Thursday, February 21, 2013

Irritable bowel syndrome(IBS)ခံစားမှုရဲ့ စေ့ဆော်ရာ အူလမ်းကြောင်းလှုပ်ရှားမှု ရောဂါ

 လူ့ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေဟာ စိတ်ခံစားမှုအတက်အကျပေါ်မူတည်ပြီး ထူးဆန်းဖွယ် လိုက်လံပြောင်းလဲတတ်ကြတယ်။စိတ်စေတသိတ်ရဲ့စေစားမှုနောက်ကို ခန္ဓာကိုယ်က လိုက်လံလှုပ်ရှားပေးနေရတယ်။တချို့ရောဂါတွေမှာစိတ်ရဲ့ခံစားမှုက အရေးကြီးတဲ့အပိုင်းမှာ ပါလာတယ်။စားတာသောက်တာ၊နေတာထိုင်တာ ဝတ်တာစားတာကအစ ပူတာအေးတာလဲ ဒီစိတ်ကပဲ သိတာမဟုတ်လား။သွားချင်လာချင်၊ ပျော်ချင်ပါးချင်တာလဲ ဒီစိတ်ပဲ။စိတ်ဆိုးဒေါသထွက်တာလဲဒီစိတ်ပဲ။ ထိန်းချုပ်ချင်ပေမဲ့ ထိန်းရခက်တာလဲ ဒီစိတ်ပဲ။ တိုင်းရင်းဆေးပညာမှာတော့ ကံ၊စိတ်၊ဥတု၊အာဟာရ မျှတဖို့ အရေးကြီးတယ် လို့ဆိုတယ်မလား။အနောက်တိုင်းဆေးပညာမှာလဲ ရုပ်ပိုင်းဆိုင်ရာတင်မက စိတ်ပိုင်းဆိုင်ရာမှာပါ ကျန်းမာသူကိုမှ well-being ကျန်းမာခြင်းအစစ်အမှန်လို့
ပြောင်းလဲသတ်မှတ်ထားကြပြန်တယ်။တချို့က လူမှုဆက်ဆံရေးမှာပါ ပြည့်စုံဖို့လိုအပ်သေးသတဲ့။ ပြဿနာက စိတ်ဆိုတာ လေနှင်ရာ လွင့်ရတဲ့ တိမ်တိုက်လိုမဟုတ်လား။အပြောလွယ်ပြီး အလုပ်ခက်တာထဲမှာ သူကထိပ်ဆုံးက။စိတ်ညစ်စရာတွေ့ရင် ပျော်အောင်နေဖို့လွယ်တာမှမဟုတ်တာ။ပြဿနာက သူတို့ရဲ့ခံစားမှုပေါ်လိုက်ပြီးကိုယ်တွင်းအင်္ဂါ ဇီဝဖြစ်စဉ်တွေ ပြောင်းလဲတတ်ကြတယ်။ တချို့တွေမှာ ပုံမှန်ထက် ထိလွယ်ခိုက်လွယ်တာပဲ။ အင်္ဂလိပ်လိုတော့ irritate လို့ သုံးကြပါတယ်။ သူက သိပ် irritate ဖြစ်တာပဲဆို စိတ်ဆိုးလွယ်၊ ဒေါသထွက်လွယ်သူတွေကို ပြောတဲ့စကားပါ။ ထိလွယ်၊ခိုက်လွယ်၊ခံစားလွယ်သူပေါ့။အလားတူ ဒီလိုလူတွေမှာ စိတ်ခံစားမှုကြောင့် ခန္ဓာကိုယ်တွင်း အစာချေဖျက်ပေးတဲ့ အူလမ်းကြောင်းမှာ လုပ်ငန်းဆောင်တာအချို့ ပြောင်းလဲလာတတ်ပါတယ်။ ဒါမျိုးကို irritable bowel လို့ ခေါ်ပါတယ်။ ဒီဆေးပညာယူဆပုံ အသုံးအနှုံးကို ၁၉၅၀ခုနှစ်ထုတ် rocky mountain ဆေးပညာဂျာနယ်မှာ စတင်သုံးစွဲခဲ့ပါတယ်။ နောက်ပိုင်းမှာ တွေ့ရှိလာတဲ့ လက္ခဏာရပ်တွေစုစည်းပြီး irritable bowel syndrome (IBS)လို့ခေါ်ဝေါ်သုံးစွဲလာကြပါတယ်။spastic colon လို့လည်း အသိများကြပါတယ်။

