Friday, July 25, 2014

ကော်ဖီကင်ဆာ

ဆရာခင်ဗျား
ဆရာရေးထားတဲ့ ကော်ဖီနဲ့ကဖင်းဓာတ်ကို ဖတ်ပြီးတော့ သိချင်လာတာက ကော်ဖီက ကင်ဆာကို ဖြစ်စေပါသလားဆရာ၊တခြားဘာဆိုးကျိုးတွေများ ရှိလာနိုင်မလဲ။ ဖြေကြားပေးပါဦးဆရာ၊


ကော်ဖီစေ့ကို မီးပြင်းပြင်းနဲ့ ခပ်ကြာကြာလှော်မိရင် Acrylamideဆိုတဲ့ ဓာတ်တမျိုး ထွက်လာတယ်။ ဒီဓာတ်က ကင်ဆာရောဂါကို ဖြစ်စေတယ်။ အရောင်မဲသွားလေ Acrylamide ဓာတ် ပိုများလာလေဖြစ်တယ်။ ကော်ဖီများများသောက်ရင် cortisol, epinephrine နဲ့
norepinephrine စတဲ့ stress hormone တွေ ထွက်လာတယ်။ ဒီဟော်မုန်းတွေက သွေးကြောတွေကို ကျဉ်းစေမယ်။ သွေးပေါင်တက်လာပြီး နှလုံးခုန်မြန်လာတယ်။ ရင်တုန်လာတယ်။ ကဖင်းဓာတ်ကြောင့် ရင်ပူစေတယ်။ အစာမကြေတာမျိုး ရှိမယ်။ နေ့စဉ် သောက်သုံးရင် အစာအိမ်ကို ထိခိုက်စေတယ်။ အက်ဆစ်အထွက်များလာတယ်။ ဒါ့ပြင် အူလမ်းကြောင်းက အာဟာရဓာတ်စုပ်ယူမှုကို တားဆီးပေးတယ်။ အူသိမ်ရဲ့ လှုပ်ရှားမှုကို အားပေးလို့ အာဟာရဓာတ်တွေ ကောင်းကောင်း မစုပ်ယူနိုင်တော့ဘူး။ အထူးသဖြင့် သံဓာတ်၊ကယ်စီယမ်၊မဂ္ဂနီစီယမ်နဲ့ ဇင့်ဓာတ်တွေ စုပ်ယူမှုကို ဟန့်တားတယ်။ ဒါ့ပြင် စိတ်ခံစားမှုနဲ့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ GABA ဇီဝဖြစ်ပျက်မှုကို ပြောင်းလဲစေတယ်။

ကော်ဖီပရိသတ်တွေ ပြောနေ၊ရေးနေကြတဲ့ ကော်ဖီဘယ်နှစ်ခွက်သောက်ရင် ဘယ်ရောဂါကာကွယ်မယ်၊ဘယ်ရောဂါအတွက်ကောင်းတယ်ဆိုတာ မလာခင် ဇီဝကမ္မပြောင်းလဲမှု၊သွေးတိုး၊ဆီးချိုစတာတွေ အရင်လာလိမ့်မယ်။ နေ့စဉ်ကော်ဖီ (၄)ခွက်ထက် ပိုသောက်ရင် အသေအပျောက်နှုန်း ၂၁% ထိ တက်လာတာ တွေ့ရတယ်။ ဒါပေမယ့် ၂ခွက်အောက် သောက်လို့ သေနှုန်းတက်လာတယ်လို့လည်း မတွေ့မိသေးဘူး။ သေချာတာတော့ ကော်ဖီများများ သောက်တာက လူ့ခန္ဓာကိုယ်အတွက် မကောင်းဘူးဆိုတာပဲ။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ကော်ဖီလျှော့သောက်ဖို့သာ အလေးထား တိုက်တွန်းပါရစေ။ 

ဒေါက်တာ အေးမင်းထူး
၂၃.၇.၁၄

No comments:

Post a Comment