Saturday, November 3, 2012

ဇရာအိုနဲ့ ဆီးကျိတ်ရောင် ရောဂါ

           အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့မတူတဲ့ ကွဲပြားမှုတွေ ရှိကြတာ ပြောဖို့လိုမယ် မထင်ပါဘူး။ ငယ်ရွယ်စဉ် မသိသာသေးပေမယ့် အပျိုဖော်၊ လူပျိုပေါက် ဝင်ပြီးတဲ့နောက်မှာတော့ ပိုမိုသိသာထင်ရှား လာတယ်။အသံအနေအထား စတင်ပြောင်းလဲလာတယ်။ အမွှေးအမျှင်တွေ ပေါက်ရောက်လာတယ်။အတွေးအခေါ်၊ အမူအကျင့်၊ ကိုယ်နေဟန်ထား ပြောင်းလဲလာတယ်။ ကွဲပြားချက်တွေထဲမှာ အမျိုးသားတွေမှာသာ ပါရှိတဲ့ ဆီးကျိတ်ကလည်း တခုပါ။ အသက်ကြီးလေ ပိုမိုသိလေ ဆိုချင်ကြသူတွေအတွက် ဆီးကျိတ်က ဥပမာကောင်းတခု ဖြစ်ပါလိမ့်မယ်။ အသက်ကြီးသူများဟာ ဆီးကျိတ်အကြောင်းပိုသိလာသလို ဝေဒနာတွေ ခံစားလာရတယ်။ဆီးကျိတ်ရောင်ခြင်းက အသက်ငါးဆယ်ကျော် ခြောက်ဆယ်အရွယ် အမျိုးသားတွေကို ဒုက္ခကောင်းကောင်းပေးတတ်ပါတယ်။
အသက်ခြောက်ဆယ်ကျော် အမျိုးသားတွေရဲ့ ထက်ဝက်ခန့်ဟာ ဆီးကျိတ်ရောင်ရောဂါ ဖြစ်တတ်ကြပေမယ့် ဖြစ်သူစုစုပေါင်းရဲ့ ၁၀ရာခိုင်နှုန်းခန့်သာ ဆေးကုသဖို့ လိုတယ်ဆိုတဲ့ အချက်က စိတ်သက်သာစေပါတယ်။ ဆီးကျိတ်ရောင်တယ်လို့ အလွယ်ပြောကြပေမယ့် ဆီးကျိတ်ကြီးတယ် ဆိုတာကမှ အမှန်တရားနဲ့ ပိုမိုနီးစပ်ပါတယ်။ ဆေးပညာအခေါ်အဝေါ်အရကို benign prostatic hyperplasia (BPH)လို့ ဆိုတာကိုး။ hyperplasia ဆိုတာက ဆဲလ်တွေ ပုံမှန်ထက်များပြားလာပြီး ကြီးထွားတယ် ဆိုတဲ့အဓိပ္ပါယ်မျိုး သက်ရောက်ပါတယ်။ ဆီးကျိတ်ရောင်တယ်ဆိုရင်ပဲ BPH ကို ရည်ညွန်းမှန်း နားလည်ကြပါတယ်။
                                      

