Sunday, December 7, 2014

Perfectil အသားအရေအတွက်ဆေး 

ဆရာ perfectil  သောက်ရင် ဘာအာနိသင်တွေ ရရှိနိုင်ပါလဲဆရာ။ perfectileကို အသက်အရွယ်မရွေး သောက်လို့ရပါသလား။ သမီးတို့အသက်အရွယ်ဆိုရင်ရော သောက်လို့ရပါသလား။ ဝတ်မှုန်ရွှေရည်နဲ့ ကြေငြာထားတာလည်း တွေ့လို့ပါ။ သမီးအသက်က ၂၅နှစ်ပါ။ အိမ်ထောင်မရှိပါဘူး။ သမီးတို့အရွယ်ကော သောက်လို့ ရလား ပြန်လည်ဖြေကြားပေးပါဦးဆရာ
ကျေးဇူးများစာဖြင့်
....
မင်္ဂလာပါဆရာ ။perfectil original ဆေးအကြောင်းရှင်းပြပေးပါဆရာ ။သိချင်တာကအသက်အရွယ်အပိုင်းအခြားနဲ့လားဆရာ




perfectil ဆိုတာ ယူကေအခြေစိုက် vitabiotic ဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ဆေးတမျိုး ဖြစ်တယ်။ ကုမ္ပဏီရဲ့ အဆိုကတော့ အရေပြား၊ဆံနွယ်၊ခြေသည်း၊လက်သည်းစတာတွေ ကောင်းမွန်စေဖို့လို့ ဆိုထားတယ်။ ဆေးထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ် (၂၂)မျိုးပါဝင်တယ်။ အားဆေးဆိုတာထက် အာဟာရအားဖြည့်ဆေး(dietary supplement)လို့ နာမည်တပ်တယ်။လက်တွေ့မှာ အားဆေးပါပဲ။ ဆေးပညာရှုထောင့်ကကြည့်တော့ ဒီဓာတ်တွေချည်းပါပဲ။ အဲဒီထဲကမှ ဘယ်ဆေးက ဘာအတွက် ကောင်းတယ်ဆိုပြီး နာမည်တပ်လိုက်တယ်။ လူစိတ်ဝင်စားစေမယ့် ခေါင်းစဉ်တပ်၊ဆေးအချိန်အဆ နည်းနည်းပြောင်းပြီး  ရောင်းအားကောင်းအောင် လုပ်တာ ကုမ္ပဏီတွေရဲ့ ထုံးစံပဲဖြစ်တယ်။ 

Vitabiotic က ထုတ်တဲ့ dietary supplement ဆေးတွေ အများကြီးရှိမယ်။ perfetil ဆိုတဲ့ နာမည်အောက်မှာကို ထပ်ခွဲထားတာ ရှိသေးတယ်။လေ့လာကြည့်ရင် ပါဝင်တဲ့ဓာတ်တွေ သိသိသာသာ ကွာခြားမသွားပါ။ တကယ်ကွာခြားတာက ဈေးလောက်ပဲရှိတယ်။ မြန်မာနိုင်ငံကို vimal ဆေးကုမ္ပဏီက ဖြန့်ဖြူးရောင်းချပေးတယ်။ perfectil ဆေးတကဒ်မှာ ဆေးလုံး(၁၅)လုံး လောက်ပါတယ်။ တစ်ဗူးမှာ ဆေးကဒ်နှစ်ကဒ်ပါလို့ တလစာဖြစ်တယ်။ တစ်ကဒ်ကို ဈေးအားဖြင့် သောင်းဂဏာန်းလောက်ရှိမယ်။ 

Perfectil ဆေးတလုံးမှာ 
• Vitamin B1 8 mg
• Vitamin B2 4 mg
• Niacin 18 mg
• Vitamin B6 10 mg
• Folic acid 500 mcg
• Vitamin B12 9 mcg
• Biotin 0.045 mg
• Pantothenic acid 40 mg
• Vitamin C 60 mg
• Vitamin D (200 IU) 5 mcg
• Vitamin E 40 mg
• Iron 12 mg
• Magnesium 75 mg
• Zinc 15 mg
• Iodine 200 mcg
• Manganese 0.5 mg
• Copper 1 mg
• Chromium 50 mcg
• Selenium 100 mcg
• Cystine 10 mg
• Betacarotene (as mixed carotenoids) 2 mg
• Grape seed extract (95% Proanthocyanidins) 15 mg

