Friday, June 27, 2014

အရိုးအဆစ်ရောင်ခြင်းနှင့် သွေးစစ်ခြင်း

ဆရာ
လမ်းကောင်းကောင်းမလျှောက်နိုင်လို့ ဆရာဝန်ကြီးက ခြေထောက်ကို MRI ဓာတ်မှန်ရိုက်ခိုင်းလို့ ရိုက်ပါတယ်။ အဖြေစာရွက်မှာ ဒီလို ရေးထားပါတယ်ဆရာ။ 
Light degenerative cartilage changes, central in first MTP joint, 
အဲဒါ ဘာလဲဆိုတာ ဖြေကြားပေးပါဆရာ။ အရိုးတွေ နည်းနည်းပျက်စီးနေတယ်လို့ ဆရာဝန်က ရှင်းပြပါတယ်။ သေချာ မရှင်းလို့၊ MTP ဆိုတာလဲ ဘာမှန်း မသိလို့ပါ။
အရိုးတွေ ကြာလေပျက်လေ ဖြစ်သွားမှာလားဆရာ။ မဖြစ်အောင် ကာကွယ်လို့ ရပါသလား။
ကျွန်မ အသားမစားဘဲနေယင် ရောဂါသက်သာပါတယ်။ အရင်ကတည်းကလဲ သက်သတ်လွတ် ရံဖန်ရံခါ စားတတ်ပါတယ်။ ဒါပေမယ့်သက်သတ်လွတ် ရေရှည်စားရင် အာရုံကြော အားနည်းတတ်တယ်၊ မေ့တတ်တယ်ဆိုတာ မှန်ပါသလား။ အဲဒီလို မဖြစ်အောင် သက်သတ်လွတ် ဘယ်လိုစားရမလဲဆရာ။
ဆရာ့ သက်စောင့်ဓာတ်များကို လေ့လာခြင်း ဆောင်းပါးမှာ ကယ်လ်စီယမ်တို့ မဂ္ဂနီစီယမ်တို့က အသားငါးတွေမှာ ပါတယ်ဆိုတာ ဖတ်ရပါတယ်။ အသားငါး မစားဘဲ ကျန်းမာရေးကောင်းအောင် ဘယ်လိုလုပ်ရမလဲဆရာ။ 
ဆရာ့ဖြေကြားချက်ကို ကျေးဇူးတင်စွာ စောင့်မျှော်နေပါမည်။

လေးစားမှုဖြင့်
..........



အရိုးအခြေအနေသိချင်ရင် X ray ဓာတ်မှန်ရိုက်လို့ရပါတယ်။ အရိုးပွ၊မပွကို သိပ်သည်းဆကြည့်ပြီး ပြောနိုင်ပါတယ်။ အဆစ်တွေကျဉ်းနေသလား ပြောနိုင်သေးတယ်။ သွယ်ဝိုက်ပြီး ထပ်ပြောရရင် အရိုးနုတွေ စားနေသလား၊အရိုးအဆစ်ပျက်ဆီးနေလား သိရှိနိုင်တယ်။ တဆင့်မြင့်ပြီး ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေ ရှင်းရှင်းလင်းလင်းသိချင်ရင် MRI(magnetic resonance imagination) ရိုက်လို့ရပါတယ်။ သူ့သဘောက သံလိုက်လှိုင်းကို သုံးပြီး ပုံရိပ်ဖော်တာပါ။ ဓာတ်ရောင်ခြည်သင့်တာမျိုး မရှိတာ အားသာချက်ဖြစ်ပါတယ်။အဖြေစာရွက်မှာ ရေးထားတာကို ဘာသာပြန်ရရင်-
Light - သိပ်မဆိုးသေးတာ
degenerative - ဇရာသဘော တဖြည်းဖြည်းယိုယွင်းလာတာ
cartilage changes- အရိုးနုတွေ ပြောင်းလဲလာတာ
central in first MTP joint- ခြေမရိုး( first metatarso-phalangeal joint)နေရာမှာ ဘာသာပြန်လို့ ရပါတယ်။

ပိုလွယ်အောင် ပြောရရင် ခြေမအရိုးမှာရှိတဲ့ အရိုးနုတွေ ပျက်ဆီးယိုယွင်းလာတာမျိုး ဖြစ်ပါတယ်။ degenerative သဘောက ကြာလေပျက်ဆီးလေ ဖြစ်ပါတယ်။ အသက်အရွယ် စကားပြောလာတယ်။ light သိပ်မဆိုးသေးတာ ကောင်းတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမယ့် ထပ်မံပျက်ဆီးဖို့ ရှိလို့ ကြိုတင်ကာကွယ်သင့်ပါတယ်။ မေးထားတဲ့ထဲမှာ ရောဂါလက္ခဏာမပါဝင်တဲ့အတွက် ယေဘုယျဆောင်ရန်၊ရှောင်ရန် လောက်သာ ညွှန်ကြားပေးနိုင်ပါမယ်။ သေချာလိုက်နာနိုင်ရင် ပျက်ဆီးမှုကို ကာကွယ်နိုင်ပါတယ်။

မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။ 
-လေ့ကျင့်ခန်းမလုပ်ခင် အရင်ဆုံးအကြောလျှော့ပါ။ 
-ခြေထောက်လေ့ကျင့်ခန်း(calf stretch)၊ခြေဖဝါးတင်းစေမယ့် လေ့ကျင့်ခန်း(Plantar fascia stretch) ပြုလုပ်ပါ။ တခါလုပ်(၁၀)စက္ကန့် တနေ့အကြိမ်(၂၀)လုပ်ပါ။
-ခြေဖဝါးရောင်ရင် ရေခဲအိတ် အုံပါ။ ရေခဲပုလင်းကို ခြေဖဝါးလှိမ့်ပေးပါ။ တခါလုပ် မိနစ်(၂၀)ကြာ တနေ့သုံးကြိမ်လောက် ပြုလုပ်ပေးသင့်တယ်။
-ဖိနပ်စီးတဲ့အခါ မိမိနဲ့ သင့်တော်မဲ့ဖိနပ် ရွေးစီးပါ။ ဒေါက်မြင့်ဖိနပ်မစီးရပါ။
-ဖိအားဒဏ်ခံနိုင်မယ့် အောက်ခံထူထူကောင်းကောင်း ဖိနပ်မျိုး ရွေးစီးသင့်တယ်။ခြေထောက်ရောဂါမှာ ဖိနပ်ကအရေးပါတယ်။
-အရိုးနုအားဖြည့်ဆေး (glucosamine, chondroitin,hyaluronic acid)စတာတွေ ထည့်သောက်သင့်တယ်။ 
-အရိုးအားကောင်းစေဖို့ calcium,magnesium,phosphorus အားဖြည့်ဆေး ထည့်သောက်ပါ။ နွားနို့၊ပဲနို့ သောက်ပေးနိုင်ပါတယ်။ 
-ဂေါက်ရောဂါရှိရင် နီတဲ့အသား၊အညှောင့်ပေါက်တွေ ရှောင်ပေးပါ။
-ဟင်းသီးဟင်းရွက် များများစားပါ။ ရေများများသောက်ပါ။

အသားထဲမှာ ပရိုတင်းဓာတ်ပါတယ်။ ပရိုတင်းဓာတ်က တည်ဆောက်မှု၊ဖွဲ့စည်းမှုကို ဖြစ်စေတယ်။ အာရုံကြောတွေ အားကောင်းတတ်တယ်ဆိုတာလည်း မှန်သင့်သလောက် မှန်ပါတယ်။ အသားထဲမှာပါဝင်တဲ့ ဓာတ်တွေက စုံလင်ပါတယ်။ ဒါပေမယ့် စိမ့်တဲ့အသီးအရွက်တွေထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ကြပါတယ်။ ဒါ့ပြင် ပဲအမျိုးမျိုးမှာ ပရိုတင်းဓာတ်ပါဝင်လို့ အသားမစား သက်သက်လွတ်သမားများအနေနဲ့ ပဲအမျိုးမျိုးနဲ့ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေ စားပေးနိုင်ပါတယ်။ အဲဒီထဲမှာ အာရုံကြောအတွက် လိုအပ်တဲ့ ဓာတ်တွေ ပါဝင်ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ဟင်းသီးဟင်းရွက်စုံစုံလင်လင်စားခြင်းဖြင့် လိုအပ်တဲ့ဓာတ်တွေ ရရှိမှာ ဖြစ်ပါတယ်။ အသားမစားပဲရောဂါသက်သာရင် မစားပဲနေသင့်တယ်။ အကယ်၍ စိတ်ထဲမှာ အာရုံကြောအားနည်းနေသေးတယ်ထင်ရင် အာရုံကြောဆေးတွေ သောက်နိုင်ပါတယ်။ ပရိုတင်းဓာတ်အတွက် အမိုင်နိုအက်ဆစ်အားဆေးတွေ ရှိပြီး ဖြစ်ပါတယ်။ အသီးအရွက်ကတော့ ကျန်းမာရေးအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၁၁.၆.၁၄



