Wednesday, April 2, 2014

ပိုလီယိုကင်းစင် ကမ္ဘာတစ်ခွင်


ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)ကနေ ပိုလီယိုကင်းစင်တဲ့ ကမ္ဘာဖြစ်ဖို့ ကြိုးစားနေပါတယ်။ ဒီနေ့ကမ္ဘာ့နိုင်ငံအများစုမှာ ပိုလီယိုကင်းစင်နယ်မြေအဖြစ် သတ်မှတ်ထားသလို ကာကွယ်မှုတွေလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။ လက်ရှိချိန်ထိ  အာဖကန်နစ္စတန်၊ပါကစ္စတန်နဲ့ နိုက်ဂျီးရီးယားနိုင်ငံတွေကလွဲရင် ကမ္ဘာ့နိုင်ငံအများစုမှာ ပိုလီယို ကင်းစင်နေကြပြီ ဖြစ်ပါတယ်။ ၁၉၉၄ခုနှစ်မှာ အမေရိကန်နိုင်ငံဟာ ပိုလီယိုကင်းစင်နယ်မြေအဖြစ် ကြေငြာခဲ့တယ်။ ၂၀၀၀ပြည့်နှစ်မှာ တရုတ်၊သြစတေးလျနိုင်ငံ၊၂၀၀၂ခုနှစ်မှာ အနောက်ဥရောပနိုင်ငံတွေက ပိုလီယိုကင်းစင်နိုင်ငံတွေအဖြစ် အသီးသီးကြေငြာခဲ့ကြတယ်။ 

ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ပိုလီယို
Poliomyelitis ဆိုတာ ရှေးဂရိစကားက ဆင်းသက်လာတယ်။ 
ပိုလီယို(polio)ကို poliomyelitis လို့ခေါ်ပါတယ်။ infantile paralysis လို့လည်း ခေါ်သေးတယ်။ poliomyelitis ဆိုတာ ဂရိစကားက ဆင်းသက်လာတယ်။ "polios" ဆိုတာ grey "myelos"ဆိုတာ marrowကို ဆိုလိုတယ်။ အာရုံခံကြောမကြီး(spinal cord)ရဲ့ အတွင်းပိုင်း grey matter ကို ထိခိုက်တယ်။ ပိုလီယိုကိုဖြစ်စေတာက polio virus ပိုးကြောင့်ပါ။ ဗိုင်းရပ်စ်ပိုးထဲမှာ RNA virusဖြစ်ပြီး အစာလမ်းကြောင်းကဖြစ်လို့ enterovirus မျိုးနွယ်မှာပါဝင်တယ်။ ၁၉၀၈ခုနှစ်မှာ Karl  Landsteiner က ဖြစ်တဲ့ဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့တယ်။ ဒီဗိုင်းရပ်စ်ဟာ အစာလမ်းကြောင်း fecal-oral routeကတဆင့် ကူးစက်တယ်။ အစားအသောက်၊ရေ သန့်ရှင်းမှုမရှိတဲ့အခါ ရောဂါကူးစက်နိုင်တယ်။ ဆီးရီယားမှာ ပြည်တွင်းစစ်ဖြစ်တဲ့အခါ သောက်သုံးရေမသန့်ရှင်းမှုကြောင့် ပိုလီယိုရောဂါတွေ ခေါင်းပြန်ထလာပါတယ်။ ပိုလီယိုဗိုင်းရပ်စ်ပိုးကို ခံတွင်း၊ပါးစပ်၊အူလမ်းကြောင်းမှာ တွေ့ရှိရတယ်။ ဒါ့ကြောင့် ရောဂါရှိသူ စွန့်တဲ့မစင်၊တံထွေး ကနေတဆင့် ပိုလီယိုပိုး ကူးစက်နိုင်တယ်။အများသုံး ရေကူးကန်တွေကလည်း ကူးစက်နိုင်တယ်။ အပူပိုင်းဒေသတွေ၊နွေဦးပေါက်၊ဆောင်းဦးပေါက်ရာသီတွေမှာ ပိုအဖြစ်များတယ်။ ကလေးငယ်တွေမှာ အဖြစ်များတယ်။ 

