Thursday, November 6, 2014

စက္ခုစေတနာ မျက်ကြည်လွှာ

ဒေါက်တာ
အခု ဓာတ်ပုံထဲက ကလေးက မျက်မမြင်ပါ။ သူ မျက်ကြည်လွှာ အစားထိုးပြီး ပြန်မြင်နိုင်မမြင်နိုင် သိချင်ပါတယ်။ 
အသက် ၂၂ပါ၊ ရောဂါ - ၅ နှစ်သားမှာ အပြင်းဖျားပြီး မျက်စိကွယ်။ သူ့ကိုယ်စား ပြောပြတဲ့သူက ကျောက်ပေါက်ပြီး ကွယ်တယ် ပြောတယ်။ သူ ငါးနှစ်သားမှာ ကမ္ဘာပေါ်မှာ ကျောက်ရောဂါ မရှိတော့ဘူးဆိုတော့ တခြားရောဂါတစ်ခုခု ဖြစ်မယ်လို့ ထင်ပါတယ်။ ဘာလဲတော့ ကျွန်မမသိပါဘူး။ 
မျက်စိပြန်မြင်နိုင်တဲ့ မျှော်လင့်ချက် ရှိမရှိ သိချင်ပါတယ်။
နောက် မေးချင်တာက မျက်ကြည်လွှာ ကိစ္စပါ။ ကျွန်မနဲ့သိသမျှ မျက်မမြင်တွေက မျက်စိပြန်မြင်ချင်ကြတယ်။ နယ်ဘက်တွေမှာ နွမ်းပါးရှာတဲ့ မသာရှင် မိသားစုတွေက မျက်ကြည်လွှာ အလှူခံလို့ ရနိုင်ပါတယ်။ အသုဘစရိတ်တော့ ကူညီရမှာပေါ့။ ခက်တာက ထုတ်ယူနိုင်တဲ့ နည်းရယ်၊ ဘယ်လို အအေးခံသိုလှောင်ပြီး မျက်စိဆေးရုံရှိတဲံ့ မြို့ကြီးတွေ အရောက် ပို့ရမယ် ဆိုတာရယ်၊ သေသူမိသားစုဆီက အလှူခံတာပေမယ့် ဒီလို ကိုယ့်ဟာကိုယ် မျက်ကြည်လွှာထုတ်တာကို ဥပဒေက လက်ခံပါ့မလား ဆိုတာရယ် သိချင်ပါတယ်။ 
ကျွန်မဆန္ဒကတော့ မျက်မမြင်တွေ ဒုက္ခကို သိထားတော့ မြေကြီးထဲ၊ မီးသဂြိုင်္ဟ်စက်ထဲ အလကား ရောက်သွားမယ့် မျက်ကြည်လွှာ တစ်စုံကို တခြားလူသားတွေ အကျိုးအတွက် ဖြစ်စေချင်တာပါ။ လုပ်လို့ ရမရ သိချင်ပါတယ်။ 
နောက်တစ်ခုကတော့ လောလောဆယ် မြန်မာပြည် အနေအထားနဲ့ ဥပဒေအရ လုပ်လို့ မရေသေးရင်လဲ လိုလိုမယ်မယ် ဗဟုသုတအနေနဲ့ သိထားဖို့ လူသေအလောင်းဆီက မျက်ကြည်လွှာ ထုတ်ယူထိမ်းသိမ်းနည်းကို သိချင်ပါတယ်။ 

ကျေးဇူးတင်စွာဖြင့်
.....


မျက်စိကွယ်စေတဲ့ အကြောင်းရင်းတွေ များစွာရှိပါတယ်။ မျက်ကြည်လွှာ၊မြင်လွှာ၊မှန်ဘီလူး စတာတွေထိခိုက်ပျက်ဆီးလို့ မျက်စိကွယ်နိုင်တယ်။ မျက်ကြည်လွှာထိရင် မျက်ကြည်လွှာအစားထိုးလို့ရပါတယ်။ မျက်စိပြန်မြင်နိုင်မယ်၊မမြင်ဘူးဆိုတာ မျက်စိကို ဘယ်အစိတ်အပိုင်းထိခိုက်လို့ ပျက်စီးတာလဲသိမှ ပြောနိုင်ပါတယ်။ မျက်လုံးမှာ အစိတ်အပိုင်းတွေ အများကြီးရှိတယ်။ မျက်စိရဲ့ ဖြူတဲ့အပိုင်းကို sclera လို့ခေါ်ပါတယ်။ မျက်ဆံ မည်းတဲ့အပိုင်းက မျက်ကြည်လွှာဖြစ်တယ်။ မျက်ကြည်လွှာကို မျက်စိရဲ့ ပြတင်းပေါက်လို့ တင်စားခေါ်ဝေါ်ရမယ်။ ဘာ့ကြောင့်လဲဆိုတော့ အလင်းက ကြည်လင်နေတဲ့ မျက်ကြည်လွှာကို ဖြတ်ပြီမှ ဝင်နိုင်လို့ ဖြစ်တယ်။ မျက်ကြည်လွှာမှာ 
၁။cornea epithelium 
၂။Bowman’s layer, 
၃။corneal stroma, 
၎။posterior limiting membrane (Descemet’s membrane) 
၅။cornea endothelium 
ဆိုပြီး ငါးလွှာရှိတယ်။ 

