Monday, June 2, 2014

ကိုယ်ဝန်ဖျက်ခြင်း သည်းခံပါ

တခါက အွန်လိုင်းအကူအညီတောင်းခံသူတွေ အမေးများတဲ့ဆေးဝါးတွေကို လေ့လာဖူးတယ်။ အမေးအများဆုံးဆေးဝါးတွေကို စာရင်းချကြည့်တဲ့အခါ-
၁။အဆီကျဆေး၊ပိန်ဆေး၊
၂။အသားလှဆေး၊
၃။တားဆေး၊
၎။ကိုယ်ဝန်ဖျက်ဆေး၊
၅။အမျိုးသား အားဆေး၊
ဆိုပြီး တွေ့ရတယ်။ ရှေ့ဆုံးသုံးခုက အမျိုးသမီးတွေ အမေးများဆုံးမေးခွန်းတွေ ဖြစ်ပါတယ်။ နောက်ဆုံးနှစ်ခုက ယောကျာ်းလေးတွေအမေးများတဲ့ မေးခွန်းတွေ ဖြစ်တယ်။

လက်ရှိချိန်ထိမြန်မာနိုင်ငံမှာ မလိုအပ်ဘဲ ကိုယ်ဝန်ဖျက်ချပေးဖို့ ဥပဒေပြဌာန်းထားတာမရှိသေးဘူး။ ဒါပေမယ့်ကိုယ်ဝန်ဖျက်သူဦးရေဟာ လျှော့ပါးမသွားပဲ ပိုများလာတယ်။ ကြားထဲမှာအလုပ်ဖြစ်သူတွေက အရပ်လက်သည်တွေ၊ရမ်းကုတွေ ဖြစ်ကြတယ်။ လူနာတွေလည်း နေ့စဉ်ပေါများလျက်ပဲ။ အလုပ်ရှုပ်သူတွေက ဆေးရုံ၊ဆေးခန်းတွေက ဆရာဝန်တွေ ဖြစ်ပါတယ်။ ဖြစ်သလို ဖျက်ချပြီး မရှူနိုင်၊မကယ်နိုင်ဖြစ်လာတဲ့အခါ ဆေးရုံရောက်လာတယ်။ ဆရာဝန်လည်း လူမို့စိတ်တိုတတ်လာတယ်။ အစတည်းက မယူနိုင်ရင် အတူမနေနဲ့ဆိုတဲ့ခံယူချက်မျိုး ဆရာဝန်အများစုမှာရှိတယ်။ ပြဿနာက လူတွေရဲ့ခံယူချက်နဲ့အသိအမြင်နည်းပါးမှုပါ။ တချို့ကလည်း အရေးပေါ်တားဆေးအားကိုးနဲ့ မိုက်ရဲတယ်။ ဖြစ်လာရင် ရှင်းလင်းရဲသူတွေလည်း ဖြစ်ကြတယ်။ ကိုယ်မကြိုက်လို့ ကိုယ်ဖျက်တာဘာဖြစ်သလဲ၊ဒီမိုကရေစီခေတ်ရောက်နေပြီ ဆိုသူတွေလည်း ရှိပါတယ်။ မှန်တာ၊မှားတာတွေက အဓိကမကျပါ။ အမြင်နှစ်ဖက်ရဲ့မတူညီတဲ့ လားရာတွေကို ထောက်ပြဝေဖန်တာဖြစ်ပါတယ်။ 

