Thursday, March 21, 2013

Ginkgo ကမ္ဘာဦးပင်၊နှစ်တစ်ရာသီးနှင့် ပဲကော

သက်ရှိအပင်တွေထဲမှာ သက်တမ်းအရှည်ကြာဆုံး၊ရာသီဥတုဒဏ်ကို အခံနိုင်ဆုံးက ginkgo bilobaခေါ်တဲ့ ကမ္ဘာဦးပင် ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်သန်းပေါင်း၂၇၀ကျော်က ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိခဲ့ရတယ်။ရှေးယခင် နှစ်သန်းပေါင်းများစွာကတည်းက ယနေ့ထက်တိုင် တွေ့နေဆဲဖြစ်တာကြောင့်ကမ္ဘာဦးပင်လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ 

နောက်ကြောင်းရာဇဝင်လိုက်ကြည့်ရင် တရုတ်ပြည်က ဇာတိချက်ကြွေဖြစ်နေတာ တွေ့ရတယ်။ပုံမှန်အားဖြင့် မီတာ ၃၀လောက်ရှိတဲ့အပင်ဟာ တရုတ်ပြည်မှာ မီတာ၅၀ကျော်လောက် ဖြစ်နိုင်တယ်။သက်တမ်းရင့်လာတာနဲ့အမျှ အပင်ဟာ ကြီမားသလို ပိုမိုကျယ့်ပြန့်လာတယ်။အမြစ်ဟာ နက်ရှိုင်းစွာတွယ်ဝင်နေသလို ပျက်ဆီးဖို့လည်း ခက်ခဲလာတယ်။လေဒဏ်၊မိုးဒဏ်သာမက ပိုးမွှားဒဏ်တွေပါကာကွယ်ပေးတယ်။ ရေစီးရေလာကောင်းမွန်တဲ့နေရာမှာ အဓိကပေါက်ရောက်တယ်။အပင်မှာ အဖိုပင်၊အမပင် နှစ်မျိုးရှိတယ်။အပင်ကရတဲ့ အရွက်၊ အသီးတွေ ဟာ ဆေးဖက်ဝင်လို့  သမိုင်းမတင်မီခေတ်တွေကတည်းက သုံးစွဲခဲ့ကြပြီး ဖြစ်ပါတယ်။

ကမ္ဘာဦးပင် အရွက်
-လက်တင်ဘာသာအရ biloba ဆိုတာ အရွက်ကို ကိုယ်စားပြုတယ်။"bi"ဆိုတာ "two"ကိုရည်ညွန်းတယ်။"loba"ဆိုတာ "lobed"အဝိုက်နှစ်ခုနဲ့ ယပ်တောင်ပုံ ရှိတယ်။
အကြောတွေဟာ အရွက်ကြောတလျှောက် ယှက်ဖြာနေတယ်။
-အရွယ်အစားအားဖြင့် ၂-၄လက်မထိ ရှိတယ်။
-ပုံမှန်အားဖြင့် အစိမ်းရောင်ရှိတယ်။နွေရာသီမှာ စိမ်းနေတဲ့အရွက်ဟာ ဆောင်းဦးပေါက်မှာ ဝါလာတယ်။ဝါပြီး ၂ပတ်မှ ၁လအတွင်း အရွက်ကြွေနိုင်တယ်။ဆောင်းဦး ရွက်ကြွေ အပင်မျိုးလည်းဖြစ်တယ်။
-အနောက်နိုင်ငံတွေက အရွက်က အဆီအနှစ်ထုတ်ယူပြီး ဆေးတွေဖော်စပ်ကြတယ်။အမေရိကားရဲ့ ရောင်းအားအကောင်းဆုံးဆေးဖက်ဝင်အပင်မျိုးလည်း ဖြစ်ပါတယ်။ 
Ginkgoဆိုတဲ့အမည်ကို တရုတ်တွေက "ယင်င်ရှင့်"လို့သုံးနှုံးတယ်။ငွေရောင်အဆင်းရှိတဲ့တရုတ်ဆီးသီးတဲ့။