မျက်ကြည်လွှာဆိုတာ အရမ်းပါးတယ်။ ၀.၅ မီလီမီတာလောက်ပဲ ထူတယ်။ အကျယ်က ၁-စင်တီမီတာ ရှိတယ်။ မျက်ကြည်လွှာဆိုတာ ပုံမှန်အားဖြင့် ကြည်နေရတယ်။ အကယ်၍ ကြည်လင်မနေတာ၊အလင်းဝင်ရောက်ဖို့ လုံလောက်တဲ့ curvature မရှိရင် မျက်စိဝါးတာ၊မှုန်တာ ဖြစ်လာပြီး မျက်စိကန်းတတ်တယ်။ ရောဂါပိုးမွှား၊ထိခိုက်မှုကြောငိ့ မျကိကြည်လွှာထိခိုက်တယ်။ ရောဂါပိုးဝင်ရောက်ပြီး မျက်စိထိခိုက်သူတွေမှာ အမာရွတ်တွေက မျကိကြည်လွှာကို ထိခိုက်စေတယ်။

မျက်ကြည်လွှာအစားထိုးခွဲစိတ်မှုကို ကမ္ဘာ့ပေါ်မှာ ပထမဆုံး အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တာက Dr Eduard Zirm ဖြစ်ပါတယ်။ ၁၉၀၅ ဒီဇင်ဘာ(၇)ရက်နေ့မှာ အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့တယ်။ ပိုထူးဆန်းတာက လှူတဲ့သူက အသက်(၁၁)နှစ်အရွယ်သာ ရှိသေးတဲ့ ကောင်လေးတယောက်ဖြစ်တယ်။ အခုနောက်ပိုင်း နည်းပညာအဆင့်မြင့်လာတော့ မျက်ကြည်လွှာထဲက လိုအပ်တဲ့ အစိတ်အပိုင်းကိုပဲ ယူပြီး အစားထိုးတဲ့နည်းတွေ ရှိနေပါပြီ။

ဘယ်သူတွေ လှူလို့ရလဲ
မျက်စိမွဲသူ၊မျက်မှန်တပ်သူ၊သွေးတိုး၊ဆီးချိုရှိသူတွေလည်း မျက်ကြည်လွှာလှုလို့ရတယ်။ နောက်ဆုံး မျက်စိအတွင်းတိမ်ရှိနေသူတောင် မျက်ကြည်လွှာလှူချင်လှူလို့ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ မျက်စိအတွင်းတိမ်(Cataract)က lens မျက်စိမျက်ဘီလူး ကိုပဲ ထိခိုက်တာကြောင့် ဖြစ်ပါတယ်။ 

မျက်ကြည်လွှာလှူမယ်စိတ်ကူးရင် မသေခင် လှူဖို့ ဆန္ဒပြုခဲ့တာ ရှိရမယ်။ ဒါမှမဟုတ် မိသားစုအသိုင်းအဝိုငိးက လှူဖို့ခွင့်ပေးတာ လုပ်နိုင်ရမယ်။ မျက်ကြည်လွှာယူဖို့ အသိသက်သေလိုပါတယ်။ အဆိုပါသူက ဆုံးပြီး ၄နာရီအတွင်း မျက်စိဘဏ်ကို အကြောင်းကြားရတယ်။  သေဆုံးပြီး ၄နာရီအတွင်း ထုတ်ယူရတာဖြစ်လို့ ရန်ကုန်၊မန္တလေး မြို့တွေက လွဲရင် ကျန်တဲ့မြို့မှာ သေဆုံးသူတွေက ထုတ်ယူလို့မရနိုင်ပါဘူး။ 