တခုချင်းက ဘာအာနိသင်တွေ ရှိလဲ

• Standardised Grape seed ဆိုတာ အင်တီအောက်ဆီးဒင့်တမျိုး ဖြစ်တယ်။ ဆဲလ်တွေပျက်ဆီးခြင်းမှ ကာကွယ်ပေးတယ်။ သွေးလျှောက်အားကောင်းစေတယ်။
• Natural carotenoids ဆိုတာ vitamin Aပါပဲ။ အဆိပ်အတောက်၊နေရောင်၊ဓာတုပစ္စည်းတွေကြောင့် အသားအရေပျက်ဆီးမှုကို ကာကွယ်သလို မျက်စိရောဂါတွေမှာလည်း အကျိုးရှိတယ်။
• Vitamin Bက စွမ်းအင်ဖြစ်စဉ်မှာကူညီပြီး အာဟာရဖြစ်စေတယ်။ ဆဲလ်ကျန်းမာရေး၊အာရုံကြောကောင်းမွန်ဖို့ လိုအပ်တယ်။
• Biotinဆိုတာ vitamin B7 ဖြစ်တယ်။ ဒီဓာတ်ကဆံသားနဲ့ ခြေသည်း၊လက်သည်းအတွက် လိုအပ်တယ်။
• Vitamin Cက အရေပြားအတွက်ကောင်းပြီး ရုန်းဆံ့နိုင်စွမ်းအားကောင်းစေတယ်။ ကိုလာဂျင်ဖြစ်ဖို့ ကူညီပေးတယ်။ အသားအရေကို လှပစေတယ်။ 
• Vitamin D3က အရေပြားနဲ့ အရိုးတွေသန်မာဖို့ ကောင်းတယ်။ အဆီပြန်ခြင်းကင်းစေတယ်။ နေရောင်ခြည်ကြောင့်ပျက်ဆီးတဲ့ အသားအရေကို ပြန်လည်ပြုပြင်ပေးတယ်။ 
• Copperဓာတ်ကတော့ ဆံသားအခြေမှာရှိတဲ့ hair folliclesတွေကို ဖြစ်ပေါ်စေသလို ဆံပင်ကို သန်စွမ်းစေတယ်။ 
• Iodineက သိုင်းရွိက်ဟော်မုန်းကို ထိန်းချုပ်ပြီး ဇီဝဖြစ်စဉ်အတွက် အရေးပါတယ်။ ဒီဓာတ်က ခြေသည်း၊လက်သည်း၊ဆံသားနဲ့ အရေပြားပြောင်းလဲမှုကို ဖြစ်စေတယ်။
• Iron(သံဓာတ်)ကတော့ သွေးနီဥအတွက်သာမက လက်သည်းအတွက်လိုအပ်တယ်။
• Manganeseက တွယ်ဆက်တစ်ရှုးတွေနဲ့ အာရုံကြောလုပ်ဆောင်မှုမှာ အရေးပါတယ်။
• Magnesiumက အရိုးအတွက်ကောင်းသလို zincကတော့ လက်သည်း၊ခြေသည်းအတွက် ကောင်းတယ်။Magnesium and zinc ဓာတ်တွေက ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးတယ်။

ဆေးကို ဘယ်လိုသောက်မလဲ
Perfectilကို တနေ့ တကြိမ်ပဲသောက်သင့်တယ်။ အစာအိမ်ကို ထိခိုက်နိုင်လို့ အစာစားပြီးမှ သောက်သင့်တယ်။ ကောင်းတာက အစာစားပြီးမှ ရေများများနဲ့ သောက်ပါ။ ရေနွေး၊ကော်ဖီ၊လက်ဖက်ရည် စတာတွေနဲ့ တွဲမသောက်သင့်ဘူး။ပုံမှန်အားဖြင့် ဆေးကို သုံးလထက်ပိုမသောက်သင့်ဘူး။ ဆေးကို အသက်၂၅နှစ်အထက်မှ သောက်သင့်တယ်။ 

ဘေးထွက်ဆိုးကျိုး
-ပျို့ချင်၊အန်ချင်တာ
-ဝမ်းလျှောတာ
-အစာအိမ်နာတာ
-လေထိုးလေအောင့်တာ
-ရင်ဘတ်အောင့်တာ
-ခေါင်းမူးတာ
-ချွေးထွက်တာ
-ခေါင်းကိုက်တာ
-အသားအရေ ရဲလာတာ
-ဓာတ်မတဲ့တာ