ပိုလီယိုကူးစက်ခံရတိုင်း အကြောသေမဖြစ်
ပိုလီယိုကူးစက်ခံရတိုင်း ပိုလီယိုအကြောသေတာမျိုး မဖြစ်ကြဘူး။ ရောဂါကူးစက်ခံရသူရဲ့ ၉၀ရာနှုန်းမကဟာ သွေးကြောထဲရောက်ပြီး အများစုဟာ ရောဂါလက္ခဏာမခံစားရဘူး။ အချို့ဟာ တုပ်ကွေးသဘော လက္ခဏာ အနည်းအကျဉ်းလောက်သာ ခံစားရတယ်။ ရောဂါ လက္ခဏာဟာ ဗိုင်းရပ်စ်ပိုးဝင်ပြီး ၂ပတ်အကြာမှာ စတင်ပြသတယ်။ အများစုဟာ သွေးကြောထဲဝင်ရောက်ကြတယ်။ ဗိုင်းရပ်စ်ဖြစ်လို့ ဖျားနာပြီး လည်ချောင်းနာတယ်။တကိုယ်လုံး ညောင်းညာကိုက်ခဲမယ်၊မအီမသာ ဖြစ်တယ်။ပျို့ချင်၊အန်ချင်ရှိမယ်။ အစားအသောက် ပျက်နိုင်တယ်။ ဗိုက်နာဗိုက်အောင့်ဖြစ်ပြီး ဝမ်းချုပ်၊ဝမ်းပျက် ဖြစ်နိုင်တယ်။ ကူးစက်သူအများစုဟာ ဒီလို တုပ်ကွေးဆန်ဆန် ရောဂါလက္ခဏာခံစားရပြီး သက်သာသွားကြတယ်။ 

အကြောသေပိုလီယိုဖြစ်ခြင်း
ပိုလီယိုကူးစက်ခံရသူမှာ ကံဆိုးသူက ၁ရာခိုင်နှုန်းသာ ရှိတယ်။ ဝင်လာတဲ့ ဗိုင်းရပ်စ်က အာရုံကြောနာ့ဖ်ဆဲလ်ထဲ ဝင်ရောက်၊ ဖျက်ဆီးတဲ့အခါ ပိုလီယိုအကြောသေ ဆိုတာ ဖြစ်လာတယ်။ ဒါမျိုးကို paralytic polio(ပိုလီယိုအကြောသေ)လို့ ခေါ်ပါတယ်။ ဗိုင်းရပ်စ်ပိုးက အာရုံကြောဆဲလ်(motor neuron)ကို ထိခိုက်ပျက်ဆီးစေပြီး ကြွက်သားတွေအားနည်းလာစေတယ်။ အချိန် ကြာလာတာနဲ့အမျှ ကြွက်သားတွေ လှုပ်ရှားမှုမရှိဘဲ အကြောသေသွားတယ်။ ဥပမာ လူတစ်ထောင်မှာ ငါးယောက်(၀.၅ရာခိုင်နှုန်း)လောက်သာ acute flaccid paralysis ပျော့ခွေ အကြောသေပုံစံမျိုး ဖြစ်တယ်။ ကံကောင်းတဲ့ တဝက်ဟာ ၆လအတွင်း လုံးဝပုံမှန်အတိုင်း ပြန်ဖြစ်ကြတယ်။ လေးပုံတပုံဟာ အကြောအားနည်းတာမျိုး အနည်းအကျဉ်းကျန်ရစ်နိုင်တယ်။ ကံပိုဆိုးတဲ့ လေးပုံတပုံဟာ လုံးဝပြန်မကောင်းဘဲ အကြောသေပုံစံမျိုး ရာသက်ပန် ခံစားရတယ်။ ကံကောင်းသူဟာ အကြောသေပြီး တလအတွင်း တိုးတက်လာပြီး ၆လအတွင်း ပုံမှန်အလုပ်တွေပြန်လုပ်နိုင်တယ်။ အကယ်၍ တနှစ်ကျော်တဲ့ထိ ထူးခြားတိုးတက်မှုမရှိရင် အာရုံကြောနာ့ဖ်ဆဲလ်တွေ လုံးဝပျက်ဆီးသွားလို့ဖြစ်တယ်။ နာ့ဖ်ဆဲလ်သဘောက ပျက်ပြီးရင် ပြန်ကောင်းလေ့မရှိကြဘူး။ ဒါ့ကြောင့် အကြေသေတာ တနှစ်ကျော်သွားရင် ပြန်ကောင်းဖို့ မျှော်လင့်ချက် ကင်းမဲ့သွားပါတယ်။ 