ကိုယ်ဝန်ဖျက်တဲ့ ပြဿနာကနက်နဲလွန်းတယ်။ ကိုင်တွယ်ရခက်တယ်။ ဘယ်ရှုထောင့်က ကြည့်သလဲပေါ်မူတည်တယ်။ဆေးပညာရှုထောင့်က ကြည့်မှာလား၊ဘာသာရေးရှုထောင့်ကလား၊ လူမှုရေးရှုထောင့်ကလား၊ဒီကြားထဲမှာ စီးပွားရေးအခြေအနေ ဆိုတာလည်းပါသေးတယ်။ ရှုထောင့်အမျိုးမျိုးက ကြည့်တာဖြစ်လို့ အယူအဆတွေ ကွဲပြားသွားတယ်။ နောက်ဆုံးတော့ လက်ရှိပြဌာန်းထားတဲ့ဥပဒေအတိုင်းပဲ လုပ်ဆောင်ရတယ်။ ဆရာဝန်တွေမှာ ethic ခေါ်တဲ့ ကျင့်ဝတ်ကို လိုက်နာရတဲ့အပိုင်းတွေ ရှိတယ်။ မလိုအပ်ဘဲ ကိုယ်ဝန်မဖျက်ရဘူး။ ဘာသာရေးရှုထောင့်ကကြည့်ရင်လည်း အလားတူပဲ။ အသက်တချောင်းဖြစ်လို့ ပါဏာတိပါတာကံ ကျူးလွန်ရာရောက်တယ်။ တရုတ်နိုင်ငံကတော့ လူမှုရေးနဲ့စီးပွားရေးရှုထောင့်ကကြည့်ပြီး ကလေးတယောက်ထက် ပိုမယူရဆိုတဲ့စည်းကမ်း သတ်မှတ်လိုက်တယ်။ ကိုယ်ဝန်ဖျက်ခိုင်းတာမဟုတ်ပေမယ့် သွယ်ဝိုက်တဲ့နည်းနဲ့တော့ ဟုတ်တယ်။ သူ့တို့လူမျိုးမှာ ယောကျာင်္းလေးရဲ့မျိုးရိုးက အရေးကြီးတယ်။ ယောကျာင်္းဖြစ်သူရဲ့ မျိုးရိုးစဉ်လာ ဆက်ခံရတာကြောင့် တစ်အိမ်ထောင်တယောက်စည်းကမ်းအရ ကိုယ်ဝန်ဖျက်ချသူဦးရေ အပေါ်များဆုံးနိုင်ငံဖြစ်လာတယ်။ မြန်မာနိုင်ငံက အခုမှမျိုးစောင့်ဥပဒေပြဌာန်းဖို့ ကြိုးစားနေရုံသာ ရှိသေးတယ်။ တရုတ်နိုင်ငံမှာ မျိုးစောင့်သီအိုရီကို ကျင့်သုံးလာတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ကလေးပေါင်းမရေမတွက်နိုင်အောင် ဆုံးရှူံးခဲ့ရပြီ။ ယောကျာင်္းလေးမဟုတ်ရင် ဖျက်ချပစ်တယ်။ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးလာတာတော့ ဟုတ်တယ်။ တဖက်မှာတော့ အမျိုးသမီးဦးရေနည်းလာတယ်။ ကမ္ဘာကို အုပ်စိုးနိုင်တဲ့လက်တွေ ပိုနည်းလာတယ်။ အသက်အရွယ်ကွာခြားချက်ကြီးမားလာပြီး သက်ကြီးရွယ်အိုတွေ ဒုက္ခရောက်ရတယ်။ ဒါ့ကြောင့်လဲ ပေါ်လစီကိုပြန်လည်ပြုပြင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံရောက် တရုတ်လူမျိုးတွေကတော့ အထူးကံကောင်းသူတွေ ဖြစ်ပါတယ်။အခွင့်ထူးခံလူတန်းစားတွေလည်း ဖြစ်တယ်။ တခါတရံ အရိပ်ထဲနေရတာတောင် အခက်ချိုးချင်တဲ့အကျင့်က မပျောက်နိုင်သေးဘူး။ဇာတိက ပြချင်တယ်။ ထားပါ။ ပြောချင်တာက အမှန်၊အမှား မဟုတ်ဘူး။ ခံယူချက်နဲ့ လုပ်ဆောင်ချက်ဖြစ်တယ်။ဗုဒ္ဓဘာသာအရ ကံဆိုတာ အလုပ်တခုရဲ့ အကျိုးဆက်ဖြစ်တယ်။ အလုပ်တခုရဲ့အကျိုးဆက်ကတော့ တန်ပြန်လာမှာ ဖြစ်တယ်။ ကလေးမယူချင်သေးဘူး။ ဟုတ်ပြီ၊ရတယ်။ အဲဒီအတွက် တားဆေး၊ထိုးဆေး၊သောက်ဆေး၊ကပ်ခွာဆေး အမျိုးမျိုး ရိှတယ်။ တခါတရံမှားယွင်းသလား၊ရသေးတယ်။ အရေးပေါ်တားဆေးကဒ် အဆင်သင့် ရှိတယ်။ ဘယ်လိုသောက်ရမလဲ။ သူတို့ကို ပိုလို့ကျွမ်းတယ်။ ဆရာဝန်ကို ဆရာပြန်လုပ်နိုင်သူတွေ ဖြစ်ကြတယ်။ 

