Tuesday, December 16, 2014

ပလာစတာကပ် ဗိုက်ချပ်သတဲ့

မင်္ဂလာပါဆရာ ။ အဆီများရင်ကပ်တဲ့အဆီကျပလာစတာကောင်းကျိုးဆိုးကျိုးကိုဖြေကြားပေးပါဆရာ။လူတိုင်းတဲ့ပါသလားဆရာ ။

အဆီကျဆေးထုတ်လုပ်သူအများစုက အဆီကျလိမ်းဆေး၊သောက်ဆေး၊ဗိုက်ချပ် ကပ်ခွာစသည်ဖြင့် သုံးစွဲသူစိတ်ကြိုက် မရိုးရအောင် ထုတ်လုပ်ပါတယ်။မြန်မာနိုင်ငံမှာလည်း အဆီကျပလာစတာ ခေါင်းစဉ်နဲ့ ကပ်ခွာတွေ အမျိုးမျိုး ဝင်လာပါတယ်။ အသုံးပြုတဲ့ဆေးဝါးပေါ်မူတည်ပြီး brand အမျိုးမျိုးကွဲပြားသွားတယ်။ဒီထဲမှာ ဟာဗယ်သဘာဝအဆီအနှစ်က ထုတ်ထားတာမျိုး ရှိတယ်။တရုတ်ရိုးရာတိုင်းရင်းဆေးပညာ(ယင်နဲ့ရန်ကို အခြေခံပြီး)အရ ထုတ်ထားတဲ့ ကပ်ခွာလည်း ရှိပါမယ်။ အခုနောက်ဆုံး လျှပ်စစ်သံလိုက်လှိုင်းသုံးပြီး ဝိတ်ကျစေတဲ့ ကပ်ခွာဆိုပြီး ရှိသေးတယ်။ တခုချင်းစီမှာ သူ့အာနိသင်နဲ့သူ ကွဲပြားသွားတယ်။ မြန်မာနိုင်ငံမှာ အသုံးအများဆုံးဆိုတဲ့ ကပ်ခွာတွေကတော့ သဘာဝအဆီအနှစ်(သို့)သဘာဝက ထုတ်လုပ်ထားပါတယ်ဆိုပြီး ဆိုးကျိုးမရှိ ကောင်းကျိုးသာ ရှိစေမယ်လို့ အာမခံထားတတ်တဲ့ ဟာဗယ်သဘာဝဆေး ကပ်ခွာတွေဖြစ်ပါတယ်။ 

ဘာအာနိသင်တွေရှိလဲ
အဆီကျကပ်ခွာတွေရဲ့ အာနိသင်က ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေပြီး အဆီပိုတွေ လောင်ကျွမ်းစေတယ်။ အစာစားချင်စိတ်ကို တားဆီးပေးတယ်။ ကပ်ခွာအများစုမှာ ခရိုမီယမ်၊ဂွာရဲနား၊ဂါစီးနီးယားလို ဓာတ်ပစ္စည်းတွေ အဓိကပါဝင်တတ်တယ်။ ခရိုမီယမ်က အစာစားချင်စိတ် လျှော့နည်းစေပြီး အင်ဆူလင်ကို ထိန်းချုပ်ပေးတယ်။ ဂွာရဲနားက ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေတယ်။ ဂါစီးနီးယားက ကစီဓာတ်ကို ထိန်းချုပ်ပေးပြီး အခြေခံသကြားဓာတ်မဖြစ်အောင် တားဆီးပေးတယ်။ တချို့ကပ်ခွာတွေမှာတော့ ကဖင်းဓာတ်ဆိုတာလည်း ထည့်တယ်။ ကဖင်းဓာတ်က အစာစားချင်စိတ်ကို တားဆီးပြီး စိတ်ကြည်လင်စေတယ်။ အစာမစားလို့ ရရှိလာမယ့် အားအင်ကုန်ခမ်းမှုကို လျှော့နည်းစေဖို့လည်း ရည်ရွယ်တယ်။ 

