Wednesday, March 13, 2013

ဆီးကျောက်တည်နေသလား

 လောကမှာ ကျောက်ဆိုရင် တန်ဖိုးရှိမယ်၊အဖိုးတန်မယ်သာ ထင်တတ်တယ်။အထူးသဖြင့်မြန်မာနိုင်ငံက ကျောက်နဲ့နာမည်ကြီးတာမလား။ ကျောက်ဆိုရင် လူမျိုးတိုင်း၊နိုင်ငံတိုင်းက တန်ဖိုးထားချင်ကြတယ်။တချို့နေရာတွေမှာ တန်ဖိုးထားချင်စရာမကောင်းတဲ့ကျောက်လည်း ရှိတတ်တာပဲ။လူ့ခန္ဓာကိုယ်ထဲက ထွက်တဲ့ကျောက်မှန်သမျှတော့ ကောင်းတယ်ကိုမရှိဘူး။bladder stoneသည်းခြေကျောက်၊kidney stoneဆီးကျောက် စသည်ဖြင့် ကျောက်အမျိုးမျိုးထွက်နေပေမယ့် တန်ဖိုးမရှိတာသာများတယ်။ တခါတရံ တန်ဖိုးမရှိတဲ့ကျောက်က တန်ဖိုးရှိလာတာမျိုးလည်း ဖြစ်နိုင်တယ်။ ဥပမာ ဆေးရုံဆေးခန်းတက်ရပြီဆို သူ့တန်ဖိုးကတက်လာတယ်။ ပြောမယ်ဆို ကြီးရင် ကြီးသလောက်တန်ဖိုးတက်သလို အရင်းအနှီးပိုများလာတယ်။ ကရိကထ ပိုများလာတယ်။ 


ဆီးလမ်းကြောင်းမှာ ကျောက်တည်တာကို ဆီးကျောက်တည်တယ်လို့ အလွယ်ခေါ်ကြတယ်။ urolithiasisလို့လည်း ခေါ်နိုင်တယ်။ကျောက်ကပ်ထဲကျောက်တည်တာမျိုးကျ kidney stoneတဲ့။လက်တင်လိုကျတော့ renal calculusကျောက်ကပ်ထဲက ကျောက်စရစ်ခဲများဆိုတဲ့အဓိပ္ပါယ်ဖြစ်ပြန်ရော။kidney stoneကို ဆေးပညာလိုပြောချင်ရင် nephrolithiasis လို့ ပြောင်းခေါ်ရပြန်တယ်။ဝေါ်ဟာရပြောင်းလဲပေမယ့် အဓိပ္ပါယ်ကအတူတူတွေပဲ။ 
-ဆီးကျောက်က အသက်၂၀-၄၀အရွယ်တွေမှာ စတင်ဖြစ်တတ်တယ်။အသက်လေးဆယ်ကျော်မှ လူ့ဘဝစချင်သူများအဖို့ ဘဝမစခင် ကျောက်ကစနေပြီဖြစ်နေမယ်။ 
-မျိုးရိုးရှိသူ၊အဝလွန်သူတွေ ပိုဖြစ်များမယ်။ 
-အပူပိုင်းဒေသဖြစ်တဲ့ အာရှတိုက်မှာနေသူတွေ ပိုကံဆိုးတယ်ဆိုနိုင်တယ်။ဥရောပ၊အာဖရိကမှာ ပိုအဖြစ်နည်းတယ်။ 
-အမျိုးသားတွေက အမျိုးသမီးတွေထက် သုံးဆလောက်အဖြစ်များတယ်။အမေရိကားမှာ အမျိုးသား ၁၂ရာခိုင်နှုန်း၊အမျိုးသမီး ၇ရာခိုင်နှုန်းက ဆီးကျောက်တည်ခဲ့ဖူးမယ်။
-တနှစ်ကို ဆီးကျောက်ဝေဒနာသည် သန်း၂၀ကျော်လောက် ဆေးကုသမှုခံယူနေရတယ်။ တခါဖြစ်ဖူးသူဟာ ၁၀နှစ်အတွင်း နောက်တကြိမ်ထပ်ဖြစ်နိုင်တယ်။

