လတ်ဆတ်တဲ့ အသီးအရွက်၊သစ်သီးဝလံတွေ ပိုမိုစားသုံးသင့်တယ်။ သစ်သီးဖျော်ရည် နေ့စဉ်သောက်ပါ။ ကြက်ဥ၊နွားနို့ သောက်သုံးသင့်တယ်။ အဓိကလိုအပ်တာက ရေဓာတ်ဖြစ်တယ်။ ရေများများ သောက်သင့်တယ်။ ရေခဲရေတော့ ရှောင်ကြဉ်ပါ။ အပူအစပ်၊ချဉ်တာတွေက ဗိုက်နာနိုင်တယ်။ အစားအသောက်မှားရင် ဝမ်းပျက်နိုင်တယ်။ ကော်ဖီ၊လက်ဖက်ရည်သောက်ပြီး စာကျက်တာ မှန်ကန်တဲ့နည်း မဟုတ်ဘူး။ အရက်၊ဘီယာကြောင့် လူငယ်တွေကို လမ်းမှားရောက်စေတယ်။ ဆုံးဖြတ်ချက်တွေ မခိုင်မာတော့ဘူး။ အာရုံစူးစိုက်မှု နည်းပါးလာမယ်။ ကျန်းမာရေးကို ပိုမိုထိခိုက်လာစေတယ်။ 

ပုံမှန်အားဖြင့် ကျန်းမာရေးပြဿနာတခု ဖြစ်လာရင် ဆရာဝန်ပြပြီး ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ သို့သော် လက်တွေ့အခြေအနေက ဒီလောက် မလွယ်ကူပါဘူး။ ရောဂါစစ်စစ်မဟုတ်တာကြောင့် ဆရာဝန်ချည်း အားမကိုးသင့်ဘူး။ ဒီနေရာမှာ မိဘ၊ဆရာတွေရဲ့ အခန်းကဏ္ဍက ပိုအရေးကြီးပါတယ်။ ဆယ်တန်းကျောင်းသား၊ကျောင်းသူတွေဖြစ်လေ့ရှိတဲ့ အဓိကပြဿနာက စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု၊အနေအထိုင်အမူအကျင့် ပြောင်းလဲမှု ဖြစ်ပါတယ်။ စားသောက်၊ နေထိုင်ပုံကို စနစ်တကျပြုပြင်ပြီး စိတ်ပိုင်းဆိုင်ရာဖိအားတွေအောက်က ရုန်းထွက်နိုင်ဖို့ ကူညီပေးရပါတယ်။ စာမေးပွဲဖြေဆိုကာနီးမှာ pressure ဖိအားပေးတာထက် encourage စိတ်ဓာတ်ခွန်အားမျိုးကို ပေးသင့်တယ်။လေ့လာမှုနည်းစနစ်မှန်ကန်အောင် ဘေးကလမ်းညွှန်ပေးသင့်တယ်။ စာမေးပွဲတခုမှာ အောင်မြင်ဖို့ အရေးကြီးတဲ့အချက်(၇)ချက် ရှိပါတယ်။

စာမေးပွဲတခုမှာ အောင်မြင်ဖို့
၁။ရည်မှန်းချက်ရှိရမယ်။
၂။ချဉ်းကပ်ပုံ မှန်ကန်ရမယ်။
၃။မိမိစိတ်ကို မြှင့်တင်နေရမယ်။(ကော်ဖီသောက်ပြီး မြှင့်တင်တာမဟုတ်)
၎။အချိန်ကိုစီမံခန့်ခွဲနိုင်ရမယ်။
၅။စာကျက်တဲ့နေရာမှန်ကန်ရမယ်။
၆။မေးခွန်းပုံစံကို နားလည်နေရမယ်။
၇။စိတ်အာရုံစုစည်းတတ်ဖို့လည်း လိုအပ်တယ်။