တချို့ရောဂါတွေမှာ ဆေးပညာရှင်တွေအဖို့ သူငယ်တန်းစာတွေကျေညက်ဖို့လည်း အရေးကြီးသေးတယ်။ မှတ်ရလွယ်စေဖို့ အင်္ဂလိပ်အက္ခရာ ပြန်သင်ရတယ်။IBSရောဂါလက္ခဏာအတွက်တော့ ရှေ့ဆုံးဗျည်းလေးလုံးသိဖို့ လိုအပ်လာတယ်။A-abdominal pain ဗိုက်နာတာ၊B-bloating ရင်ပြည့်ရင်ကယ်၊C-constipation ဝမ်းချုပ်စေတာ၊D-diarrhoea ဝမ်းသွားချင်တယ်၊တချို့မှာ ချုပ်လိုက် သွားလိုက်ဖြစ်နေနိုင်တယ်။ အဓိကလက္ခဏာလေးခုအပြင် တခြားလက္ခဏာတွေလဲ ဖြစ်တတ်သေးတယ်။ပျို့ချင်အန်ချင်တယ်၊လေချင်တက်မယ်၊ဝမ်းသွားပြီးတိုင်း ဝမ်းကျန်သလို ခံစားရတယ်၊ ဗိုက်ဖောင်းပြီး တင်းနေမယ်။ဝမ်းသွားရင် အကျိအချွဲပါလာတယ်။လမ်းကြောင်းနဲ့ မဆိုင်တဲ့ ဟိုနား၊ဒီနား ကိုက်တာ၊မောပန်းချင်၊အားအင်ကုန်ခန်း၊ဆီးအိမ်တင်းပြီး ဆီးသွားချင်စိတ်များတာတွေဟာ စိတ်ခံစားမှုအလိုက်ဖြစ်တတ်တယ်။

အများအားဖြင့် ဒီရောဂါဖြစ်သူရဲ့ ၆၀ရာနှုန်းလောက်က စိတ်ဖိစီးမှုများသူ၊စိတ်ကျသူ၊ စိတ်လှုပ်ရှားလွယ်သူတွေ ဖြစ်ကြတယ်။ စိတ်ခံစားမှုပြောင်းလဲလွယ်တဲ့ အမျိုးသမီးတွေမှာ ၂ဆခွဲလောက် ပိုမိုဖြစ်တတ်ကြတယ်။ လူပျို၊အပျိုပေါက်အရွယ်မှ လူကြီးပိုင်းဝင်စ အရွယ်၂၀-၃၀ကြား တွေမှာ စတင်တွေ့ရတယ်။ နောက်ပိုင်း စိတ်ခံစားမှုအလိုက် ပေါ်လိုက်ပျောက်လိုက်ဖြစ်တတ်ကြတယ်။တချို့ ဖြစ်မှန်းမသိ ဖြစ်သူလည်းမနည်းလှဘူး။ လူကို ကြီးကြီးမားမား ဒုက္ခပေးတာလဲ မရှိတတ်ဘူး။ဒါ့ကြောင့် disease ရောဂါလို့အမည်မတပ်နိုင်ပဲ syndrome လက္ခဏာလို့ အမည်တပ်ထားတယ်။ အင်္ဂလန်မှာ ၅ယောက် ၁ယောက် တွေ့ရတယ်။ဘရာဇီး၊မက္ကဆီကိုဖက်မှာ ပိုတွေ့ရတယ်။ နောက်ပိုင်းနှစ်တွေမှာ ရောဂါလက္ခဏာခံစားရသူ ပိုမိုများလာတယ်။ suicidal ကိုယ့်ဘာသာ သတ်သေနှုန်းလည်း တဖြည်းဖြည်း မြင့်တက်လာတယ်။

ဖြစ်စေတဲ့ အဓိကအကြောင်းရင်းဟာ စိတ်ဖိစီးမှု၊စိတ်သောကကြောင့် စိတ်ဓာတ်ကျတာကို bowel အူလမ်းကြောင်းက လွန်လွန်ကဲကဲ တုံ့ပြန်လို့ ဖြစ်ကြတယ်။ ဖြစ်သူစုစုပေါင်းရဲ့ ထက်ဝက်ကျော်ဟာ စိတ်ကြောင့် ဖြစ်ပေါ်စေတယ်။ရောဂါပိုးဝင်၊ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီးနောက် တချို့လည်း ဒီရောဂါစဖြစ်လာတယ်။၂၀ ရာနှုန်းလောက်ရှိမယ်။ အစားအသောက်၊အနေအထိုင်တွေနဲ့လဲ ဆိုင်တယ်လို့ သီအိုရီတွေက ဆိုတယ်။ serotonin ရဲ့ လုပ်ဆောင်မှုကလည်း အရေးကြီးကဏ္ဍအနေနဲ့ ပါဝင်လာတယ်။ အူရဲ့ပုံမှန်လုပ်ဆောင်မှုဟာ ပြောင်းလဲလာတယ်။bowel ဆိုတဲ့စကားလုံးမှာ အူသိမ်၊အူမကြီး နှစ်မျိုးလုံးပါဝင်ကြတယ်။အူသိမ်ရဲ့ တာဝန်က ဝင်လာတဲ့အစားအသောက်ထဲက အာဟာရစုပ်ယူဖို့။ အူမကြီးက စွန့်ပစ်ဖို့။ အာဟာရစုပ်ယူရတဲ့ အူသိမ်ဟာ ၂၂ပေလောက်ရှည်တယ်။သေးသေးနဲ့ ရှည်ရှည်။အမျိုးသမီးတွေမှာ ၂၃ပေ ကျော်လောက်ရှိတယ်။ ခန္ဓာဗေဒအရဆိုရင် အမျိုးသမီးတွေ အူတိုတတ်တာ လုံးဝမမှန်ဘူး။စွန့်ပစ်ဖို့တာဝန်ယူထားရတဲ့ အူမကြီးဟာ ၅ပေ လောက်ရှိတယ်။ တိုတို တုတ်တုတ်နဲ့ အလုပ်ပြီးအောင်လုပ်ရတယ်။ဒီအလုပ်တွေပုံမှန်မလုပ်တဲ့အခါ ဟိုမရောက်ဒီမရောက် လေထိုးလေအောင့်နဲ့ လူကိုဒုက္ခရောက်စေတယ်။နာတာ၊တင်းတာအပြင် လေမထွက်တာကလည်း ခံရခက်စေတယ်။ စိတ်ဖိစီးမှု၊စိတ်လှုပ်ရှားမှုမရှိရင်  ရောဂါလက္ခဏာတွေလည်း ပျောက်သွားတယ်။ပုံမှန်အကောင်းတိုင်း ပြန်ဖြစ်သွားတယ်။