        ဆီးကျောက်ဆိုတာ အစားအသောက်၊အနေအထိုင်၊မျိုးရိုး၊ပတ်ဝန်းကျင်၊ရာသီဥတု အကုန်လုံးနဲ့ သက်ဆိုင်နေတယ်။
-အပူပိုင်းဒေသတွေမှာ ပိုအဖြစ်များတယ်။
-ချွေးထွက်များပြီး ဆီးသွားနည်းသူတွေမှာ တွေ့ရတယ်။
-အဝလွန်သူတွေမှာအဖြစ်များတယ်။
-အသား၊ငါးအပြင် တချို့အသီးအရွက်တွေကြောင့် ပိုဖြစ်နိုင်တယ်။
-ကိုယ်ဝန်ဆောင်မိခင်တွေ ဆီးသွားနည်းရင် ဖြစ်တတ်သေးတယ်။
-ကင်ဆာဆေး၊ဗိုင်းရပ်စ်၊ဆီးဆေးအချို့ကြောင့်လည်း ဖြစ်တတ်သေးတယ်။

ကံကောင်းတာတခုက ဆီးကျောက်ဖြစ်သူအများစုဟာ ရောဂါဝေဒနာမခံစားရဘဲ ပျောက်ကင်းသွားတတ်တာပဲ။ကျောက်ကပ်မှာ အနည်ကျစုပုံလာတဲ့ ပစ္စည်းတွေကို ဆီးနဲ့ရေစုန်မျှောပစ်တယ်။မမျှောနိုင်တဲ့အနည်တွေဟာ အချိန်ကြာတာနဲ့အမျှ စုပုံပြီးကြီးထွားလာတယ်။နောက်ဆုံး အနည်တွေခဲပြီးပေါင်းစပ်ပြီး ကျောက်ဖြစ်လာတယ်။ပုံမှန်အားဖြင့် 3-5mmရှိတဲ့ကျောက်တွေဟာ အပြင်ကိုထွက်နိုင်သေးတယ်။ပိုကြာလာတာနဲ့အမျှ ထွက်ဖို့ရာခိုင်နှုန်းပိုပိုနည်းလာတယ်။ဖြစ်လာတဲ့ကျောက်ဟာ ဆီးထဲကမထွက်ပဲ ပိတ်မိနေရင် လက္ခဏာတွေစတင်ခံစားရမယ်။

ဆီးကျောက်အမျိုးအစား
-ဆီးကျောက်ထဲမှာ calcium oxalate stone က အဖြစ်များဆုံးပဲ။တမျိုးထဲဖြစ်တာ ၃ပုံ ၁ပုံလောက်ကိုရှိမယ်။
-calcium phosphateနဲ့ရောဖြစ်တဲ့ mixed stone အမျိုးအစားကလည်း ၃ပုံ၁ပုံလောက်ထိ အတွေ့များတယ်။ဓာတ်မှန်မှာထင်ထင်ရှားရှားတွေ့မြင်နိုင်တယ်။
-struviteခေါ်တဲ့ magnesium ammonium phosphateအမျိုးအစားက ၂၀ရာနှုန်းလောက် ရှိမယ်။
-uric acidနဲ့ calcium phosphateတွေကြောင့် ၅ရာခိုင်နှုန်းလောက်သာ ဖြစ်နိုင်တယ်။

ကျောက်တစ်လုံးထဲဖြစ်နိုင်သလို သုံးလေးလုံးတပြိုင်နက် ဖြစ်နိုင်တယ်။တခါတရံ ကျောက်ကပ်နှစ်ဖက်လုံးပိတ်တတ်သေးတယ်။အဖြစ်တော့နည်းတယ်။
ရောဂါလက္ခဏာတွေက ကျောက်ပိတ်တဲ့နေရာပေါ်မူတည်ပြီး ကွဲပြားနိုင်သေးတယ်။ တချို့လက္ခဏမပြတာလဲဖြစ်နိင်တယ်။ကျောက်ကပ်ထဲမှာ ပိတ်နေရင် သိပ်မဆိုးတတ်သေးပဲ ureterဆီးပြွန်ငယ်ထဲ ရောက်ပြီးပိတ်ရင် ပိုဆိုးတတ်တယ်။ချွေးဒီးဒီးကျလောက်အောင် နာကျင်တာကို ခံစားရတတ်တယ်။ဇောချွေးတွေ ပြန်လာမယ်။နာရီဝက် တနာရီလောက်ကြာတတ်တယ်။နေ့တဝက်လောက် ကြာတာမျိုးရှိတတ်တယ်။သက်သာပြီးရင်တောင် ပြန်ပြန်ပြီး  ဖြစ်တတ်သေးတယ်။ကျောက်ရှိတဲ့ ခါးနေရာက မခံမရပ်နိုင်နာကျင်လာမယ်။ ပေါင်ခြံ၊အင်္ဂါစပ်နားထိ ဆင်းသွားပြီး နာကျင်တာ ခံစားရမယ်။ဆီးပူ၊ဆီးအောင့်၊ဆီးကျင်တာရှိနိုင်သလို ဆီးသွားများတာ၊ဖျားတာ၊နာတာ၊ပျို့ချင်အန်ချင် ရှိနိုင်တယ်။ဆီးသွားရင် သွေး၊ပြည်စတာတွေ ပါလာနိုင်တယ်။

