Tuesday, December 16, 2014

နံရိုးကျိုးခြင်းအတွက် လေ့ကျင့်ခန်းများ

အရိုးကျိုးသည့်အခါ ဖြစ်သည့်နေရာပေါ်မူတည်ပြီး ကုသနည်းများ မတူညီကြပါ။ ခြေ၊လက် အရိုးကျိုးသည့်အခါ ကျောက်ပတ်တီးစည်းပြီး မလှုပ်ရှားအောင် ပြုလုပ်နိုင်သော်လည်း ရင်ညွှန့်ရိုး၊နံရိုးကျိုးသည့်အခါ အထက်ပါအတိုင်း မလှုပ်ရှားအောင် ပြုလုပ်၍မရပါ။ ရင်ဘတ်ကို ကာရံထားသည့် နံရိုးသဘောက အသက်ရှုသည်နှင့်အမျှ လှုပ်ရှားနေသည်။ ရှေးယခင်က wide bandageများဖြင့် ကျပ်စီးခဲ့ကြသော်လည်း နောက်ပိုင်းတွေ့ရှိချက်အရ အဆုတ်ရောင်ခြင်း၊အဆုတ်ပိုးဝင်ခြင်းနှင့် အဆုတ်ထိခိုက်ခြင်းတို့က်ု ဖြစ်ပေါ်စေတာ တွေ့ခဲ့ရသည်။ ထို့ကြောင့် ကျပ်စည်းခြင်းကို အားမပေးတော့ပဲ အနားပေးဖို့နဲ့ လေ့ကျင့်ခန်းလုပ်ဖို့သာ ဦးစားပေးလာသည်။ 

အနားယူခြင်း
နံရိုးကျိုးသည့်အခါ ပခုံး၊ရင်ဘတ်အားစိုက်ရသည့် အလုပ်မှန်သမျှကို ၁-၂လ ထိ မလှုပ်ရှားစေပဲ အနားပေးရသည်။ ၃ပတ်ကျော်မှ လေ့ကျင့်ခန်း စလုပ်သင့်သည်။ 

ရေခဲအုံခြင်း
ဖြစ်စတွင် ရေခဲအိတ် တင်ပေးသင့်သည်။ တခါတင် မိနစ်(၂၀)တင်ပြီး ၁၀မိနစ်နားပါ။ ရောဂါ သက်သာသည်ထိ ပြုလုပ်နိုင်သည်။ရောင်ရမ်းခြင်းသာမက နာကျင်မှုကိုပါ သက်သာစေသည်။

အကိုက်အခဲပျောက်ဆေး
နံရိုးကျိုးသည့်အခါ ဖြစ်သည့်နေရာပေါ်မူတည်ပြီး နာကျင်မှု၊သက်သာမှုကွာခြားသည်။ အသုံးများသော အကိုက်အခဲပျောက်ဆေးများမှာ paracetamol, ibuprofen, diclofenac နှင့် naproxen တို့ဖြစ်ကြသည်။ မသက်သာလျှင် ဘိန်းပါသော အကိုက်အခဲပျောက်ဆေး အပြင်းစားများကို အသုံးပြုနိုင်သည်။  

အခြေခံလေ့ကျင့်ခန်းများ
၁။ပခုံးလေ့ကျင့်ခန်း(Shoulder Blade Squeezes)
ခါးကိုမတ်မတ်ထားပြီး ကုလားထိုင်တလုံးပေါ်တွင် ထိုင်ပါ။ လက်ကို နောက်ဆန့်၍ ကျောဖက်လက်ပြင်ရိုးကို ညှစ်နိုင်သလောက် ညှစ်ပေးထားပါ။ တခါညှစ်ရင် ၂-၃စက္ကန့် ကြာပါစေ။ ဒီလိုပုံစံမျိုး ၁၀ကြိမ်လောက် လုပ်ပါ။ ပြုလုပ်စတွင် နာကျင်တတ်သည်။

၂။အသက်ပြင်းပြင်းရှူခြင်း(Deep Breathing)
ခါးကိုမတ်မတ်ထားပြီး ကုလားထိုင်တလုံးပေါ်တွင် ထိုင်ပါ။ အသက်ကို ခပ်ဖြေးဖြေးနှင့် ပြင်းပြင်း ရှူနိုင်သလောက် ရှူပါ ။ ပခုံးကို အပေါ်တက်မလာအောင် စိတ်ကို မိမိရင်ဘတ်အောက်ခြေသို့ စိတ်နှစ်ပြီး အသက်ရှူထားပါ။ ငါးစက္ကန့်လောက် ကြာပါစေ။ ဒီအတိုင်း ၅ကြိမ်လောက် ဆက်လုပ်ပေးပါ။ ပြုလုပ်ခါစတွင် အနည်းငယ်နာကျင်တတ်သည်။ 

၃။ရင်ဘတ်လှည့် လေ့ကျင့်ခန်း(Rotation in Sitting)
ခြေထောက်နှစ်ချောင်းကို အောက်ချ၍ ထိုင်ခုံတခုပေါ် ထိုင်ပါ။ လက်နှစ်ဖက်ကို ကြက်ခြေခတ်အနေအထားအတိုင်း မိမိရင်အုံကို ကပ်ထားပါ။ ထို့နောက် ခါးကို တည့်တည့်ထား၍ ရင်ဘတ်ကို တဖက်သို့စောင်းလှည့်ပါ။ တဖက်ကို ၁-၂စက္ကန့်စီကြာအောင် ထိန်းထားပါ။ တလှည့်စီ (၁၀)ကြိမ်ဆီလုပ်ပါ။ မကြာခင် သက်သာလာပါလိမ့်မည်။ 

ဒေါက်တာ အေးမင်းထူး
၁၁.၁၀.၁၄

No comments:

Post a Comment