ဆီးကျိတ်ဆိုတာ ဘာလဲ။
ဆီးကျိတ်ဟာ ဆီးအိမ်ရဲ့အောက်ဖက် ကပ်လျက်မှာတည်ရှိပြီး ဆီးပြွန်ကို ဝန်းရံထားတယ်။ ဆီးအိမ်နဲ့ တဆက်တည်းဖြစ်တဲ့ ဆီးသွားပြွန်ဟာ ဆီးကျိတ်ကို ဖြတ်သန်းပြီး သွားရတယ်။ အမျိုးသားတွေမှာသာ ပါရှိပြီး ပုံမှန်အရွယ်အစားအားဖြင့် သစ်ကြားသီး(သို့) ကွမ်းသီးလုံးခန့်သာ ရှိပါတယ်။ ဆီးကျိတ်ဟာ အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်း ထူပြီးရောင်လာတယ်။ အရွယ်အစားဟာ ပုံမှန်ထက် နှစ်ဆ၊ သုံးဆခန့်ရှိတဲ့အခါမှာ ရောဂါလက္ခဏာ စတင်ပြသတော့တယ်။ နောက်ဆုံးမှာ သူဝန်းရံထားတဲ့ ဆီးပြွန်ကို ညှစ်တဲ့အခါ ဆီးကောင်းကောင်း မသွားနိုင်တော့ဘဲ ဒုက္ခပေးတော့တယ်။ အများအားဖြင့် ရောဂါလက္ခဏာစတင်ပေါ်ပေါက်မှသာ သတိထားမိတတ်ကြတယ်။ ဆီးကျိတ်ဟာ လူပျိုပေါက်အရွယ်မှာ တကြိမ်၊ အသက်သုံးဆယ်ကျော်အရွယ်မှာ တကြိမ် စုစုပေါင်း နှစ်ကြိမ် ကြီးထွားပါတယ်။ အသက်သုံးဆယ်ကျော်အရွယ်က စတင် ကြီးထွားတဲ့ ဆီးကျိတ်ဟာ အသက်ငါးဆယ်ကျော်ခန့်မှသာ ရောဂါလက္ခဏာ သိသာထင်ရှားကြတယ်။ 

ဆီးကျိတ်ရောင်တာ ဘာကြောင့်ဖြစ်သလဲ။
ဖြစ်စေတဲ့အကြောင်းရင်းကို အတိအကျ မသိသေးပါ။ သီအိုရီများ၊ ယူဆချက်များအရ အသက်အရွယ်ကြီးရင့်၍ ဆီးကျိတ်ကြွက်သားများ ထူလာခြင်းကြောင့် ဖြစ်ပေါ်စေသလို  ဟော်မုန်းဓာတ် ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်စေပါတယ်။ အမျိုးသား ဟော်မုန်း တက်စတိုစတီရုန်း(testosterone) ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်စေသည်ဟု လက်ခံထားသည်။ဟော်မုန်းဓာတ်နှင့်ဆိုင်သော  သောက်ဆေးများပေးသောအခါ ဆီးကျိတ်ကြီးထွားမှုကို သိသာစွာလျော့နည်းစေသည်။ ထို့ပြင် အစားအသောက်၊ အနေအထိုင်နှင့်လည်း ဆက်စပ်မှုရှိပြန်သည်။

ဆီးကျိတ်ရောင်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။
တဖြည်းဖြည်း ကြီးထွားလာတဲ့ ဆီးကျိတ်ဟာ ဆီးပြွန်ကို ဖိညှစ်ပြီး ပိတ်ထားတဲ့အတွက် ဆီးတွေဟာ ဆီးအိမ်ထဲ ပြန်ရောက်ပြီး ရောဂါလက္ခဏာတွေ စတင်ခံစားရပါတယ်။ ဒါ့အပြင် ဆီးအိမ်အထွက်မှာ ဖိညှစ်ထားတဲ့အတွက် ဆီးအိမ်ကို တင်းစေတဲ့ အပြင် ဆီးကောင်းကောင်းမသွားနိုင် ဖြစ်ရတယ်။ လက္ခဏာရပ်တွေကို ခြုံကြည့်ရင် 
- ဆီးအိမ်တင်းတာ၊ 
-ဆီးကောင်းကောင်းသွားမရတာ၊ 
-ဆီးသွားပြီးတိုင်း ဆီးကျန်တာ၊ 
-အရင်ကထက် ပိုညှစ်ရတာ၊ 
-ညှစ်တဲ့အခါ ဆီးလုံးပိုသေးတာ၊ 
-ဆီးကအဝေးမရောက်တာ၊ 
-ဆီးမထိန်းနိုင်တာ၊ 
-မကြာခဏဆီးသွားချင်စိတ်ပေါ်တာ၊ 
-ဆီးသွားပြီးခါနီးရင် တစက်စက်ကျတာ၊ 
-သွားချင်စိတ်ရှိပေမယ့် တော်တော်နဲ့မထွက်တာ၊ 
-အရင်ကထက် ဆီးအကြိမ်ရေတွက် ပိုများတာ စ တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကုသမှုမရှိရင် ရောဂါလက္ခဏာတွေဟာ ပိုပိုပြီးဆိုးလာတတ်ပါတယ်။ နောက်ပိုင်းမှာ နောက်ဆက်တွဲဆိုးကျိုးတွေပါ လိုက်လာတော့တယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ဆီးအနည်ထိုင်ခြင်းမှတဆင့် ဆီးအိမ်ကျောက်တည်ခြင်း၊ဆီးမထုတ်နိုင်ခြင်း၊ နောက်ဆုံး ကျောက်ကပ် ပျက်ဆီးခြင်းတို့ကြောင့် အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ရောဂါလက္ခဏာ ပေါပေါက်လာတာနဲ့ အမြန်ဆုံး ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးကုသမှုခံယူသင့်ပါတယ်။

