Monday, September 1, 2014

စိတ်ကဏှာမငြိမ်ရောဂါ

ADHD(Attention deficit hyperactivity disorder)ဆိုတာ စိတ်ဂဏှာမငြိမ်ပဲ တကိုယ်လုံး လှုပ်လှုပ်ရှားရှား အပြုအမူမျိုးရှိတဲ့ ကျန်းမာရေးပြဿနာတခု ဖြစ်ပါတယ်။ရောဂါရှိနေသူရဲ့ အပြုအမူလုပ်ဆောင်ချက်တွေဟာ တခြားသူကို စိတ်ဒုက္ခပေးရာကျတယ်။ အများစုဟာ စိတ်မြန်ပြီး စိတ်လိုက်မာန်ပါ လုပ်တာ၊စိတ်အာရုံပျံ့လွင့်တာ၊ အမြဲတမ်းကဏှာမငြိမ်ဖြစ်တာမျိုး တွေ့ရတယ်။ အပြုအမူ၊စိတ်အပြောင်းအလဲမြန်တယ်။ ဒီအချက်ကပဲ လူမှုရေး၊စိတ်ပိုင်းဆိုင်ရာ၊အသိပညာတိုးတက်မှုကို ထိခိုက်စေတယ်။ လေ့လာမှုတွေအရ ယူကေမှာ ကျောင်းနေစအရွယ် ကလေးငယ် (၁၀၀)မှာ ငါးယောက် ဖြစ်တာ တွေ့ရတယ်။ ရာခိုင်နှုန်းအားဖြင့် ၅ရာခိုင်နှုန်း ဖြစ်တယ်။ သေချာတွက်ကြည့်ရင် လူအယောက်(၂၀)ရှိတိုင်း တယောက်ဟာ ADHDရှိတဲ့သဘောဆောင်တယ်။ ယောကျာင်္းလေးတွေမှာ ၃ဆလောက်ပို ဖြစ်တယ်။အများစုဟာ အသက်(၅)နှစ်ကျော်မှ ရောဂါအမည်တပ်နိုင်ကြတယ်။

ဘာ့ကြောင့်ဖြစ်စေလဲ
ရေရေရာရာတိတိကျကျမသိရသေးပါ။ ဖြစ်နိုင်ချေများတဲ့ အကြောင်းက-
-Genetics(မျိုးရိုး)
-antenatal problem(ကလေးကိုယ်ဝန်ဆောင်ချိန် ပြဿာရှိတာ)
-obstetric problem(မွေးဖွားစဉ်ပြဿနာရှိတာ)
-severe deprivation(မိဘရဲ့ မေတ္တာ၊အလိုလိုက်မခံရတာ)

ADHDမှာ ပုံစံ(၃)မျိုး ရှိပါတယ်။
၁။Hyperactive-impulsive subtype
• စိတ်ဂဏှာမငြိမ်တာ သိသာနေမယ်
• ကလေးလိုပဲ နေရာမကြည့် လုပ်ချင်ရာလုပ်တယ်၊
• ဆူညံစွာ ဆော့ကစားတယ်
• စကားလိုတာထက် ပိုပြောတယ်
• ငြိမ်မနေ တခုခုလှုပ်နေမှ ကျေနပ်တယ်
•တခြားလူကို အနှောက်အယှက်ဖြစ်စေတယ်

၂။inattention subtype
• စိတ်အာရုံစုစည်းမရဖြစ်မယ်
• နမော်နမဲ့နိုင်တယ်
• ခိုင်းတဲ့ပြောတဲ့အတိုင်း မလိုက်နာတတ်ဘူး
•ပစ္စည်းမေ့နေ၊ပျောက်နေတာမျိုး အမြဲရှိတယ်
•အာရုံစူးစိုက်မှု မရှိလို့ ဘာလုပ်လုပ်တလွဲတွေ ဖြစ်နေတတ်တယ်

၃။combined subtype
• အထက်မှာ ဖော်ပြတဲ့ လက္ခဏာ(၂)မျိုးလုံးရှိတယ်။
ဒီလိုလက္ခဏာတွေကြောင့် စကားပြောတာ၊စာသင်ကြားရာမှာ အခက်တွေ့ရတယ်။ကြာလာတော့ ကိုယ့်ဘာသာ စိုးရိမ်ပူပန်လာပြီး စိတ်ဓာတ်ကျလာတယ်။ စိတ်ဓာတ်ကျလေ၊စိတ်အာရုံစူးစိုက်မရလေဖြစ်ပြီး သံသရာလည်နေတော့တယ်။ အဓိကအားဖြင့် ကိုယ့်စိတ်ကိုငြိမ်အောင် မထိန်းနိုင်လို့ ဖြစ်တာပါ။

ADHDဖြစ်ဖို့ ဆရာဝန် ဖြစ်သူက criteriaစံချိန်စံညွှန်းတွေနဲ့ သတ်မှတ်ရတယ်။ ဥပမာအားဖြင့် ခံစားရတဲ့လက္ခဏာတွေဟာ အနည်းဆုံး(၆)လ ရှိရမယ်ဆိုတာတွေ၊နေ့စဉ်လူနေမှုဘဝကို ထိခိုက်စေတဲ့အချက်တွေ၊တခြားရောဂါအခံ ရှိ၊မရှိ ကြည့်ရတဲ့အပိုင်းတွေ ရှိပါတယ်။ 