ginkgoဆိုတဲ့အသုံးအနှုန်းကတော့ ဂျာမန်လူမျိုးရုက္ခဗေဒပညာရှင်ကြောင့် ပေါ်ပေါက်လာတာတွေ့ရတယ်။ကမ္ဘာဦးပင်ကို ဂျပန်အသံထွက်နဲ့  Ginkyo(ဂျင်ကျို)လို့ခေါ်ပါတယ်။ ၁၆၉၀ခုနှစ်မှာ ဂျပန်ဘုရားကျောင်းဝင်းဥယျာဉ်တခုထဲမှာ အပင်တွေလေ့လာရင်း ဂျပန်အခေါ် ဂျင်ကျိုပင်ကို စတင်တွေ့ရှိခဲ့တယ်။ဂျင်ကျိုပင်ကို လေ့လာရင်း အသုံးဝင်ပုံကို သုတေသနတွေလုပ်ခဲ့တယ်။၁၇၁၂ခုနှစ်မှာ ginkyoဂျပန်အသံထွက်ကိုလိုက်ပြီး ginkgoလို့ အမှတ်မဲ့ ရေးသားဖော်ပြရာက ဒီလို အမည်တွင်ခဲ့ပါတယ်။

ကမ္ဘာဦးပင် အသီးနဲ့ အစေ့
ရှေးခေတ်တွေက တရုတ်သမိုင်းမှာ ginkgoအသီးကို"ရင်းကော"ဆိုတဲ့အမည်နဲ့ မှတ်တမ်းတင်ခဲ့ကြတယ်။silver fruitငွေရောင်အသီးဆိုတဲ့ အဓိပ္ပါယ်ပဲ။ အခုခေတ်တော့ တရုတ်တွေဟာ"ပိုင်ကော"လို့ ပြောမှသာသိတော့တယ်။ "ပိုင်"ဆိုတာ ဖြူတာ၊"ကော"ဆိုတာ အသီး၊သစ်သီးလို့ အဓိပ္ပါယ်ရတယ်။တရုတ်အသံထွက်မှာ အသံစွဲငင်၊အဖြတ်အတောက် အရေးကြီးသေးတယ်။phonetic သဘောအရပြောမယ်ဆိုရင် "ပိုင်"သံပြတ်သဘော နိမ့်ရာမှတဆင့် မြှင့်ပြောမှ ပြောနည်းမှန်တယ်။"ကော"ပြောတဲ့အခါ သံရှည်စွဲပြီး မြှင့်၊နိမ့်၊မြှင့် ပုံစံပြောရတယ်။ဒါမှ အဖြူရောင်သီးလို့အသံမှန်ထွက်တယ်။"ပိုင်"ဆိုတာကိုပဲ သံရှည်စွဲပြီး အလယ်လောက်မှာ အသံနှိမ့်ပြောရင် "တစ်ရာ" ဆိုတဲ့အဓိပ္ပါယ်မျိုး ဖြစ်ပြန်တယ်။တချို့တွေက နှစ်တစ်ရာသီးလို့လည်း ခေါ်ကြတယ်။နှစ်တစ်ရာသီးထဲမှာ ရှိတဲ့ အစေ့ကိုကျွန်တော်တို့ မြန်မာတွေက ပဲကောလို့ သိကြတယ်။ပဲစေ့ပုံစံရှိတာအပြင် တရုတ်အခါ် "ပိုင်ကော"ကို ပေါင်းစပ်ပြီး မြန်မာမှုပြုလိုက်တော့ ပဲကောဖြစ်လာတယ်။အစေ့မှာကိုပဲ အပြင်ကအခွံကို ရေနွေးနဲ့ပြုတ်ပြီးမှ တူနဲ့ထုခွာရတယ်။ခွာရင် မကွဲအောင် သတိထားထုရတယ်။အခွံထဲကအစေ့က အဝါရောင်ရှိတယ်။ချက်စားရင် အရသာရှိတယ်။ဒင်ညှင်းသီးနဲ့ အရသာဆင်တူတယ်။ခါးသက်သက်နဲ့ စားလို့အင်မတန်ကောင်းတယ်။ ဈေးလည်းကြီးတယ်။တရုတ်မင်္ဂလာဆောင်တွေမှာ ထည့်သွင်းကျွေးတတ်တယ်။ပဲကောအစေ့ကို  အာရှတိုက်မှာ အဓိကစားသုံးကြတယ်။အရှေ့တောင်အာရှမှာကို သူ့ဟာနဲ့သူ အခေါ်အဝေါ်မတူညီကြဘူး။