ဘယ်လိုအချိန်မှာ ကုသမှုခံယူရမလဲ။
အမျိုးသားများဟာ အသက် ငါးဆယ်ကျော်တာနဲ့ ဆီးကျိတ် ရောဂါဖြစ်နိုင်သူများ  အဖြစ်သတ်မှတ်ပါတယ်။ ဒါ့ကြောင့် အသက်ငါးဆယ်ကျော်လျင် ရောဂါလက္ခဏာမရှိပေမယ့် တနှစ်တခါ ဆေးစစ်သင့်ပါတယ်။ တခါတရံ ဆေးစစ်ရင်း မတော်တဆ တွေ့တာမျိုးလည်း ရှိတတ်ပါတယ်။ ကြိုသိတဲ့အခါ ဆေးစား ဆေးသောက်ရုံနဲ့ သက်သာသွားတတ်ပါတယ်။ ရောဂါသိပ်ဆိုးလာမှ ကုသတဲ့အခါ ခွဲစိတ်ရတာ၊ခြစ်ထုတ်ရတာမျိုး လုပ်ရတတ်ပါတယ်။ ရောဂါလက္ခဏာနဲ့ ဆီးလမ်းကြောင်းပိတ်တဲ့အခြေအနေကို ကြည့်ပြီး ကုသဖို့ သတ်မှတ်ချက်တွေ ရှိပါတယ်။ international prostate symptom score(IPSS) အပြည်ပြည်ဆိုင်ရာ ဆီးကျိတ်လက္ခဏာ သတ်မှတ်ချက်တွေအရ ရောဂါ ကုသင့်၊ မကုသင့် ဆုံးဖြတ်ပါတယ်။
အဆင့်လေးဆင့် သတ်မှတ် ပြဌာန်းပါတယ်။
အဆင့်(၁) ရောဂါလက္ခဏာ မရှိသလို ဆီးလမ်းကြောင်း ပိတ်ဆို့မှု မရှိတဲ့ အဆင့်၊
အဆင့်(၂) ဆီးလမ်းကြောင်းနဲ့ဆိုင်တဲ့ လက္ခဏာတွေရှိပေမယ့် ဆီးလမ်းကြောင်း ပိတ်ဆို့မှုမရှိတဲ့အဆင့်၊
အဆင့်(၃) ဆီးလမ်းကြောင်း ပိတ်ဆို့တဲ့အဆင့်၊
အဆင့်(၄) ဆီးကျိတ်ရောင်တာ ကြာရှည်တဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးတွေ ပေါ်ပေါက်လာတဲ့အဆင့်၊
ရောဂါအဆင့်(၁)မှာ ကုသမှုမလိုသေးဘဲ ဆရာဝန်ရဲ့ အနီးကပ်စောင့်ကြပ်မှုနဲ့ အစားအသောက်၊ အနေအထိုင် ဆင်ခြင်ဖို့သာ လိုအပ်ပါတယ်။ ဆေးစစ်မှုကို အချိန်မှန်မှန် လုပ်သင့်ပါတယ်။
အဆင့်(၂)မှာ ရောဂါလက္ခဏာသက်သာအောင် ဆေးပေးမှုတွေ လိုအပ်ပါတယ်။
အဆင့်(၃)မှာ ဆီးလမ်းကြောင်းပိတ်ဆို့တဲ့အတွက် ခွဲစိတ်ပြီး ဖြတ်ထုတ်တာ၊ ခြစ်ပစ်ရတာ၊heat အပူစွမ်းအင်ပေးကုသတာ၊ waveနဲ့ ကုသတာ၊ ethanolအရည်ထိုးထဲ့ပြီး အသားကို ရှုံ့စေတာ စသဖြင့် အမျိုးမျိုးအဖုံဖုံပေးပြီး ကုသကြပါတယ်။
အဆင့်(၄)မှာ နောက်ဆက်တွဲဆိုးကျိုးတွေဝင်ရောက်လာတဲ့အတွက် ခွဲစိတ်ဖြတ်ထုတ်ဖို့ လိုအပ်ပါတယ်။ ဆီးအိမ်ကျောက်တည်တာ၊ နောက်ဆုံးကျောက်ကပ် အလုပ်မလုပ်တာတွေထိပါလာပြီဖြစ်လို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် မလုပ်မဖြစ်လုပ်ရမယ်လို့ အကြံပြုထားပါတယ်။