ဒီအခြေခံအချက်တွေကို နားလည်ပြီးရင် ဆက်လက်လုပ်ဆောင်ရမှာတွေ ရှိပါသေးတယ်။ လူ့သဘောက စာကျက်တယ်။ ကျက်ပြီးရင် မေ့ပါတယ်။ ကျက်မှတ်တယ်ဆိုတာ အင်မတန်လွယ်ကူပါတယ်။ စာကျက်ပြီးတဲ့အခါ မမေ့အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာ ပိုအရေးကြီးတယ်။ ပညာရေးအတွက် အသုံးဝင်တဲ့ စကားတစ်ခု ရှိပါတယ်။ "repetition is the secret of memory"တဲ့။ မှတ်ဥာဏ်ရဲ့ အဓိကသော့ချက်က ထပ်ခါတလဲလဲ လေ့ကျင့်နေမှု ဖြစ်ပါတယ်။ ထပ်ခါတလဲလဲတော့ ဟုတ်ပါပြီ။ ဘယ်လိုမျိုး လေ့ကျင့်ရမှာပါလဲ။

စာကျက်နည်း လမ်းညွှန်(1 + 1 + 1 method)
စာမေးပွဲဖြေဆိုကာနီးမှာ အများစုဟာ ကြာလာတာနဲ့အမျှ ကျက်မှတ်ထားသမျှတွေ ရှုပ်ထွေးလာတတ်တယ်။ ရထားသမျှ စာတွေ ရောထွေးပြီး မရတော့ဘူး ထင်မှတ်လာကြတယ်။ ဒီလိုအခါမျိုးမှာ "1 + 1 + 1 method"ကို အသုံးပြုနိုင်တယ်။ ကိုယ်လုပ်ခဲ့တာတွေကို တနာရီပြည့်တိုင်း၊တရက်ပြည့်တိုင်း၊တပတ်ပြည့်တိုင်း ပြန်လည်သုံးသပ်ဆင်ခြင်တဲ့နည်းဖြစ်ပါတယ်။ ရှေးဦးစွာ ကိုယ်လုပ်ခဲ့၊ကျက်မှတ်ခဲ့တာကို ပြန်လည် သုံးသပ်ပါ။ စာကျက်ချိန်တစ်နာရီအတွင်း ဘာတွေလုပ်ခဲ့ပြီးပြီလဲ။ အရေးကြီးအချက် အလက်တွေကို ပြန်လည်စဉ်းစားကြည့်ပါ။ ကောင်းတာက မှတ်မိသမျှအချက်တွေ ချရေးကြည့်ပါ။ တရက်ကုန်ဆုံးတိုင်း လေ့လာသမျှကို ပြန်လည်သုံးသပ်ကြည့်ပါ။ တခါ နောက်တပတ်ကုန်ဆုံးတိုင်း မှတ်မိသလား ပြန်တွေးကြည့်ပါ။ အလားတူ စာမေးပွဲမဖြေခင်ထိ ဒီနည်းအတိုင်း ပြန်လည်သုံးသပ်သင့်တယ်။ ဒီလိုသုံးသပ်ရင်းနဲ့ မိမိကိုယ်ကို ယုံကြည်မှု ရှိလာတယ်။စာမေးပွဲဖြေဆိုနိုင်မယ်လို့ စိတ်ချလာတယ်။ စဉ်စားတွေးခေါ်ရမှာကို ပျော်ရွှင်လာတယ်။ အတွေးအခေါ်ရင့်သန်လာတယ်။ ကြက်တူရွေးနှုတ်တိုက်မဟုတ်ဘဲ စဉ်းစားတတ်လာတယ်။ တဖြေးဖြေးနဲ့ သင်ကြားထားတဲ့ courseတခုလုံးကို ခြုံငုံမိလာတယ်။ နောက်ပိုင်းမှာ စနစ်တကျလေ့လာတတ်လာတယ်။ အထက်ပါနည်းကို အခုပဲ လက်တွေ့စတင်စမ်းသပ်ကြည့်လိုက်ပါ။ စဉ်းစားချိန် ငါးမိနစ်လောက် ပေးရုံနဲ့ အကျိုးရလာဒ်က ထင်မှတ်မထားလောက် ကောင်းမွန်တာ တွေ့ရှိပါလိမ့်မယ်။ ဒီနည်းနဲ့ စာမေးပွဲများစွာကို လွယ်လွယ်ကူကူနဲ့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ 