Costo–vertebral နံရိုးအောက်ဖက် ခါးဘေးမှာ စမ်းသပ်ကြည့်ရင် မခံမရပ်နိုင်နာလာတတ်တယ်။ အက်ထရာဆောင်း(သို့)ရိုးရိုးဓာတ်မှန်လောက်နဲ့ အဖြေထွက်တတ်တယ်။လိုအပ်ရင် CT,MRIဆက်ရိုက်မယ်။သွေးစစ်၊ဆီးစစ်တာမျိုးလုပ်သင့်တယ်။ ကျောက်အရွယ်အစားပါ တခါတည်း သိရင်ပိုကောင်းတယ်။ 

-ပုံမှန်အားဖြင့် လက္ခဏာမပြသေး၊ဒုက္ခမပေးသေးတဲ့ကျောက်တွေကို စောင့်ကြည့်တယ်။
- အများစုဟာ သူ့ဘာသာ ကျေပျက်သွားတယ်။
-ဒီအတောအတွင်း နေ့ရောညပါ ရေများများသောက်တဲ့အကျင့် တတ်နိုင်သလောက်လုပ်ပေးသင့်တယ်။
-အစားအသောက်ဆောင်ရန်၊ရှောင်ရန်တွေဟာ ကျောက်အမျိုးအစားလိုက်ပြီး မတူညီတတ်ဘူး။ 
-တချို့ကို Medical Expulsive therapy သောက်ဆေးပေးပြီး ဆီးထဲကထွက်အောင်လုပ်ရတယ်။tamsulosin,terazosin,nefidipineအစရှိတဲ့ ဆေးတွေက ကူညီပေးနိုင်တယ်။
-ရောဂါသိပ်ဆိုးလာရင်၊သိပ်နာလာရင် အကိုက်အခဲပျောက်ဆေးလိုအပ်လာတယ်။NSAIDထဲက ibuprofenပေးဖို့ညွန်းမယ်။တကယ်ဖြစ်သူက ဒီဆေးလောက်နဲ့ မသက်သာတာများတယ်။ ပိုဆိုးလာရင် ketorolac လိုဆေးမျိုးလိုလာတယ်။
-မရသေးရင် morphine,nalbuphineလို အပြင်းစားအကိုက်ခဲပျောက်ဆေးတွေ ပေးမှသက်သာတယ်။
-ဆေးရုံတက် ကုသမှုခံယူရမယ်။
-ရောဂါကုသတဲ့အခါ ကျောက်ရဲ့ အရွယ်အစား၊ပါဝင်တဲ့ အမျိုးအစားကလည်း အရေးကြီးတယ်။
>5-20mmအရွယ်ရှိတဲ့ကျောက်တွေဟာ စွမ်းအင်မြှင့်လှိုင်းတွေ ပြင်ပကပေးပြီး ချေဖျက်ရတယ်။ESWL(Extracorporeal Shock Wave Lithotripsy)လုပ်တယ်လို့ ခေါ်တယ်။ ပိတ်နေတဲ့ ကျောက်ဟာ အမှုန်အစအနတွေအဖြစ် ပြောင်းလဲပြီး ဆီးထဲမှာ ပါသွားမယ်။
>20-30mmကျောက်တွေကို မေ့ဆေးပေး၊အရေပြားကိုအပေါက် ဖောက်ပြီး ပြွန်ငယ်လေးနဲ့ထုတ်ယူရတယ်။Percutaneous nephrolithotomyလုပ်တယ်လို့ ခေါ်ကြတယ်။
>လေဆာနဲ့ကျောက်ချေတာလည်း ရှိသေးတယ်။ဆီးပြွန်ကတဆင့် ဆီးလမ်းတလျှောက်ureteroscope ပြွန်ငယ်လေးထည့်ပြီး ကျောက်ကပ်ထဲထိ ရောက်နိုင်တယ်။ပြင်ပက မြင်နိုင်အောင် ကင်မရာငယ်လေး တပ်ဆင်ထားတယ်။ အရွယ်အစား၊အမျိုးအစားတွေကို မျက်စိနဲ့ သေချာမြင်ရတယ်။လိုအပ်ရင် laser fibreလေးနဲ့ ကျောက်ချေပစ်နိုင်တယ်။ureteroscopy and laser lithotripsyလို့ ခေါ်တယ်။ပိုသေးတဲ့ကျောက်ဆိုရင် ပိုက်နဲ့စွပ်ပြီး ဆွဲထုတ်နိုင်သေးတယ်။ကျဉ်းနေတာရှိရင် တခါတည်း stentထည့်ခဲ့မယ်။ကရိကထမများပဲ စုစုပေါင်းလုပ်ချိန် တစ်နာရီလောက်သာ ကြာတယ်။
>နောက်ဆုံးနည်းက ခွဲစိတ်ပြီး ကျောက်ထုတ်ပစ်ရတယ်။ကျောက်အရွယ်အစား ကြီးမားတဲ့အခါ၊အရေအတွက်များတာ၊ကျောက်ကပ်ကောင်းကောင်း အလုပ်မလုပ်တာ၊ကျောက်ကပ်နှစ်ဖက်လုံးမှာ ပိတ်နေတာစတဲ့အခြေအနေတွေမှာ ဒီနောက်ဆုံးနည်းကို သုံးရတယ်။ 