ပုံစံသုံးမျိုးနဲ့ ပိုလီယိုအကြောသေ
(၁)ပိုလီယိုအကြောသေသူမှာ ၈၀ရာခိုင်နှုန်းလောက်ဟာ spinal polio ကြောင့် ဖြစ်ကြတယ်။ spinal polioမှာ ဗိုင်းရပ်စ်ပိုးက spinal cord အာရုံကျောရိုးမကြီးရဲ့ anterior hornမှာ ရှိတဲ့ motor neuron ကို ပျက်ဆီးစေတယ်။ ပိုလီိယိုဖြစ်သူတွေကို လေ့လာကြည့်ရင် ခန္ဓာကိုယ်နဲ့နီးတဲ့ အရင်းပိုင်းကျတဲ့နေရာမှာ အကြောသေတာမျိုး ဖြစ်ကြတယ်။ 
(၂)ဦးနှောက်အခြေမှာရှိတဲ့ bulbar regionကို ထိခိုက်စေတာမျိုးကိုbulbar polioလို့ ခေါ်ပါတယ်။ အဖြစ်နည်းပြီး အကြောသေပိုလီယိုဖြစ်သူရဲ့ ၂ရာခိုင်နှုန်းလောက်သာ ရှိတယ်။ မျက်နှာအကြောသေတာ၊အသက်ရှူခက်၊အစာမြိုခက် ဖြစ်လာရင် brain stemကို ထိခိုက်စေလို့ဖြစ်နိုင်တယ်။ 
(၃)bulbar လက္ခဏာနဲ့ spinal လက္ခဏာ နှစ်မျိုးလုံး ရှိတာကို bulbospinal polioလို့ ခေါ်ပါတယ်။ ပိုလီယို အကြောသေရဲ့ ၁၉ရာခိုင်နှုန်း ရှိတယ်။ အထူးသဖြင့် အာရုံကြောရိုးမ spinal cordရဲ့ အပေါ်ပိုင်းမှာ အဖြစ်များတယ်။ ခြေ၊လက်အကြောသေတာ၊နှလုံးခုန်မမှန်တာ၊အစာမျိုရခက်တာမျိုး တွေ့ရတယ်။ ရောဂါလက္ခဏာ တဖြည်းဖြည်း ပိုဆိုးလာတယ်။ 

နောက်ဆက်တွဲဂယက်
ပိုလီယိုအကြောသေခြင်းကြောင့် စိတ်ပိုင်း၊ရုပ်ပိုင်း ထိခိုက်စေတယ်။ ကလေးအရွယ်မှာ အဖြစ်များလို့ အကျိုးဆက်ပိုကြီးတယ်။စိတ်ကျလွယ်လာတယ်။ အာရုံကြောပျက်ဆီးမှုကြောင့် ကြွက်သားတွေ လှုပ်ရှားမှုမရှိတေ့ဘူး။ အရိုး၊အဆစ် ပုံပျက်ပန်းပျက်ဖြစ်ပြီး ကြွတ်ဆတ်လာတယ်။ အရိုးကို စတင် ထိခိုက်လာတယ်။ အရိုးကျိုးတာ၊အရိုးပွတာ ဆက်ဝင်လာတယ်။ နောက်ပိုင်းမှာ တခြားအင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိခိုက်လာစေတယ်။ စာရင်းဇယားတွေအရ ရောဂါဖြစ်သူ ၁၀ယောက်မှာ ၁ယောက်ဟာ ventilation အထောက်အပံ့မရရင် အသက်ရှူကျပ်ပြီး သေဆုံးနိုင်တယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်လို့ ပိုလီယိုကူးစက်ခံရသူတွေကို ကုသနိုင်ဖို့ ဆေးမရှိသေးပါဘူး။ ကြိုတင် ကာကွယ်ဖို့သာ ဦးစားပေးလုပ်ဆောင်ကြရတယ်။  