စာမေးပွဲဖြေဆိုတော့မယ်ဆိုရင်
စာတွေလည်း ရပြီ။ မိမိကိုယ်ကို ယုံကြည်စိတ်ချပြီဆိုရုံနဲ့ အောင်မြင်မယ် မထင်ပါနဲ့ဦး။ စာမေးပွဲအကြောင်း ကောင်းကောင်းနားလည်ပြီး ဖြေဆိုတတ်ဖို့လည်း လိုအပ်လာပြန်တယ်။ စာမေးပွဲတွေ ဖြေဆိုကြတဲ့အခါ plan အစီအစဉ် အကွက်ချပြီး ဖြေဆိုရပါတယ်။ ကိုယ်အရဆုံး၊အဖြေနိုင်ဆုံးအပုဒ်တွေကို အကောင်းဆုံးနဲ့ အမြန်ဆုံးဖြစ်အောင် အရင်ဆုံး ဖြေဆိုပါ။ ပြီးရင် နည်းနည်းရတဲ့ဟာကို ဖြေဆိုပါ။ ကိုယ်လုံးဝမရတာကို နောက်ဆုံးမှဖြေဆိုပါ။ ဖြေဆိုပြီးခါနီး အချိန် ၁၀မိနစ်ကို အမှားအယွင်းပြန်စစ်ဖို့ ချန်ထားပေးပါ။ ထပ်အရေးကြီးတာက စာမေးပွဲခန်းကထွက်လာပြီးတာနဲ့ ကျန်တဲ့ဘာသာရပ်တွေကို ဆက်လက်ဖြေဆိုနိုင်ဖို့သာ ကြိုးစားအားထုတ်သင့်တယ်။ ဘာ့ကြောင့်လဲဆိုတော့ အချိန်ကို နောက်ပြန်လှည့်လို့ မရနိုင်လို့ ပါပဲ။ 

သတိပြုစရာ
စာမေးပွဲဖြေဆိုသူတို့ ထားအပ်တဲ့ စိတ်နေစိတ်ထားတွေ ရှိပါသေးတယ်။ စာမေးပွဲဖြေဆိုနိုင်ဖို့ မိမိစိတ်ကို ဘောင်ခတ်တာမျိုးကို သတိပြုရှောင်ရှားသင့်တယ်။ စိတ်လက်ရွှင်လန်း ပေါ့ပါးသူတွေဟာ စာမေးပွဲ ပိုဖြေနိုင်တာ တွေ့ရတယ်။ စာမေးပွဲဖြေဆိုစဉ် အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးကိုသာ မွေးမြူပါ။မှန်မှန်ကန်ကန် နည်းလမ်းတကျ ကြိုးစားပြီး ဖြေဆိုကြည့်ပါ။ စာရသည်ဖြစ်စေ၊မရသည် ဖြစ်စေ ဆက်လက်ကြိုးစား အားထုတ်နေဖို့လည်း လိုအပ်တယ်။ စိတ်ကို လျှော့လို့မဖြစ်နိုင်ဘူး။ လုံ့လဝီရိယနဲ့ အစွမ်းကုန် အားထုတ်ကြိုးစားနေရမယ်။ အလားတူ မိဘဆရာတွေအနေနဲ့ ကျောင်းသား၊ကျောင်းသူတွေအပေါ် အလွန်အကျွံ ဖိအားပေးမှုမျိုးကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆယ်တန်းစာမေးပွဲက မကြာခင် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ၂၀၁၄မှာ စာမေးပွဲဖြေဆိုရမယ့် ကျောင်းသား၊ကျောင်းသူအားလုံး ကျန်းမာရွှင်လန်းပြီး အောင်မြင်မှုပန်းတိုင်သို့ အရောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံ သတင်းစာ(၈.၃.၁၄)

No comments:

Post a Comment