ဟီရီုရှီးမားနျူကလီးယားဗုံးနဲ့အပြိုင် နာမည်ကြီးခဲ့တဲ့အပင်
ဆေးကုမ္ပဏီတွေginkgo bilobaဆေးကို  promotionဝင်တဲ့ အခါ ဒီအချက်ကို အလေးထားပြောဆိုကြတယ်။ ဆေးအကြောင်းထက် နျူကလီးယားဗုံးပေါက်ပြီး မသေတဲ့အပင်ဆိုပြီး ဝိသေသကို ထုတ်ဖော်ပြောဆိုကြတယ်။ သူတို့ပြောတာမှားတယ်မဆိုနိုင်ပေမယ့် လုံးဝမှန်တာကြီးလည်းမဟုတ်ဘူး။ ၁၉၄၅ခုနှစ် နျူကလီးယားဗုံးပေါက်တဲ့နေရာနဲ့ ၂ကီလိုမီတာအတွင်းမှာရှိတဲ့ gingko biloba အပင် ခြောက်ပင်လည်း ပါဝင်ခဲ့ပါတယ်။ထိုအချိန်ကလောင်ကျွမ်းပျက်ဆီးခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ အမြစ်တွေဟာ မြေအောက်ထိခိုင်ခန့်စွာတည်ရှိတာကြောင့် ပျက်ဆီးပြီးနောက်ပိုင်းမှာပဲ တဖန်ပြန်လည်ရှင်သန်နိုင်တာတွေ့ရတယ်။ ပင်စည်ကြီးမားသလို အမြစ်တွေဟာ ခိုင်ခံ့စွဲမြဲစွာတည်ရှိတာကြောင့် တော်ရုံမသေနိုင်ဘူး၊အချို့ပင်တွေဟာ နှစ်ပေါင်း၁၅၀၀မှ ၂၅၀၀ကျော်ထိသက်တမ်းရှည်တာတွေ့ရပါတယ်။ 