ကာကွယ်ခြင်းမှအစပြု၍
သမိုင်းကြောင်းကို ပြန်ကြည့်ရင် ၁၉ရာစုနှောင်းပိုင်းကစပြီး ဥရောပမှာ ကပ်ရောဂါဖြစ်တယ်။ အဲဒီကတဆင့် အမေရိကတိုက်ကို ရောက်လာတယ်။ ၁၉၁၀လောက်ကစပြီး နွေရာသီမှာ နှစ်စဉ်ပေါ်ပေါက်တတ်တယ်။ ဒ့ါကြောင့် ၂၀ရာစုအတွင်းမှာ ကလေးသူငယ်တွေအတွက် ထိတ်လန့်စရာအကောင်းဆုံး ကူးစက်ရောဂါအဖြစ် သတ်မှတ်ခဲ့ကြတယ်။ သမိုင်းမတင်မှီကစပြီး လူသားမျိုးနွယ်စုကို ဒုက္ခပေးခဲ့တယ် ပိုလီယိုရောဂါဟာ ၁၉၅၀ပြည့်နှစ်လွန်တွေကစပြီး တဖြည်းဖြည်း ဖြစ်ပွားမှုကျဆင်းခဲ့တယ်။ ၁၉၅၀ မှာ William Hammenက ပိုလီယိုရောဂါရှိသူရဲ့ သွေးရည်ကြည် plasmaမှာ ပါဝင်တဲ့ gamma-globulin တိုက်ဖျက်ပစ္စည်းဓာတ်ကို သန့်စင်ပြီး ထုတ်လုပ်ခဲ့တယ်။ အဆိုပါဓာတ်ကို စမ်းသပ်သုံးစွဲကြည့်တဲ့အခါ ၈၀ရာခိုင်နှုန်း အောင်မြင်ခဲ့ပါတယ်။ ၁၉၈၈ခုနှစ်မှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ကင်းစင်ပပျောက်အောင် စတင်ဆောင်ရွက်ခဲ့ပါတယ်။Rotary International,World Health Organizationနဲ့ UNICEF တို့ပူးပေါင်းပြီး ကလေးသူငယ်ကာကွယ်ဆေးတိုက်ကျွေးရေး စတင်အကောင်အထည် ဖော်ခဲ့ကြတယ်။ ဒီဆောင်ရွက်ချက်တွေကြောင့် ၁၉၈၈ခုနှစ်မှာ လူပေါင်း ၃၅၀၀၀၀ ကူးစက်ခံရတဲ့ ပိုလီယိုရောဂါဟာ ၂၀၁၂အရောက်မှာ လူ ၂၂၃ယောက်သာ ကူးစက်ခံရတော့တယ်။ ဒါ့ကြောင့် လူ့သမိုင်းအတွက် အရေးပါတဲ့ အောင်မြင်မှုကြီးဖြစ်ခဲ့ရတယ်။ ဒီနေ့ခေတ် ကမ္ဘာပေါ်က ကင်းစင်ပပျောက်တဲ့ ရောဂါတွေအနက် ကျောက်ကြီးရောဂါ(small pox)က ပထမဆုံးဖြစ်ပါတယ်။ ၁၉၇၉ခုနှစ်မှာ WHOက ကျောက်ကြီးရောဂါ ချုပ်ငြိမ်းပျောက်ကွယ်သွားပြီလို့ ကြေငြာခဲ့တယ်။ အဲဒီနောက်မှာ တိရိစ္ဆာန်တွေကို ဒုက္ခပေးတဲ့ ကျွဲနွားပလိပ်ရောဂါ(rinderpest)ဟာ ၂၀၁၁ခုနှစ် ဇွန်လမှာ လုံးဝပျောက်ကွယ်သွားခဲ့ပြန်တယ်။ အခုဆက်လက်ပြီး ပလိပ်ရောဂါနဲ့အတူ ကပ်ပါးပိုး တမျိုးကြောင့်ဖြစ်တဲ့ guinea worm disease(Dracunculiasis)ရောဂါကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ 

