Sunday, February 15, 2015

သမီးမေးတဲ့ ရာသီပေါ်ဆေး

ကန်တော့်ပါဆရာ၊ သမီးရာသီပေါ်ဆေးသိချင်လို့ပါ၊တဦးတည်းသောသမီးမို့လို့ တိုင်ပင်စရာမရှိလို့ပါ ဆရာဝန်သွားပြရမှာလဲ ရှက်လို့ပါ
သမီးရာသီထိန်တာ ၂လ လောက်ရှိပါပြီ အခုသုံးလထဲတောင် ရောက်တော့မယ် အရင်က ပုံမှန်ဆင်းပါတယ်၊ တခါတရံတော့ ၁၅ရက်လောက်နေရင်နောက် တခါ ထပ်လာတတ်ပါတယ်၊ဒါလည်း အဖြစ်နည်းပါတယ်၊ အခု ၄လပိုင်းကတည်းက မလာတာ အခုချိန်ထိပါ၊ သမီးမှာ ရည်းစားလည်း မရှိပါဘူး ဘာအရှုပ်အရှင်းမှလည်း မရှိပါဘူး။ ဘာကြောင့် မလာတာလဲ သိချင်ပါတယ်၊ သောက်ဆေးရှိရင်သောက်ချင်ပါတယ်၊ ဖြစ်နိုင်ရင် ကူညီပေးပါဦးဆရာရယ်


ဟုတ်ကဲ့ 
နံပါတ်တစ်ပြောချင်တာက ရာသီသွေးကိစ္စဟာ ရှက်စရာမဟုတ်ပါဘူး။ အမျိုးသမီးတိုင်း ကြုံနေရတဲ့ကိစ္စပါ။ နောက်ပြီးဆရာဝန်တွေပြတာကို ရှက်စရာလို့ သဘောမထားသင့်ဘူး။ တယောက်ထဲပြရမှာရှက်ရင် မိဘ၊သူငယ်ချင်းခေါ်သွားပြီး ပြပါ။ ဆေးခန်းမှာလည်း ဒီလိုပဲလာပြနေကြတာပါပဲ။ အပြစ်တင်တာမဟုတ်ပေမယ့် အယူအဆမှားမှာစိုးလို့ပါ။ 
ရာသီမပေါ်ရင် ကျွန်တော်တို့ကြောက်တာက ကိုယ်ဝန်ရှိနေမှာကိုပါ။ ကိုယ်ဝန်ရှိရင် ရာသီသွေးထိန်သွားတတ်တယ်။ အတွေ့အကြုံအရ အားနာမှုက လူနာကို ပိုဒုက္ခများစေတယ်။ ဆေးခန်းလာရင် ဆီးအရင် စစ်လိုက်တာများတယ်။ သို့သော် ကိုယ့်ဘာသာသေချာတယ်ဆိုရင် ကိုယ်ဝန်ကြောင့် မဟုတ်နိုင်တော့ဘူး။ နောက်တချက်က အသက်အရွယ်ပါ။ရာသီပေါ်စအမျိုးသမီးတွေမှာ ထိန်တာ၊ရာသီမမှန်တာဖြစ်တတ်တယ်။ ပိုအတွေ့များတဲ့အချက်က ပိန်ချင်လို့ အစားအသောက်ရှောင်တာ၊အိပ်ရေးမဝတာတွေကြောင့် ရာသီထိန်သွားစေတယ်။ အသက်၂၀ ပတ်ချာလည် အမျိုးသမီးတွေမှာ ပိုအတွေ့များတယ်။ အစားမှန်မှန်စားခိုင်း၊ကောင်းကောင်းအိပ်ခိုင်းလိုက်ရင် အများစုဟာ ပြန်ကောင်းသွားကြတယ်။ အဓိကက ဟော်မုန်းပြောင်းလဲမှုကြောင့်ပါ။ စိတ်ဖိစီးမှုများတာကလည်း နောက်တချက် ဖြစ်စေနိုင်သေးတယ်။ မျိုးရိုးလည်းပါတယ်။ အကြောင်းအရာအများကြီးရှိလို့ အမျိုးမျိုးဖြစ်နိုင်တယ်။ အကြံလောက်ဘဲပေးပါရစေ။ ကုသတာတော့ မဟုတ်ပါဘူး။

အကြံပြုချက်
-အစားအသောက် ပုံမှန်စားပါ
-အိပ်ရေးဝအောင် အိပ်ပေးပါ(တနေ့ ၈နာရီလောက်)
-အကောင်းဆုံးက ည ၁၁နာရီအတွင်း အိပ်သင့်တယ်
-ဝိတ်အလွန်အကျွံချတာမျိုးတော့ အားမပေးချင်ဘူး
-စိတ်ဖိစီးမှု မများပါစေနဲ့
-အလွယ်ဆုံးဆေးသောက်နည်းက penorit ကို တစ်နေ့ တစ်ကြိမ် ၊နှစ်ရက် ဆက်သောက်ပါ။ အများစုဟာ ဆေးသောက်ပြီး ၃-၅ရက်အတွင်း ရာသီပြန်လာကြတယ်။
-ပိုကောင်းတဲ့အကြံပေးရရင် ဆေးကို ရမ်းသောက်နေတာထက် ဆရာဝန်နဲ့ ပြနိုင်ရင် အကောင်းဆုံးပါ။
-ဆရာဝန်က လိုအပ်သလို သောက်ဆေး၊ထိုးဆေး ပေးပါလိမ့်မယ်။

ဒေါက်တာအေးမင်းထူး
၂၄.၆.၁၃



အကြောင်းပြန်ပေးလို့ကျေးဇူးပါဆရာ၊
သမီးဆရာပြောသလိုအရင်စမ်းကြည့်ပါဦးမယ်၊မေမေကိုပြောတော့ ဆရာဝန်နဲ့သွားပြပါလားလို့ ပြောပါတယ်။သမီးက မပြချင်လို့ပါ။ အခုတော့ဆရာပြောတဲ့ဆေးနဲ့ အရင်စမ်းကြည့်ပါရစေ၊ မဖြစ်ရင်တော့ သွားပြပါမယ်ဆရာ၊ အခုလိုတကူးတကဖြေပေးတာ ကျေးဇူးအထူးတင်ပါတယ် ဆရာ

No comments:

Post a Comment