ADHD လို့သေချာရင် ဆက်လက်လုပ်ဆောင်စရာအချက်(၄)ချက်ရှိပါတယ်။
•    Education(သင်ကြားရေး)
•    Structure, support, and coaching(အထောက်အကူပေးပြုပြင်ရေး)
•    Various forms of psychotherapy(စိတ်လေ့ကျင့်ခန်း)
•    Medication(ဆေးဝါး)

ရောဂါကုသတဲ့ အဓိကဆေးသုံးမျိုး
-Methylphenidate (Ritalin®) 
-Atomoxetine(Strattera)
-Dexamfetamine
ဆေးတွေကို အထူးကုရဲ့ ညွှန်ကြားချက်အောက်မှာ သုံးစွဲရတယ်။အသက်(၆)နှစ်အောက်တွေကို ဆေးမပေးပါ။ ဆေးပေးခြင်းကြောင့် အပြုအမူလေ့ကျင့်သင်ကြားရေး ကုသမှုထက်စာရင် ပိုကောင်းလာတာ တွေ့ရတယ်။ 

Methylphenidate ဆိုတာ အသုံးများဆုံးဖြစ်ပါတယ်။ဦးနှောက်ထဲမှာ ရှိတဲ့ dopamineပမာဏများစေတယ်။ stimulant စိတ်အာရုံကိုနိုးဆွပေးတယ်။ စိတ်တည်ငြိမ်ပြီး စိတ်စုစည်းမှုကောင်းလာတယ်။ တဖြည်းဖြည်း ကိုယ့်ကိုယ်ကို ထိန်းချုပ်လာနိုင်တယ်။ ဘေးထွက်ဆိုးကျိုး ညအိပ်မပျော်တာ၊အစားအသောက်ပျက်ပြီး ပိန်လာတာ ရှိတယ်။ ဆေးပေးစမှာ အနည်းဆုံးကစပြီး ဖြည်းဖြည်းချငိးတိုးပေးရတယ်။ ပေးစမှာ 5mg တနေ့သုံးကြိမ်၊တပတ်ကို 15mgနှုန်းနဲ့ တင်တယ်။ ၁လအကြာမှာ 20mg တနေ့သုံးကြိမ်လောက် အများဆုံး ပေးနိုင်တယ်။ ဆေးပေးပြီး နာရီဝက်အတွင်း အာနိသင်ပြတယ်။ ဆေးတလုံးဟာ ၄နာရီလောက်ခံတယ်။ ဆေးပမာဏခန့်မှန်းလာနိုင်ရင် ကြာကြာခံတဲ့ long-acting ဆေးကို တနေ့တကြိမ်လောက် ပြောင်းပေးနိုင်တယ်။ ဆေးပေးတဲ့အခါ အထူးကုရဲ့ အနီးကပ်စောငိ့ကြပ်မှု လိုအပ်ပါတယ်။ သွေးခုန်နှုန်း၊သွေးပေါင်ချိန်၊ဝိတ်စတာတွေကို အမြဲစစ်နေရမယ်။ ကလေးအရွယ်က လူကြီးဖြစ်သည်ထိ နှစ်ချီသောက်ရတယ်။ ဆေးကို မလိုအပ်တဲ့အခါ ဖြတ်ပေးနိုင်တယ်။ဒီဆေးနဲ့မရရင် တခြားဆေးပြောင်းပေးရတယ်။ Atomoxetineဆိုတာလည်း stimulantတမျိုး ဖြစ်ပါတယ်။ ဦးနှောက်ထဲမှာ noradrenalineကို များစေတယ်။ severe ADHDမှာ ဆေးသုံးဖို့ ညွှန်ကြားပါတယ်။ ကြာရှည်သုံးတဲ့အခါ ဆေးကိုတလွဲသုံးတာမျိုး ရှိနိုင်တယ်။ အထူးသဖြင့် cocaineလိုဆေးမျိုး သုံးတဲ့အခါ ဆေးစွဲလာနိုင်တယ်။

အကြံပြုချက်
-ကော်ဖီသောက်တာ ရှောင်ပါ။
-လေ့ကျင့်ခန်း မှန်မှန်နဲ့ မြန်မြန်လုပ်ပါ။
-မအိပ်ခင်(၁)နာရီအတွင်း လေ့ကျင့်ခန်း မလုပ်ပါနဲ့။
-ညကတည်းက မနက်အတွက် လုပ်ဆောင်စရာတွေ ချရေးထားပါ။
-အချိန်မှန်စားပါ(နည်းနည်းစီ မကြာခဏစားပါ)
-အသားဓာတ်ကို အားပြုစားပါ။သကြားဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်နည်းပါစေ။
-စိတ်ကို အမြဲသတိပြုနေပါ။(တရားထိုင်တဲ့သဘော အမှတ်နဲ့နေပါ)
-ရောဂါရှိနေသူဆိုတဲ့ စိတ်အခံမထားသင့်ဘူး။
-စိတ်ဖိစီးမှုလျှော့ကျအောင် စာအုပ်ဖတ်၊တီဗွီကြည့်ပေးပါ။
-ညမအိပ်ခင်ရေနွေးနဲ့ ချိုးပေးသင့်တယ်၊စိတ်ကြည်လင်နေမယ်။
-တရားထိုင်ခြင်းက ရောဂါလက္ခဏာတွေကို သိသိသာသာသက်သာလာစေတယ်။
-အနောက်နိုင်ငံတွေမှာ ဒီရောဂါအတွက် တရားထိုင်ဖို့၊ယောဂကျင့်ဖို့ သီးတန့်သင်တန်းတွေ ရှိနေပြီဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
Health care journal(29.8.14)

No comments:

Post a Comment