           မှတ်သားသင့်တဲ့တချက်က တခါဖြစ်ဖူးသူရဲ့ ၅၀ရာနှုန်းဟာ ၁၀နှစ်အတွင်း နောက်တကြိမ်ပြန်ဖြစ်နိုင်တယ်။ဒါ့ကြောင့် ပြန်မဖြစ်အောင်ကြိုတင်ကာကွယ်ဖို့ အရေးကြီးလာတယ်။

 ကာကွယ်ဖို့ဆိုရင်
-ရေများများသောက်သင့်တယ်။တရက် ရေသန့်ဘူး ၂-၃ဗူးထိသောက်ပေးပါ။
-အငန်ဓာတ်၊ဆားပါတာ လျှော့စားရမယ်။
-အသားဓာတ် ၂၀၀ ဂရမ်ထက် ပိုမစားသင့်ဘူး။အဆီအစိမ့်၊နီတဲ့အသားရှောင်သင့်တယ်။သွေးတွင်း ယူရစ်အက်ဆစ်ကို တက်စေမယ်။
-ကယ်လစီယမ်၊ဗီတာမင် စီ၊ဒီ ပါတဲ့ ဆေးဝါးတွေ သတိထားသောက်ပါ။တရက် ကယ်လစီယမ်၊ဗီတာမင် စီ 1g ထက်မပိုသင့်ဘူး။ဗီတာမင်ဒီဆေးဝါးတွေ 400IUထက် မပိုသင့်ဘူး။ 
-တွေ့ရှိချက်တွေအရ ဗီတာမင်ဆေးပြားတွေထက် အစားအသောက်မှာ ကယ်လဆီယမ်၊ဗီတာမင်ကြွယ်ဝတာ လူနာအတွက် အကျိုးမယုတ်စေဘူး။
-နွားနို့၊လိမ္မော်၊သံပုရာ၊ရှောက်ရည်သောက်နိုင်တယ်။
-တချို့ အသီးအရွက်တွေထဲမှာ oxalateတွေ များမယ်။ဒီဓာတ်တွေက ကျောက်တည်တတ်လို့ သတိထားသင့်တယ်။ဟင်းနုနွယ်၊ပန်းဂေါ်ဖီ၊ပဲပုတ်၊စတော်ဘယ်ရီ၊ခရမ်းချဉ်သီး၊အခွံမာသီးစတာတွေ ရှောင်သင့်တယ်။
-ကယ်လစီယမ်ဓာတ်ပါတာနဲ့ တွဲစားရင် သွေးကြောထဲကို အရောက်နည်းသွားစေတယ်။
-ဆီးသွားတဲ့အခါ အက်ဆစ်ဓာတ်နည်းတာ ကောင်းတယ်။ကျောက်အများစုကို ကာကွယ်နိုင်တယ်။antacidတွေ ပေးနိုင်တယ်။
-diamox,chlorthalidoneလိုဆီးဆေးမျိုးဟာ သွေးတွင်း ကယ်လစီယမ်ဓာတ်နည်းစေလို့ ဆီးကျောက်အဖြစ်နည်းစေတယ်။ဆီးကိုလည်း အက်ဆစ်ဓာတ်လျှော့ချပေးတယ်။
-ယူရစ်အက်ဆစ်များနေရင် allopurinol လိုဆေးမျိုးသုံးသင့်တယ်။ Uric acid stone ဖြစ်နှုန်း ကျဆင်းစေတယ်။
-အမိုင်နိုအက်ဆစ် methonine,cystine ပါတဲ့အားဆေးတွေ သတိထားပါ။
-အားဆေးသောက်ချင်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါလေ။

ဒေါက်တာ အေးမင်းထူး
Health Care Journal(15.3.13)

No comments:

Post a Comment