ကလေးသူငယ် ကာကွယ်ဆေးတိုက်ကျွေးရေး
မြန်မာနိုင်ငံမှာ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးရေးဆိုတာတွေ သတင်းစာထဲမှာ ဖတ်ကြမြင်နေကြရတယ်။ မြန်မာနိုင်ငံမှာ အသုံးပြုတဲ့ ပိုလီယိုကာကွယ်ဆေးOral poliovaccine(OPV)ဆိုတာ အစက်ချတိုက်ကျွေးရတာ ဖြစ်ပါတယ်။ OPVမှာ ပိုလီယိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးသုံးမျိုးကို အားလျှော့ပြီး live-attenuated virus အဖြစ် ထည့်ထားတယ်။ ဒါ့ကြောင့် trivalent polio vaccineလို့လည်း ခေါ်တယ်။ ၁၉၆၁ခုနှစ်မှာ Albert Sabin ဆိုသူက စတင်ဖော်ထုတ်ခဲ့ပါတယ်။ တချို့က Sabin vaccineလို့လည်း ခေါ်တယ်။ ဆေးကြောင့် ပိုလီယိုဗိုင်းရပ်စ်ပိုး သုံးမျိုးလုံးကို ကာကွယ်ပေးမယ်။ အထူးသဖြင့် type 2 polio virus အတွက် အာနိသင်ပိုတယ်။ global polio eradication ကမ္ဘာလုံးဆိုင်ရာတိုက်ဖျက်ရေးအတွက် အစက်ချပိုလီယိုကိုသာ အသုံးချတယ်။ အူလမ်းကြောင်းမှာ ဝင်ရောက်လာတဲ့ဗိုင်းရပ်စ်ကို တားဆီးပေးသလို ဗိုင်ရပ်စ်ပိုး ပျံ့နှံ့ခြင်းမှ ကာကွယ်ပေးတယ်။ OPVကြောင့် လူတဦးမှ တစ်ဦးသို့ပျံ့နှံ့မှုမရှိအောင် ထိန်းချုပ်နိုင်တယ်။ ဒါ့ပြင် လအနည်းငယ်အတွင်း ဆေးသောက်ထားသူစွန့်လိုက်တဲ့ အညစ်အကြေးကို ထိတွေ့မိသူတွေဟာလည်း ရောဂါပြီးသွားနိုင်တယ်။ OPV ပိုလီယိုကာကွယ်ဆေးကို အသက် ၂လ၊၃လ၊၄လ အရွယ်တွေကို အကြိမ်ခွဲပြီး တိုက်ကျွေးရတယ်။ primary courseလို့ ခေါ်ပါတယ်။ ငါးနှစ်နေရင် စတုတ္ထမြောက်ဆေးကို ပေးရတယ်။ ဒီဆေးကျွေးပြီး (၁၀)နှစ်ကြာတဲ့အခါ နောက်ဆုံးအကြိမ် booster dose ဆိုတာ ထပ်ပေးရတယ်။ ကာကွယ်ဆေးကို ပထမအကြိမ်ပေးပြီးတဲ့အခါ ၅၀ရာခိုင်နှုန်းဟာ ခုခံအားရှိလာတယ်။ တတိယအကြိမ်ပေးပြီးတဲ့အခါ ၉၅ရာခိုင်နှုန်းမကဟာ ရောဂါပိုးကို ကာကွယ်လာနိုင်တယ်။OPVဟာ ဈေးချိုတယ်။ စိတ်ချရတယ်။ life-long immunity ရာသက်ပန် ရောဂါပြီးတယ်။ ရောဂါပိုးအဖြစ်များတဲ့ဒေသတွေမှာ OPV ကိုသာ တိုက်ကျွေးဖို့ WHOက သတ်မှတ်ထားတယ်။ Oral poliovaccine(OPV) မှာ မကောင်းတဲ့အချက်လည်း ရှိသေးတယ်။ ကာကွယ်ဆေးကြောင့် ခြေ၊လက် အကြောသေတာဖြစ်နိုင်တယ်။ vaccine-associated paralytic poliomyelitis (VAPP)လို့ခေါ်ပါတယ်။  လေ့လာမှုတွေအရ OPVကာကွယ်ဆေးကြောင့် အကြောသေတာက လူ၂.၅သန်းမှာ တယောက်နှုန်းသာရှိတာမို့ အချိုးချကြည့်ရင် ဘေးထွက်ဆိုးကျိုးအင်မတန် နည်းပါတယ်။ ဒါ့ပြင် အူလမ်းကြောင်းမှာ ခုခံအားရှိပြီး ရောဂါသုံးမျိုးကာကွယ်တာကလည်း အားသားချက်ဖြစ်တယ်။ 