ပြန်စာရလို့ ၀မ်းမြောက်ကျေးဇူးတင်ပါတယ်ဆ၇ာ။ 
ရောဂါလက္ခဏာက ခြေထောက် အမြဲနာနေတာ၊ တစ်ခါတစ်လေ မထင်မှတ်ပဲ ယောင်ကိုင်းလာတတ်တာတွေပါ။ 
ဆရာညွှန်ကြားတဲ့ ဆေးတွေထဲက ကယ်လ်စီယမ်နဲ့ မဂ္ဂနီစီယမ် ရှာလို့ ရပါတယ်။ ဖော့စဖရပ်နဲ့  glucosamine, chondroitin,hyaluronic acid  ရှာမတွေ့သေးလို့ ဘယ်ဆိုင်တွေမှာ ရနိုင်ပါသလဲဆရာ။
ုအစိမ်းရင့်ရောင် အသီးအရွက်နဲ့ မုန်လာဥနီ နေ့တိုင်းများများစားတာ တစ်လခွဲလောက် စားပြီးတော့ ခေါင်းတော်တော်ကြည်ပြီး ဦးနှောက်ထဲမှာ အရင်ကထက် အတွေးတွေရှင်းပြီး ပေါ့ပါးလာတယ်ဆရာ။ စာဖတ်ရမှတ်ရတာတွေ ပိုလွယ်လာလို့ ဒီတိုင်းဆို ကျွန်မ မဟာဝိဇ္ဖာတန်း ပြန်တက်မလားလို့ စဉ်းစားနေပါတယ်။ ဒါပေမယ့် စားသောက်မှုပုံစံ ပြောင်းလိုက်လို့ ခဏတဖြုတ် ထူးခြားတာ ဖြစ်နေရင် ရေရှည်ကျ ဒုံရင်းပြန်ဖြစ်သွားနိုင်ပါသလားဆရာ။ 
ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်ဆရာ။ 

..........


အခြေအနေက သွေးစစ်ဖို့လိုအပ်ပါတယ်။ ဂေါက်ရောဂါ၊လေးဖက်နာရောဂါ၊အဆစ်အမြစ်ရောင်ရောဂါ၊SLEစသည်ဖြင့် အမျိုးမျိုး ရှိနိုင်သေးတယ်။ ဆရာဝန်နဲ့ ပြသပြီး ဖြစ်လို့ စိုးရိမ်ဖို့မလိုလောက်ပါဘူး။ လိုအပ်တာ စစ်ပေးပါလိမ့်မယ်။ဆေးတွေလည်း ပေးလိမ့်မယ်လို့ ယူဆပါတယ်။ အွန်လိုင်းကဖြစ်လို့ ကျွန်တော့်အနေနဲ့ အကြံပေးရုံလောက်သာ တတ်နိုင်ပါတယ်။ 

သောက်နိုင်တဲ့ ဆေးများ
-Oscare(glucosamine,chondroitin,MSM,hyaluronic acid,Calcium,Vit D)
-Move Free(glucosamine,chondroitin,hyaluronic acid,Calcium)
-Arthrostop(glucosamine,chondroitin,boswellic acid,vitamin C,manganese)
-Nuflam(Glucosamine,chondroitin)
-Arthrovit(Glucosamine,chondroitin)
-Cosamine plus(Glucosamine,chondroitin)
-Osteoflam Plus(Glucosamine,green lipped mussel)
အထက်ပါဆေးတွေထဲက ကြိုက်နှစ်သက်ရာ သောက်သုံးပါ။ သတိပြုရမှာက ပြထားတဲ့ဆရာဝန်ပေးထားတဲ့ထဲမှာလည်း ပါနိုင်ပါတယ်။ ကိုယ်တိုင်ကြည့်ထားတဲ့ ဆရာဝန်က ပေးတဲ့ဆေးကသာ လူနာအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ 

ဘယ်ပညာရပ်မဆို အဆင့်မြင့်မြင့် သင်ကြားတတ်မြောက်ထားတာ အကောင်းဆုံးပါပဲ။ မဟာဝိဇ္ဖာတန်း ဆက်တက်ကြည့်ပါ။ ကိုယ့်ကိုကိုယ် ဘယ်တော့မှ လျှော့မတွက်မိစေနဲ့။ စိုးရိမ်စိတ်ဆိုတာ မိမိတက်လမ်းကို ပိတ်တဲ့ အတားအဆီးတခုပါ။ ငါအောင်ပါ့မလားတို့၊လုပ်နိုင်ပါ့မလားတို့ ဆိုတာ ကြိုတင်စဉ်းစားမနေပဲ ကြိုးစားကြည့်ပါဦး။ လုပ်သလောက် ဖြစ်လာပါလိမ့်မယ်။ ပူပန်စိတ်ထားလို့ အကျိုးများလာတာ အခုချိန်ထိ မတွေ့မိသေးဘူး။ အသီးအရွက်စားတာ ကောင်းတဲ့အလေ့အကျင့်တခုပါ။ အမြဲစားနိုင်ရင် ပိုကောင်းမယ်။အာရုံကြောအတွက် အထောက်အကူဖြစ်တယ်။ အခုအတိုင်းကောင်းနေရင် ဆက်စားပါ။ အကျိုးယုတ်ဖို့ မရှိပါဘူး။ ကောင်းလာဖို့ပဲ ရှိပါတယ်။