ဆေးပညာမှာ ဘာတွေအသုံးကျလဲ။
Ginkgoအရွက်ထဲမှာ ပါဝင်တဲ့ဓာတုအမျိုးအစားပေါင်း ၄၀ကျော်အနက် flavonoid(ဖလေဗိုးနွိုက်ဓာတ်)နဲ့ terpenoids(တာပင်းနွိုက်ဓာတ်)တွေဟာ ဆေးပညာမှာ အဓိကအသုံးဝင်တယ်။flavonoidဓာတ်ဟာ ဦးနှောက်ထဲမှာရှိတဲ့ serotonin ဓာတ်တမျိုးကို များစေတယ်။ မှတ်ဥာဏ်ဖွံ့ဖြိုးစေတယ်။ စိတ်ကျရောဂါကို ကာကွယ်ပေးမယ်။terpenoids ဓာတ်တမျိုးက သွေးကြောတွေ ကျယ်စေတယ်။သွေးလျှောက်အားကောင်းမယ်။ဆဲလ်တွေဟာ အောက်ဆီဂျင်ကောင်းကောင်းရမယ်။ဒါ့အပြင် သွေးမခဲအောင်ကာကွယ်တယ်။ သီအိုရီအရ အသုံးကျတာတွေများလို့ အားရစရာပါ။ ကောင်းကျိုးတွေချရေးရမယ်ဆို တထောင့်တညပုံပြင်ထက် ရှည်သွားနိုင်တယ်။စာတစ်စောင်၊ပေတစ်စောင်ရေးသားလို့ရမယ်။ သို့သော် ခိုင်မာတိကျတဲ့ trial resultတွေ မရှိသေးတာကလည်း အမှန်ပါ။ လေ့လာမှုတွေ အမျိုးမျိုးလုပ်ကြည့်တဲ့အခါ အကျိုးဖြစ်သူကဖြစ်ပြီး မဖြစ်သူလည်း မနည်းလှဘူး။အသက်အရွယ်ကြီးရင့်သူတွေနဲ့ ပိုမိုသင့်တော်တာ တွေ့ရတယ်။အဓိကအားဖြင့် သွေးလည်ပတ်မှုအားကောင်းစေတယ်။ မှတ်ဥာဏ်စွမ်း တိုးတက်လာစေတယ်။အသက်ကြီးသူတွေအဖြစ်များတဲ့ Alzheimer's ရောဂါကို ကာကွယ်ပေးနိုင်တယ်။သက်သာစေတယ်။ဒီလိုရောဂါမျိုးမှာ ginkgo leave extract ပမာဏအနည်းဆုံး 120mgပေးတဲ့အခါ အကျိုးရှိတာ တွေ့ရတယ်။သွေးခဲတာကို ကာကွယ်ပေးတဲ့သဘောရှိလို့ နှလုံး၊လေဖြတ်နိုင်သူတွေအတွက် သင့်တော်တယ်။ နားအူတာ၊ခေါင်းကိုက်တာ၊ချာချာလည်ခေါင်းမူးတာ အတွက်လည်း အသုံးပြုတတ်ကြသေးတယ်။ ခြေဖျားလက်ဖျားအေးတာ၊ထုံကျင်တာ ၊လမ်းလျှောက်တဲ့အခါ ခြေထောက်နာတဲ့အခါမျိုးတွေမှာ အဓိကသုံးတတ်ကြတယ်။ တချို့က ရင်ကျပ်၊ပန်းနာ၊နှင်းခူစတဲ့ အရေပြားရောဂါတွေမှာ အသုံးပြုကြတယ်။ရေရှည်သောက်တဲ့အခါ သိပ်မဆိုးတဲ့ ခရုသင်းအရေပြားရောဂါမျိုးကို လျှော့ပါးသက်သာစေတယ်။multiple sclerosisရောဂါမှာ သုံးစွဲကြည့်တဲ့အခါ သိပ်အကျိုးထူးတာ မတွေ့ရဘူး။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOကတော့ ဦးနှောက်နဲ့ ခြေထောက်သွေးလျှာက်နည်းတာတွေအတွက် အသုံးပြုနိုင်တယ်ဆိုပါတယ်။တရုတ်လူမျိုးတွေကလည်း ကာမအားတိုးဆေးအဖြစ် ယုံကြည်သုံးစွဲကြတယ်။

တန်ဆေးလွန်ဘေး
-ပဲကောစေ့ကို အများကြီး၊အကြာကြီးစားမိရင် ဘေးဖြစ်တတ်တယ်။
-အစေ့gametophyteထဲမှာပါတဲ့  MPN(methyl pyridoxine )ဓာတ်တမျိုးဟာ အဆိပ်အတောက်ဖြစ်နိုင်တယ်။ ချက်ပြုတ်တဲ့အပူဒဏ်ကို ခံနိုင်ရည်ရှိတယ်။
-အထူးသဖြင့် ကလေးငယ်တွေ စားသုံးတဲ့အခါ တက်လာတာမျိုး ဖြစ်နိုင်တယ်။
-ဒီလိုမျိုးဖြစ်လာရင် vit-B6အသားဆေးထိုးပေးနိုင်တယ်။သောက်ဆေးပေးပြီးလည်း ကာကွယ်နိုင်တယ်။
-တချို့ဟာ အစေ့ကိုဖုံးထားတဲ့ sarcotestaအခွံမှာပါတဲ့ ginkgolic acidတမျိုးကြောင့် contact dermatitis အရေပြားယားယံတာမျိုး ဖြစ်တတ်တယ်။