ဒီလိုအဆင့်ဆင့်ရှိနေတာတောင် ဘာကြောင့် ကိုယ်ဝန်ရရပါသလဲ။ လေ့လာကြည့်တဲ့အခါ အခြေခံကျတဲ့အချက်တွေကို တွေ့ရတယ်။ ကိုယ်ဝန်ဖျက်ချင်သူအများစုဟာ ဆယ်ကျော်သက်အရွယ်တွေ ဖြစ်ကြတယ်။ ကျန်းမာရေးအသိ၊တာဝန်ယူစိတ်နည်းကြတယ်။ ကိုယ့်စိတ်ကို မနိုင်နင်းသူတွေလည်း ဖြစ်တယ်။ အချိန်ကိုမကြည့်ကြဘူး။ လိုချင်တာကို ရအောင်ယူတယ်။ ကွန်ဒုံးလိုအကာအကွယ် မသုံးစွဲချင်ဘူး။ ကမ္ဘာခြားမှာ သေမလောက်ကြောက်ကြသူတွေ ဖြစ်တယ်။ တခါတရံအတွက် ထုတ်လုပ်ထားတဲ့ အရေးပေါ်တားဆေး(emergency contraceptive)ကို ပဲကြီးလှော်လို ဝါးတယ်။စားတယ်။ တချို့များ တားဆေးကဒ်ကို ဖာလိုက်ဝယ်ထားတာထိ ရှိတယ်။ တားဆေးအားကိုးနဲ့ တခါတရံပေါင်း မရေမတွက်နိုင်အောင် မှားယွင်းကြတယ်။ ဒီအချက်က ပညာတတ်ဖြစ်တာနဲ့လည်း မဆိုင်ဘူး။ တချို့လူတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာထူးချွန်တယ်။ အားနည်းချက်တခုက နားမလည်တာထက် နားလည်အောင် မကြိုးစားချင်တာဖြစ်တယ်။ ကြားရက်တွေ နားမလည်ဘူး။ ရှောင်ရက်တွေ မသိဘူး။ ကလေးဆို မကြားချင်ဘူး။ အကြောင်းပြချက်က စီးပွားရေးအခြေအနေကြောင့်၊မမွေးချင်တာက ဂုဏ်သိက္ခာကြောင့်၊အဆင်မပြေတာတခုက ငယ်နေသေးလို့တဲ့၊နောက်လက်ညိုးထပ်ထိုးတာက အတူနေသူကိုပါ၊သူ့ကြောင့်ဒီလိုဖြစ်ရတယ်ပေါ့။ 