အစက်ချဆေးမှ ထိုးဆေးသို့
၂၀၀၀ပြည့်နှစ်ကစပြီး အမေရိကားမှာ OPVအစား IPV(inactivated polio vaccine) ထိုးဆေးကိုပြောင်းလဲအသုံးပြုခဲ့တယ်။ အမေရိကားလို ရောဂါထိန်းချုပ်ထားနိုင်တဲ့ နိုင်ငံတွေမှာ ရောဂါပိုးအရှင်မပါဝင်တဲ့ IPVကိုသာ အသုံးပြုတော့တယ်။ IPVကို ၁၉၅၅ခုနှစ်ကတည်းက Dr. Jonas Salkက စတင်ဖော်ထုတ်ခဲ့တယ်။ ဒါ့ကြောင့် Salk vaccineလို့လည်း ခေါ်တယ်။ ထိုးဆေးမှာ inactivated(killed) polio virus ဗိုင်းရပ်စ်ပိုးအသေ (၃)မျိုးကို ထည့်သွင်းထားတယ်။ ပေါင်(သို့)လက်မောင်းမှာ အသားဆေး ပေးရတယ်။ လူကြီးမှာ ဆေးသုံးကြိမ်(၀-၁လ-၁နှစ်)ပေးရတယ်။ ကလေးဖြစ်ရင် (၂လ-၄လ-၆လ-၅နှစ်)အရွယ်မှာ ဆေးလေးကြိမ်ပေးရတယ်။ မကောင်းတဲ့အချက်က အူလမ်းကြောင်းမှာ ရောဂါပြီးတာမျိုးမရှိဘူး။ OPVထက် (၅)ဆလောက် ဈေးပိုကြီးတယ်။ ရောဂါထိန်းချုပ်ထားပြီးဒေသတွေမှာသာ အသုံးကျတယ်။ 

ပြန်လည်ဖြစ်ပွားလာပြီလား
ဒီဖက်ခေတ်မှာ နိုင်ငံအချို့မှာ ပိုလီယိုရောဂါပြန်လည်ဖြစ်ပွားလာတာ တွေ့ရပါတယ်။၂၀၁၃ နှောင်းပိုင်းကာလတွေမှာ ကင်ညာ၊အီသီယိုပီးယားနဲ့ ဆိုမားလီးယားဒေသတွေမှာ ပိုလီယိုရောဂါသည်တွေ တွေ့ခဲ့ရတယ်။ ဆီးရီးယားမှာ ပြည်တွင်းစစ်ဖြစ်တဲ့အခါ polio case အသစ်တွေ ထပ်မံတွေ့ရပြန်တယ်။ သန့်ရှင်းတဲ့ သောက်သုံးရေမရရှိမှု၊ပတ်ဝန်ကျင်နဲ့ တကိုယ်ရေ သန့်ရှင်းမှုအားနည်းချက်ကြောင့် ပိုလီယိုရောဂါတွေ ပြန်ဖြစ်လာတယ်လို့ ဆိုကြတယ်။ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလထဲမှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီယားပြည်နယ်မှာ ပိုလီယိုနဲ့ လက္ခဏာတူတဲ့ ခြေလက်အကြောသေသူ ကလေးငယ်စုစုပေါင်း (၂၅)ဦးထိ တွေ့ခဲ့ရတယ်။ အမေရိကန်ပြည်ထောင်စုမှာ နှစ်(၂၀)အတွင်း ပိုလီယိုရောဂါကြောင့် ခေါင်းခဲစရာဖြစ်လာတယ်။  ပိုလီယိုများခေါင်းပြန်ထလာပြီလား။ သို့လော၊သို့လော တွေးစရာဖြစ်လာတယ်။ ၂၀၁၁ တုန်းကလည်း တရုတ်နိုင်ငံမှာ ပါကစ္စတန်တဆင့် ကူးစက်လာတယ်လို့ ဖော်ပြထားသေးတယ်။ ပိုလီယိုရောဂါ အမြစ်ပျက်ဖို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အရေးပါပုံကိုလည်း မေ့ထားလို့မရတာ အမှန်ပါပဲ။ ဘယ်လိုပဲဆိုဆို ပိုလီယိုကင်းစင် ကမ္ဘာတစ်ခွင်ဖြစ်ဖို့ ဆက်လက်ကြိုးပမ်းကြရမှာတော့ သေချာနေပါတယ်။

ဒေါက်တာ အေးမင်းထူး
Health Care Journal(4.4.14)

No comments:

Post a Comment