ကပ်ခွာတွေကို လေ့လာကြည့်ရင် ပါဝင်ပစ္စည်းအတိအကျကို သေချာမသိရပါဘူး။ အများစုဟာ ပါဝင်ပစ္စည်းယေဘုယျလောက်သာ ဖော်ပြတယ်။ အပင်အဆီအနှစ် (သို့)ပင်လယ်သတ္တဝါရဲ့ အကြေးခွံတွေက ထုတ်လုပ်ကြတာ များတယ်။ မကောင်းတဲ့ အားနည်းချက်က ဆေးပမာဏဘယ်လောက်ထိ ခန္ဓာကိုယ်က စုပ်ယူနိုင်လဲ မတွက်ချက်နိုင်ဘူး။ ဒါ့ပြင် သုံးစွဲသူရဲ့ အရေပြား အထူအပါး၊ကပ်တဲ့နေရာ ပေါ်မူတည်ပြီး စုပ်ယူနိုင်စွမ်းကွဲပြားသွားတယ်။ သောက်ဆေးတွေပေးတဲ့အခါ ဆေးပမာဏတွက်ချက်ဖို့လွယ်ပေမယ့် အဆီချကပ်ခွာတွေကတော့ ဒီလိုတွက်ချက်ဖို့ အဆင်မလွယ်ကူလှပါဘူး။ အများစုဟာ သိပ္ပံနည်းကျ စနစ်တကျစမ်းသပ်ထားတာ မျိုး မရိှဘူး။ ကပ်ခွာထုတ်လုပ်သူတွေကတော့ အရေပြားပေါ်ကပ်ရတာကြောင့် အသုံးပြုဖို့လွယ်သလို ဘေးထွက်ဆိုးကျိုးနည်းသတဲ့။ သူတို့ပြောတာ ဟုတ်ပါတယ်။ ဒါပေမယ့် တဖက်မှာလဲ သာမန်ပလာစတာကပ်သလို အကျိုးမထူးပါဘူးဆိုတဲ့ အသံတွေကြားရတယ်။ ဒီထဲမှာ တချို့က အဆီဝမ်းတွေသွားတယ်ဆိုပြီး ကြောက်ကြပြန်တယ်။ 

ဘယ်နေရာတွေ ကပ်ကြသလဲ
အများစုကပ်တဲ့နေရာက ချက်အောက် တလက်မအကွာမှာပါ။ ချက်ပေါ်ကပ်တာလည်း ရိှပါတယ်။ အဆီပြင်ရှိတဲ့ ဗိုက်သားရဲ့ ဘယ်မျက်နှာပြင်မှာ မဆိုကပ်လို့ရတယ်။ တခါကပ်ရင် ၈-၁၂နာရီအထိကပ်ထားဖို့ လိုတယ်။တချို့က ညအိပ်ရင် ကပ်အိပ်လိုက်တယ်။ မနက်အိပ်ရာထမှာ ပြန်ဖြုတ်လိုက်တယ်။ ဖြုတ်ရ၊တပ်ရတာ လွယ်ကူတော့ သုံးစွဲသူအချို့က သဘောကျတယ်။ ဗိုက်ပေါ်ဆိုတော့ လူမမြင်ရတဲ့နေရာဖြစ်လို့ ကောင်းတယ်လို့ ဆိုတယ်။ ဒါပေမယ့် ဒီဖက်ခေတ်ပြောင်းလဲလာတဲ့ ဝတ်စားဆင်ယင်မှုအရတော့ ဟုတ်နိုင်ပါ့မလား မသိဘူး။ 