ပြဿနာကိုတွေ့ရင် အဖြေရှာနိုင်တယ်လို့ လူအများစုက ပြောကြတယ်။ အခြေအနေက ဒီလောက်ထိ မလွယ်ကူပါဘူး။ အနောက်နိုင်ငံတွေလို ငယ်စဉ်ကတည်းက လိင်ပညာပေးသင်ခန်းစာထည့်မှာလား။ ကိုယ်ပိုင်အမြင်အရပြောရရင် အဆင်မပြေနိုင်ဘူး။လမ်းကြောင်းပေးသလို ဖြစ်နိုင်တယ်။ လက်တည့်စမ်းတာမျိုး ဖြစ်လာနိုင်တယ်။ ဆရာ့ထက် လက်စောင်းထက်သူ ပေါ်ထွက်လာနိုင်တယ်။စတုတ္ထမဏ္ဍိုင်နာမည်ခံ မီဒီယာတွေမှာ ကြေငြာတွေ၊ရုပ်ပုံတွေကြောင့် ကလေးတွေရဲ့ အမြင်ကိုပြောင်းလဲသွားနိုင်တယ်။ ဆေးလိပ်ဗူးကြေငြာတွေမှာ ကပ်ထားသလို "ဆေးလိပ်သည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သည်"ဆိုတာမျိုးက အသုံးမဝင်လှပါ။ လူတိုင်းသိတဲ့အချက်တွေ ဖြစ်ပါတယ်။ ဆေးလိပ်ကြိုက်လို့သောက်တာဖြစ်လို့ နောင်ခါလာနောင်ဈေးသဘောပဲ ခံယူကြတယ်။ ပြဿနာနောက်တခုက ပွင့်လင်းမြင်သာတဲ့ခေတ်ဖြစ်လို့ အင်တာနက်၊အွန်လိုင်းတွေ ခေတ်စားနေတယ်။ လက်ရှိချိန်မှာ လူရွယ်၊လူမမယ်၊ကလေးသူငယ် အရွယ်တွေထိ ဖုန်း၊ကွန်ပျူတာကလိနေကြပြီ။ အင်တာနက်သုံးနေကြပြီ။ ဒီမိုကရေစီ နာမည်ခံထားတာဖြစ်လို့ ပိတ်ပင်ဖို့လည်း ခက်ခဲတယ်။ ပိတ်မယ်ဆိုရင်လည်း ကျော်မယ့်၊ခွမယ့် ပညာရှင်တွေ ပေါ်ပေါက်လာအောင် ပျိုးထောင်ပေးရာရောက်မယ်။ အဆင်မပြေနိုင်ပါ။ ကံကောင်းတာတခုက MPT(မြန်မာ့ဆက်သွယ်ရေး) ကျေးဇူးကြောင့် အင်တာနက်လိုင်းတွေ သိပ်မကောင်းသေးတာ ဖြစ်တယ်။ လူကြီးတွေသာမက ကလေးတွေပါ ငယ်ငယ်ကတည်းက သည်းခံတတ်တဲ့အကျင့် ရှိလာတယ်။ 

ခေတ်ကတိုးတက်လာတယ် နာမည်ခံထားပေမယ့် ဆုတ်ယုတ်မှုတွေ ဘယ်လောက်များလာမလဲ မချိန်ဆနိုင်သေးဘူး။ ရာစုနှစ်ကြာမှ သမိုင်းက အဆုံးဖြတ်ပေးမှာမို့ပါ။ ၂၀ရာစုမှာ စက်မှုပညာတိုးတက်လာတယ်လို့ အများစုက သတ်မှတ်ကြတယ်။ လက်တွေ့မှာ ဆိုးမွေကို ဆက်ဆံရသူတွေက ၂၁ရာစုက လူတွေဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကို ရာစုနှစ်အစမှာပဲ အလူးအလိမ့် ခံစားနေကြရပြီ။ တိုင်းပြည် အနာဂတ်က လူငယ်တွေရဲ့ လက်ထဲမှာ ရှိနေတယ်။ အင်တာနက်က အကျင့်စာရိတ္တ၊ကိုယ်ကျင့်တရားကောင်းမွန်အောင် မပြုပြင်နိုင်သေးတာ သေချာပါတယ်။ တိုင်းပြည်အနာဂတ်တိုးတက်ဖို့ စက်ပစ္စည်းတွေအပေါ်မှာ အခြေခံရင် အမှားကြီးမှားလိမ့်မယ်။ အရေးကြီးတာ စိတ်ဓာတ်နဲ့ ခံယူချက်ဖြစ်တယ်။ ငယ်စဉ်ကတည်းကသင်ကြားပေးရမှာ လိင်ပညာပေးမဟုတ်၊ တာဝန်ယူစိတ်နဲ့ ကျန်းမာရေး၊အသိပညာဖြစ်ပါတယ်။ အဆိုးအကောင်း၊အမှားအမှန်ဝေဖန်နိုင်ဖို့ ဘယ်လိုပြုပြင်မလဲ။ စိတ်ကိုဘယ်လိုထိန်းချုပ်မလဲ။ ပညာပေးကဏ္ဍက ပိုလို့အရေးကြီးလာတယ်။  ဖြစ်သင့်တာက ထိထိရောက်ရောက် ဘယ်လိုပညာပေးမလဲ။သတိပေးမလဲ။ လူငယ်ပညာရေး အရေးကြီးသလို ကျန်းမာရေးအသိ၊သတိ ရှိအောင် ဘယ်လိုလုပ်ဆောင်ကြမလဲ အရေးကြီးနေပြီ ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၁၉.၅.၁၄)

No comments:

Post a Comment