သတိပြုစရာ
ဆေးမှာပါတဲ့ တချို့ပမာဏတွေက နေ့စဉ် ပုံမှန်လိုအပ်တာ(RDA)ထက် ပိုများတယ်။ ကုမ္ပဏီက ဘယ်လိုကြေငြာပါစေ သောက်သုံးမယ့်သူက အနောက်တိုင်းက မဟုတ်ပဲ မြန်မာနိုင်ငံကလူတွေ ဖြစ်ကြတယ်။ ကိုယ့်နိုင်ငံရဲ့ ဝိတ်နဲ့ ချိန်ကြည့်ရင် အဆင်မပြေပါ။ အားဖြည့်ဆေးဆိုပေမယ့် ပုံမှန်လိုအပ်တာထက် ပိုသောက်မိရင်လည်းခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တယ်။ ဆေးသောက်ပြီး ရင်ပူတာ၊ပျို့ချင်၊အန်ချင်ရင် ဆက်မသောက်ပါနဲ့။ အသားအရေအတွက်ဆိုတဲ့ နာမည်ခံထားပေမယ့် ဗီတာမင်ဓာတ်တွေပဲဖြစ်လို့ အလွန်အကျွံမမျှော်မှန်းသင့်ပါ။ နောက်တချက်က အသုံးပြုထားတဲ့ ဆေးပမာဏတွေဖြစ်တယ်။ ထည့်ထားတာက အရေပြားအတွက် ပြောဖို့လည်း ခက်ပြန်တယ်။ ဥပမာ Biotin ဆိုပါတော့။ သူ့ရဲ့ အသားအရေအတွက် အာနိသင်ရဖို့ လိုအပ်တဲ့ ပမာဏက နေ့စဉ် ပုံမှန်ထက် အဆအများကြီး ပိုရတယ်။ လေ့လာမှုတွေအရ biotin 3-5mgလောက် သောက်မှ အသားအရေ၊ခြေသည်း၊လက်သည်းအတွက် ကောင်းတဲ့အာနိသင်ကို ရရှိစေတယ်။ perfectilမှာ ပါတဲ့ပမာဏက အဲဒီပမာဏမဟုတ်သလို အသားအရေအတွက် အကျိုးဖြစ်ထွန်းစေမယ်လို့ လက်ခံလို့မရပါ။ အလားတူ ဆရာဝန်တွေကလည်း မညွှန်ကြားပါ။ အသားအရေအတွက် ဆေးသောက်မယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေ ညွှန်ကြားတဲ့ ဆေးမျိုးကိုသာ သောက်သုံးသင့်ပါတယ် ခင်ဗျား။ 

ဒေါက်တာ အေးမင်းထူး
၂၇.၉.၁၄


မင်္ဂလာပါဆရာ ။perfectil ဆေးအကြောင်း ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။အသားရေအတွက်အာမခံချက်ရှိတဲ့ ဆေးတွေကိုပြေပြပေးပါဆရာ။

ဆောရီးပါဗျာ။ ဆေးပညာဗဟုသုတအနေနဲ့ ဆေးတွေဖော်ပြနိုင်ပေမယ့် ဘယ်ဆေးက ဘယ်လိုကောင်းတယ်ဆိုတာမျိုးက ကြေငြာအနေနဲ့ မဖော်ပြပေးပါ။ အွန်လိုင်းမှာ ဆေးဝါး၊ကျန်းမာရေးတွေ ရေးပေမယ့် မမြင်ရတဲ့ လူနာတွေကို ဆေးကုတာမဟုတ်တာ သတိပြုပါ။ ဆေးပညာဆိုင်ရာ ထင်မြင်ချက်၊ယူဆချက်တွေ၊ရှေ့နောက်မညီတာတွေ တွေ့ရင် သတိပြုနိုင်အောင် ဖော်ပြပေးလေ့ရှိပါတယ်။ ဒါပေမယ့် ဘယ်ဆေးကိုတော့ သောက်ပါ၊ဘယ်ဆေးတော့ မသောက်ပါနဲ့လို့ မပြောပါ။ ဘာကြောင့်လဲဆိုတော့ ကျင့်ဝတ်နဲ့ မညီလို့ပါ။ သိစေချင်တာတခုက ကုမ္ပဏီတွေ ကြေငြာသလို ကောင်းခြင်းငါးဖြာပြည့်စုံစေသား ဆိုတာမျိုး အနောက်တိုင်းဆေးပညာမှာတော့ မရှိပါ။ မြန်မာဆေးတွေထဲမှာ ရှိကောင်းရှိနိုင်ပါတယ်။ 

No comments:

Post a Comment