ဆေးမသုံးခင် ဒါတွေသိထားပါ
ကပ်ခွာမသုံးခင် အထဲမှာပါဝင်တဲ့ ဆေးတွေကို အရင်ဆုံးလေ့လာကြည့်ပါ။ သောက်ဆေးတွေလို အသည်း၊ကျောက်ကပ် မထိခိုက်စေပေမယ့် ကပ်တဲ့နေရာမှာ အရောင်ပြောင်းတာမျိုးတော့ ရှိနိုင်တယ်။ ကပ်ခွာအာနိသင်ကြောင့် အဆီဝမ်းတွေသွားနိုင်တယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ၊သွေးကျဲဆေးသောက်သုံးနေသူတွေ မကပ်သင့်ဘူး။အဝလွန်သူတွေမှာ အကျိုးမရှိတာ တွေ့ရတယ်။ ဗိုက်ခေါက်ထူတဲ့သူတွေမှာ ဆေးအာနိသင်က အရေပြားဖြတ်ပြီး ခန္ဓာကိုယ်ထဲရောက်ဖို့ မလွယ်ကူပါဘူး။ ပေါင် (၁၅၀)အထက်မှာ ကပ်ခွာသုံးလို့ အကျိုးရှိတာမျိုး မတွေ့ရဘူး။ အရေပြားဓာတ်မတဲ့တာ(အနီစက်၊ယားယံ၊အရေပြားအရောင်ပြောင်း)ရင်း ထပ်မကပ်သင့်ဘူး။ အမွှေးအမျှင်များတဲ့နေရာ၊ရင်သားစတဲ့နေရာတွေမှာ မကပ်သင့်ဘူး။ ကပ်ပြီးတဲ့အခါ ကပ်တဲ့နေရာကို စင်ကြယ်အောင် သေချာပြန်လည်ဆေးကြောသင့်တယ်။ နောက်ကပ်တဲ့အခါ တခြားနေရာပြောင်းကပ်ပေးပါ။ 

သုံးစွဲသူတွေကို လေ့လာကြည့်ရင် အုပ်စုနှစ်ခု ကွဲသွားတယ်။ တခုက သုံးစွဲပြီး ထူးခြားမှုမရှိသူတွေဖြစ်ပြီး နောက်တမျိုးက ဘေးထွက်ဆိုးကျိုးကြောင့် ဆေးရပ်လိုက်ရသူတွေ ဖြစ်ပါတယ်။ အများစုက ဆေးသုံးပြီး ရက်ပိုင်းအကြာမှာ မထူးခြားပါဘူးဆိုပြီး ကွန်ပလိန့်တက်ပါတယ်။ ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ဒီလောက်တော့လည်ပြီးသား ဖြစ်တယ်။ ဆေးကပ်ခွာ အညွှန်းမှာ တခါတည်းရေးထားတယ်။ ဆေးကို တလ-သုံးလထိ ဆက်သုံးကြည့်ပါ။ ထူးခြားမှုရှိလာပါလိမ့်မယ်။ သို့သော် ကပ်တဲ့နေရာ၊ အဆီပြင်အနည်းအများပေါ် မူတည်ပြီး အာနိသင်ကွာခြားချက်ရှိနိုင်တယ်လို့ ထည့်ရေးထားတယ်။ ဆိုလိုချင်တာက ထူးခြားမှုမရှိတာ ဆေးအာနိသင်ကြောင့်မဟုတ်ပဲ ကိုယ်တိုင်က အဆီများနေလို့ဆိုတဲ့ သဘောမျိုးသက်ရောက်စေတယ်။ နိဂုံးချုပ်သုံးသပ်ရရင် အဆီကျဆေးသောက်ဆေး၊ကပ်ခွာသုံးခြင်းဟာ အစားအသောက်၊အနေအထိုင်နဲ့ ဝိတ်ချတာထက် ကောင်းကျိုးပိုလာတာမျိုး မရှိပါ။ ကိုယ်ပိုင်အမြင်အရ အာနိသင်နည်းတဲ့ ဗိုက်ချပ်ပလာစတာတွေထက် အစားအသောက်၊အနေအထိုင်ပြောင်းလဲပြီး ဝိတ်ချတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။  

ဒေါက်တာ အေးမင်းထူး
၁၁.၈.၁၄

No comments:

Post a Comment