ဒေါက်တာ အေးမင်းထူး
၁၄.၆.၁၄



ကျေးဇူးတင်ပါတယ်ဆရာ။ ကျွန်မ အကြံပေးချက်တွေအတိုင်း လိုက်နာပါ့မယ်။ 

CRP 25
HLA-B 27 negative
anti CCP negative
Reumatoid factor IgM negative
အဲဒါတွေက ဘာတွေပါလဲဆရာ။ ပြန်ပြန်မေးရတာ တောင်းပန်ပါတယ်။ နားမလည်လို့ပါ။

လေးစားစွာဖြင့်
..........



• CRP(C reactive protein) 25ဆိုရင်များတယ်။ ရောင်ရမ်းမှုရှိရင် တက်နေမယ်။ပုံမှန် 6 အောက်မှာသာရှိတယ်။ lab တခုနဲ့တခု ကွာခြားနိုင်တယ်။
• HLA-B 27 ဆိုတာ သွေးဖြူဥရဲ့မျက်နှာပြင်မှာ ရှိတဲ့ ပရိုတင်းတမျိုးပါ။ လူမှာရှိတဲ့ ခုခံအားအတွက် လိုအပ်တဲ့ မျိုးဗီဇတခုပါ။ ပုံမှန်အားဖြင့် (-)ve ပြတယ်။ အကယ်၍(+)ဖြစ်ရင် ခုခံအားချင်း ပြန်တိုက်ဖို့ များတယ်။ ကျီးပေါင်းရောဂါမှာ တက်နေမယ်၊autoimmuneကြောင့် အဆစ်အမြစ်ရောင်ဖြစ်နိုင်ချေကို သိရှိနိုင်တယ်။ အင်္ဂါအစိတ်အပိုင်းလှူတဲ့သူတွေ တည့်မတည့် စစ်နိုင်တယ်။ HLA(human leukocyte antigen) အမျိုးအစားB ကို စစ်တယ်။ B27ဆိုတာက အင်တီဂျင်နံပါတ်ကို သတ်မှတ်ထားတာပါ။ သတ္တဝါတိုင်းမှာ MHCဆိုတဲ့ gene တွေရှိတယ်။ class 1,2,3 စသည်ဖြင့် ခွဲခြားထားတယ်။ MHC class ထဲမှာ လူရဲ့ geneက HLA အမျိုးအစား ဖြစ်တယ်။ လူမှာကျတော့ HLA A,B,C ဆိုပြီး ရှိတယ်။ 
• Anti CCP(anti-cyclic citrullinated peptide)ဆိုတာ RA လေးဖက်နာအဆစ်အမြစ်ရောင်မှာ တက်နေတတ်တယ်။ ကောင်းတာက Ig-M RFထက် ပိုတိကျတယ်။ အားသာချက်က RA လက္ခဏာတွေမဖြစ်ခင် ကြိုသိနိုင်တယ်။ 
• Reumatoid factor IgM negativeဖြစ်လို့ ခုခံအားချင်းပြန်တိုက်တဲ့ autoimmune မရှိဘူးလို့ ယူဆပါတယ်။ RF(Reumatoid factor)က RAလို ခုခံအားချင်းပြန်တိုက်တဲ့ရောဂါမျိုးမှာ ရှိတယ်။ RAဖြစ်သူရဲ့ 80%မှာ တက်နေမယ်။ sjogren syndromeနဲ့ SLEမှာလည်း များနေတတ်တယ်။ တခါတရံ ကိုယ်အင်္ဂါအစားထိုးသူတွေမှာ ခုခံအားက လက်မခံရင်လည်း ရှိနိုင်တယ်။RF 20IU/mlအထက်ဆိုရင် အဆစ်အမြစ်ပျက်ဆီးနိုင်ချေပိုများတာ တွေ့ရတယ်။
• Anti CCPကော၊Reumatoid factor IgMကော ရှိနေရင် autoantibody ရှိတယ်။ လေ့လာမှုတွေအရ ဒီနှစ်ခုလုံး ရှိနေရင် သွေးကြောကျဉ်းရောဂါ(atherosclerosis) ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများတာ တွေ့ရတယ်။

ဒေါက်တာ အေးမင်းထူး
၂၂.၆.၁၄

No comments:

Post a Comment