မျက်ကြည်လွှာ ထုတ်ယူခြင်း
Donorဆီက မျက်ကြည်လွှာယူတဲ့နည်းကို In Situ Corneal Excision လို့ခေါ်ပါတယ်။ ဒီထုတ်ယူမှုဟာ နာရီဝက်လောက်ကြာတယ်။မျက်ကြည်လွှာယူတဲ့အတွက် သေဆုံးသူရဲ့ မျက်စိပုံစံပြောင်းတာ၊ဟောက်ပက်တာ မရှိဘူး။တခြားအစိတ်အပိုင်းတွေ ထုတ်ယူသလို အလျင်လိုဖို့ မလိုအပ်ပါဘူး။ မျက်စိကို ရေခဲနဲ့ အုပ်ပေးနိုင်ရင် ၂၄-နာရီအတွင်း ထုတ်ယူလို့ရပါတယ်။ ထုတ်ပြီးရင်လည်း အမျိုးသားမျက်စိဘဏ်မှာ တစ်လလောက်ထိ သိမ်းဆည်းထားနိုင်တယ်။ သိမ်းတဲ့အခါ အပူချိန် ၄ဒီဂရီစင်တီဂရိတ်မှာ ထားရင် (၂)ရက်ထိ အထားခံတယ်။အဲဒီအပူချိန်မှာပဲ chondroitin sulphate-based mediumထဲထည့်ရင် ၁၄ရက်(၂ပတ်)အထားခံတယ်။ တစ်ရှုးကာချာနဲ့ထားရင် ၁လလောက်ထိ အထားခံတယ်။ 

ရောဂါကင်းစင်မှု ရှိ၊မရှိ
မျက်ကြည်လွှာထုတ်ယူမဲ့သူဟာ ဘာရောဂါနဲ့ သေဆုံးသလဲ အရေးကြီးတယ်။ ဘီပိုး၊စီပိုး၊HIV၊ခွေးရူးပြန်ရောဂါသည်တွေရဲ့ မျက်ကြည်လွှာကို အသုံးမပြုပါဘူး။ ဒါ့ကြောင့် မျက်ကြည်လွှာယူပြီးတာနဲ့ မျက်ကြည်လွှာအခြေအနေ၊ကောင်းမွန်မှု ရှိ၊မရှိ၊ရောဂါကင်းစင်မှုကို စစ်ဆေးပါတယ်။ စစ်ဆေး ပြီးရင် မျက်စိဘဏ်ကနေ လက်ခံသူနဲ့ အမျိုးအစားကိုက်ညီမှုရှိ၊မရှိ စစ်ဆေးပြီး ဆရာဝန်ဆီ တင်ပြရတယ်။ ဆရာဝန်က လက်ခံနိုင်တယ် ယူဆတာနဲ့ မျက်ကြည်လွှာအစားထိုးဖို့ စီစဉ်ပါလိမ့်မယ်။

မျက်ကြည်လွှာအစားထိုးခြင်း
မျက်ကြည်လွှာအစားထိုးတာကို cornea graft လုပ်တယ်လို့ ခေါ်တယ်။ ပျက်စီးနေတဲ့ corneaကို ထုတ်ပြီး အလှူရှင်ရဲ့ corneaကို ထည့်သွင်းရတာဖြစ်တယ်။ တခြားအစိတ်အပိုင်းတွေလိုပဲ ခန္ဓာကိုယ်က တုံပြန်နိုင်တယ်။ ဒီအတွက် ခွဲစိတ်ပြီးတာနဲ့ ဆေးပေးဖို့ လိုအပ်တယ်။ ဥပမာ၊ ခွဲပြီး (၂)ရက်အတွင်း Dexamethasone ကို တနာရီခြားတခါ ခပ်ပေးတာမျိုး၊ နောက်ထပ် ၅ရက်မှာ ၂နာရီခြားတခါ ခပ်ပေးတာမျိုးလုပ်ရတယ်။ အဲဒီနောက်မှာ တရက်(၄)ကြိမ် ၄-၆လထိ ဆက်ခပ်နိုင်တယ်။ ပိုးမဝင်အောင် ပိုးသတ်မျက်စဉ်း Chloramphenicol တနေ့လေးကြိမ် ၂-၄ပတ် ဆက်ပေးတယ်။ ကံကောင်းတာတခုက မျက်ကြည်လွှာကို သွေးဖြူဥအရောက်နည်းအောင် ကာကွယ်ထားလို့ တခြားအစိတ်အပိုင်းထက် rejection တုံ့ပြန်တာနည်းတယ်။ 