သိပ္ပံနည်းကျလုပ်တတ်တဲ့ အနောက်နိုင်ငံမှာginkgo အရွက်ကထုတ်တဲ့ ဆေးဝါးတွေကြောင့်  ဘေးထွက်ဆိုးကျိုးကြီးကြီးမားမား ရှိတာမတွေ့ရဘူး။
ဆေးကြောင့်  ပျို့ချင်၊အန်ချင်၊ဝမ်းပိုသွားတာ ရှိတတ်တယ်။
ခေါင်းကိုက်တာ၊ခေါင်းမူးတာ ရှိနိုင်တယ်။ 
ရင်တုန်တာ၊မောတာ၊အသက်ရှူမဝတာ ဖြစ်တတ်တယ်။
သွေးမတိတ်တာ၊သွေးယိုတာလည်း ဖြစ်နိုင်တယ်။
 အကြောပျော့၊တက်တာ ဖြစ်လာရင် ဆရာဝန်နဲ့ ပြသပါ။

ဆေးသောက်တဲ့အခါ သတိထား။
-သီဟိုဠ်စေ့၊သရက်သီး မတဲ့သူတွေ သတိထားသင့်တယ် လို့ဆိုပါတယ်။
-MAOIတို့၊SSRIတို့လို စိတ်ကျဆေးတွေနဲ့ အတူတွဲမသောက်သင့်ဘူး။ဒီဆေးတွေသောက်ရင် ဆရာဝန်နဲ့ တိုင်ပင်ရတယ်။
-Aspirinသွေးမခဲဆေး၊heparinနဲ့warfarinသွေးကျဲဆေးသောက်သူတွေ သတိထားသင့်တယ်။
-ကိုယ်ဝန်ဆောင်တွေ မသောက်သုံးသင့်ဘူး။သေချာ၊ တိကျတဲ့ trialတွေ လုပ်ဖို့ လိုအပ်သေးတယ်။
-ဆေးသောက်နေသူဟာ ခွဲစိတ်ခန်းမဝင်ခင် ၂ရက်ကြိုဖြတ်ထားရမယ်။၂ပတ်လောက် ကြိုဖြတ်နိုင်ရင် ပိုစိတ်ချရတယ်။

အထိမ်းအမှတ်သင်္ကေတနဲ့ ကမ္ဘာဦးပင်
တချို့တွေက ginkgoအရွက်ပုံစံကို အထိမ်းအမှတ်သင်္ကေတ သဘောလုပ်ကြသေးတယ်။ စိမ်းလန်းမှု၊ခိုင်ခံ့မှု၊ရေရှည်တည်မြဲမှုသဘောကို ဆောင်တယ်။ ဆေးရဲ့ အာနိသင်ကိုတော့ ဆရာဝန်တိုင်း လက်မခံသေးဘူး။သေချာတိကျတာတွေ ဆက်လုပ်ရဦးမယ်။ဆေးကုမ္ပဏီတွေကလည်း အပြိုင်အဆိုင်တင်သွင်းကြတယ်။သုံးစွဲသူတချို့သုံးစွဲကြပေမယ့် သိပ်ဆိုးဝါးသွားတာမျိုးတော့ မတွေ့ရသေးဘူး။ ဘယ်လိုပဲဆိုဆို ရှေးခေတ်တွေကတည်းက အသုံးဝင်တဲ့ ginkgo ကမ္ဘာဦးပင်၊နှစ်တစ်ရာသီး၊ပဲကောစတာတွေကို ဆက်လက်အသုံးပြုနေကြဦးမှာပဲ မဟုတ်လား။


ဒေါက်တာ အေးမင်းထူး
ရတနာပုံ သတင်းစာ(၂၁.၃.၁၃)

No comments:

Post a Comment