ဘယ်လိုကုသနည်းတွေနဲ့ ကုသသလဲ။
အဆင့် (၂) ကစပြီး ကုသဖို့ လိုအပ်ပါပြီ။ ဆီးကျိတ်ဆေးပေးတဲ့အခါ လက္ခဏာတွေကို သက်သာစေတဲ့ alpha blocker သောက်ဆေး အမျိုးအစားနဲ့ ဆီးကျိတ်အရွယ်အစားကို သေးငယ်စေတဲ့ 5-alpha reductase inhibitor ဆေးတွေကို အဓိက အသုံးပြုကြပါတယ်။ ပထမဆေးအမျိုးအစားက ဆီးကျိတ်ကြွက်သားတွေနဲ့ ဆီးအိမ်ကြွက်သားတွေကို ပြေလျှော့စေပြီး ရောဂါလက္ခဏာကို သက်သာစေပါတယ်။ tamsulosin,alfuzosin,prazosin,doxazosin,terazosin စတဲ့ဆေးတွေကို အသုံးပြုကြပါတယ်။ tamsulosin နဲ့ alfuzosin တို့က ဆီးကျိတ်အတွက် အဓိကအသုံးပြုတဲ့ဆေးတွေ ဖြစ်ပါတယ်။ testosterone ကျားဟော်မုန်းက DHT(dihydrotesterone) ကို ပြောင်းလဲပေးတဲ့ အင်ဇိုင်းဓာတ်(5alpha- reductase)ကို တားမြစ်စေခြင်းကြောင့် ဆီးကျိတ်ရဲ့အရွယ်အစားကို သေးငယ်စေပါတယ်။ finasteride,dutasteride စတဲ့ဆေးတွေကို ၆လမှ တနှစ်ထိ သောက်သုံးတဲ့အခါ ဆီးကျိတ်အရွယ်အစားကို ၄ပုံ ၁ပုံခန့် လျှော့ကျစေတယ်လို့ ဆိုပါတယ်။ သို့သော် အဆိုပါဆေးများဟာ ရေရှည်သောက်သုံးဖို့ လိုအပ်သလို side effect ဘေးထွက်ဆိုးကျိုးတွေလဲ ပိုမိုခံစားရတတ်ပါတယ်။ ပန်းသေပန်းညှိုးအတွက် အသုံးပြုသော sildenafil,ကြွက်သားများပျော့ပျောင်းစေသည့် tolterodine တို့ကိုလည်း သုံးစွဲသူက သုံးကြသည်။ဆီးကျိတ်မှာ အဆိုပါသောက်ဆေးများအပြင် herbal တိုင်းရင်းဆေးများကိုလည်း အသုံးပြုတတ်ကြပါတယ်။ အသုံးအများဆုံးနှင့် နာမည်အကျော်ကြားဆုံးတိုင်းရင်းဆေးမှာ saw palmetto (မြန်မာအခေါ် ဆေးထန်းပင်သီး ) ဖြစ်သည်။ ဆေးထန်းပင်သီးမှ ထုတ်သည့် အဆီအနှစ်သည် ရောင်ရမ်းခြင်းကိုကျဆင်းစေသည့်အပြင် ဆီးကျိတ်အရွယ်အစားကိုပါ သေးငယ်စေသည်။ သို့သော် အမေရိကား FDA ကမူ လက်မခံသေးဘဲ ထပ်မံစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်သင့်သည်ဟု သတိပေးထားသည်။  အခြားတိုင်းရင်းဆေးများစွာကိုလည်း ဆီးကျိတ်အတွက် အသုံးပြု ကြသည်။
 အဆင့်(၃) ရောဂါအတွက် ဆီးလမ်းကြောင်းပိတ်ဆို့မှုကို သက်သာစေသည့် ဆီးကျိတ်အတွင်းနံရံကို ဖြတ်ထုတ်ပစ်သည့် TURP(transurethral resection of prostate ) ခွဲစိတ်နည်းကို အသုံးပြုကြသည်။အခြားနည်းများမှာ စွမ်းအင်လှိုင်းသုံး၍ကုသခြင်း(transurethral microwave therapy)၊အပူပေးကုသခြင်း(transurethral needle ablation)၊ laser နှင့် ကုသခြင်း၊ ethanol ထိုးထဲ့၍ ကုသခြင်း၊ စသဖြင့် အမျိုးမျိုး ကုသနိုင်သည်။ 