မြန်မာနိုင်ငံမှာ မျက်စိဘဏ်နှစ်ခုရှိတယ်။ ရန်ကုန်အမျိုးသားမျက်စိဘဏ်ကို ၁၉၉၃မှာ စတင်ထောင်ခဲ့တယ်။ မန္တလေးမျက်စိဘဏ်ကိုတော့ ၁၉၉၉မှာ စထောင်နိုင်ခဲ့တယ်။ အမေရိကားမှာ ၂၀၁၃တနှစ်ထဲမှာပဲ လူ ၄၇၀၀၀ ကျော်ကို မျက်ကြည်လွှာ အစားထိုးကုသနိုင်ခဲ့တယ်။ ရန်ကုန်မှာတော့ ၂၀၁၃စာရင်းအရ လူတစ်ရာကျော်ကိုသာ အစားထိုးနိုင်ခဲ့တယ်။ မန္တလေးမှာ ၁၅နှစ်အတွင်း လူ(၉၀၀၀)နီးပါးသာ မျက်ကြည်လွှာအစားထိုးနိုင်ခဲ့တယ်လို့ စာရင်းဇယားတွေအရ သိရတယ်။ မျက်ကြည်လွှာလှူဒါန်းထားသူ သေဆုံးပြီး လေးနာရီအတွင်း အကြောင်းကြားရတယ်။ ရန်ကုန်ဆိုရင် အမျိုးသား မျက်စိဘဏ်(ရန်ကုန်) ဖုန်း ၀၁-၅၄၁၃၀၆၊ ရန်ကုန် မျက်စိအထူးကု ဆေးရုံကြီး၊ ဖုန်း ၀၁-၅၅၇၉၅၅၊၅၅၇၉၅၆၊ ၅၄၉၁၇၁ ကိုဆက်သွယ်နိုင်တယ်။ မန္တလေးမှာ ကွယ်လွန်ခဲ့ရင် အမျိုးသား မျက်စိဘဏ် (မန္တလေး) ဖုန်း ၀၂-၃၉၄၅၀၊ မန္တလေး မျက်စိလူနာဆောင်၊ ဖုန်း၀၂-၃၁၂၀၃ ကို ကျန်ရစ်သူ မိသားစုဝင်တွေက ဆက်သွယ်ပေးရမှာ ဖြစ်ပါတယ်။ ဒီမြို့တွေကလွဲရင် ကျန်မြို့တွေမှာ လောလောဆယ်မရနိုင်သေးပါဘူး။ 

အမျိုးသားမျက်စိဘဏ်(ရန်ကုန်)
အမှတ် ( 30 ) ၊ နတ်မောက်လမ်း ၊ 
မျက်စိဆေးရုံ ၊ ရန်ကုန်မြို့ ။ 
ဖုန်း - 549171 ၊ 557956 ၊ 541306

အမျိုးသားမျက်စိဘဏ် ( မ န္တလေး )
23 လမ်း ၊ 80 နှင့် 81 လမ်းကြား 
မ-န-န-လ ဆေးရုံကြီး ၊ မ န္တလေး ။ 
ဖုန်း - 02 39450 ၊ 31200

မေးထားသူရဲ့ စိတ်ကူးက ကောင်းပါတယ်။ ဒါပေမယ့် အထမြောက်ဖို့ မလွယ်နိုင်ဘူး။ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်တဲ့အခါမှာတောင် ဘယ်အုပ်ချုပ်ရေးမှုး၊ဦးစီးမှူးစီ တင်ပြမှဆိုတာတွေ ရှိနေသေးတယ် မဟုတ်လား။ လွန်ခဲ့တဲ့ ၈-လ လောက်က မန္တလေးမြို့ပေါ်က လူငယ်ပရဟိတ အဖွဲ့တခုက မျက်ကြည်လွှာအကြောငိး လာမေးဖူးပါတယ်။ လှူချင်လို့လား၊အခုလို အလှူရှင် ရှာဖွေဖို့လားတော့ ကောင်းကောင်း မသိဘူး။ မျက်ကြည်လွှာလိုအပ်သူတွေ အများကြီးရှိပါတယ်။ မျက်ကြည်လွှာအစားထိုးဖို့ waiting list စောင့်ဆိုင်းသူတွေ တန်းစီနေတယ်။ ဆိုလိုချင်တာက လိုအပ်တာက ပိုများနေတာပါ။စိတ်မကောင်းစရာတခု လှူဖို့ဆန္ဒရှိပေမယ့် စာရင်းပေးသွင်းမထားခဲ့တာ၊သူတို့နဲ့ နီးစပ်သူတွေကို လှူမယ်လို့ ကြိုပြောမထားခဲ့တာ ဖြစ်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၂.၁၁.၁၄

No comments:

Post a Comment