ဘယ်လိုနေထိုင်စားသောက်ဖို့ လိုသလဲ။
ဆေးမလိုသေးသူတွေဟာ အနေအထိုင်၊ အစားအသောက် ဆင်ခြင်ရုံနဲ့ သက်သာတတ်ပါတယ်။
-ဆီးသွားချင်စိတ် ပေါ်တာနဲ့ ဆီးသွားထားပါ။
-အရက်၊ကော်ဖီ ရှောင်ကြဉ်သင့်တယ်။အထူးသဖြင့် ညပိုင်းတွေမှာ ပိုမိုသတိထားရတယ်။
-တကြိမ်ထဲနဲ့ ဗိုက်တင်းအောင် ရေအဝ မသောက်ပါနဲ့။ နဲနဲစီခွဲပြီး မကြာခဏ သောက်သုံးသင့်တယ်။
-ညမအိပ်ခင် နှစ်နာရီအတွင်း ရေသောက်ခြင်းမှ ရှောင်ကြဉ်ပါ။
-အေးတဲ့ရာသီဥတုက ဆီးသွားစေတဲ့အတွက် နွေးနွေးထွေးထွေး နေပါ။
-ကိုယ်လက်လှုပ်ရှား အားကစားကို ပုံမှန်လုပ်ဆောင်သင့်တယ်။
-အအေးမိနှာစေး ပျောက်ဆေးတွေကို သတိနဲ့သောက်သုံးသင့်တယ်။
-တင်ပဆုံကြွက်သားလေ့ကျင့်ခန်း(kegel exercise) က ဆီးကျိတ်ရောဂါအတွက် သင့်တော်တယ်လို့ ဆိုပါတယ်။
-မကြာခဏစိတ်လှုပ်ရှားခြင်း၊ စိတ်ဖိစီးမှုများခြင်းက ဆီးသွားချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေလို့ သတိထားသင့်တယ်။
ရှောင်ကြဉ်သင့်တဲ့အစားအစာတွေက အဆီအဆိမ့်များတဲ့ အစားအစာတွေ၊ကစီဓာတ်များတဲ့ အစားအစာ၊ ထောပတ်၊ချီးစ်၊မာဂျရင်း၊ ကော်ဖီ၊ အရက်၊ ဘီယာ၊ ဆေးလိပ် စတာတွေ ဖြစ်ပါတယ်။
စားသုံးသင့်တဲ့ အစားအစာတွေက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ငါး၊ ပန်းသီး၊ စပျစ်သီး၊ ဖရုံသီး၊ ကြက်သွန်နီ၊ ပဲပုတ်၊ လက်ဖက်စိမ်းရွက်(စို၊ခြောက်)စသည်တို့ ဖြစ်ပါတယ်။ omega3 ပါတဲ့ အစားအသောက်၊ဆေးဝါးတွေကို သောက်သုံးသင့်တယ်။ ဝမ်းမချုပ်စေဖို့တော့ အထူးဂရုပြုသင့်တယ်။ နောက်ဆုံးအနေနဲ့ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်နဲ့သာ သောက်သုံးသင့်ကြောင်း အကြံပေးပါရစေ။   


ဒေါက်တာ အေးမင်းထူး
Health Care Journal(2.11.2012)

No comments:

Post a Comment