သွေးစစ်၊ဆီးစစ်၊ဓာတ်မှန်ရိုက်ရုံနဲ့ ဒီရောဂါမှန်း မသိနိုင်ပါ။ တခြားရောဂါမဟုတ်မှန်းတော့ သိနိုင်ပါတယ်။exclusion method တခြားရောဂါ ကြီးကြီးမားမားမရှိကြောင်း စစ်ဆေးပြီး IBS လို့ သိရှိနိုင်တယ်။တခြားဆင်တူတဲ့ ရောဂါတွေ မနည်းလှဘူး။ရောဂါစစ်စစ်မဟုတ်လို့ စစ်ဆေးရခက်ပါတယ်။ရောဂါမဟုတ်တဲ့အတွက် ဖြစ်တဲ့လက္ခဏာကို ကုသရတယ်။ ဝမ်းပိတ်သူတွေအတွက် ဝမ်းပျော့ဆေး၊ဝမ်းနုတ်ဆေးတွေ ပေးရတတ်တယ်။magnesium trisilicate၊lactulose၊ ispaghula fibreတွေ သောက်သုံးပေးရတယ်။soluble fibreအမျှင်ဓာတ်ကို ထည့်ပေးရတယ်။ ဈေးကွက်မှာ ispaghula fibre နဲ့ lactulose နှစ်မျိုးပေါင်းကို Livoluk fibre နာမည်နဲ့ ရရှိနိုင်ပါတယ်။အရပ်ပြော တရုတ်ဝမ်းပျော့ဆေး ပန်းရောင်လုံးတွေ သုံးဖို့ စိတ်မကူးစေချင်ပါ။ဓာတ်ခွဲခန်းတွေမှာ အရောင်ဆိုးဆေးအတွက်  အသုံးချတဲ့ဓာတ်တမျိုးဖြစ်ပြီး အခန့်မသင့်ရင် ဆီးအိမ်ကင်ဆာပါ ဖြစ်ပေါ်တတ်ပါသေးတယ်။ ဝမ်းလျှောသူအတွက် ဝမ်းပိတ်ဆေး၊ဗိုက်နာဗိုက်အောင့်ရင် antispasmodic ဆေးတွေနဲ့ သက်သာတတ်ပါတယ်။လေထိုးလေအောင့် ရင် semithicone၊ charcoal စတာတွေကို ဆရာဝန်က ညွန်ပါမယ်။serotonin နဲ့ဆိုင်တဲ့ ဆေးအချို့ လိုကောင်းလိုမယ်။amitriptyline ၊nortriptyline စတာတွေ ရေရှည်သုံးရတတ်တယ်။ သိသိသာသာ သက်သာသူများကြတယ်။ဘေးထွက်ဆိုးကျိုးနဲ့တော့ ပြန်ချိန်ရတယ်။ ဘယ်ဆေးမဆို ဆရာဝန်ညွှန်ကြားမှသာ သောက်သုံးရတယ်။

ရောဂါလက္ခဏာသက်သာစေဖို့ ဆိုရင်
-ရေများများသောက်ပေးပါ။
-အမျှင်ဓာတ်ပါတာ များများစားပေးပါ။
-ဗိုက်နာရင် ရေနွေးအိတ်(သို့) ပုလင်းတင်ပေးနိုင်တယ်။
-လိုအပ်တဲ့ သောက်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးရပါမယ်။
-နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း အနည်းဆုံး နာရီဝက်၊ တပတ် ၅ရက် လုပ်ဆောင်သင့်တယ်။
-ယောဂ၊ထိုက်ချိ၊ရေကူး၊ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ဆောင်ခြင်းဟာ စိတ်ခံစားမှုကိုအကျိုးရှိစေတယ်။
-တရားထိုင်ခြင်းအကျိုးကို အနောက်တိုင်းဆေးပညာက တော်တော်အသိမှတ်ပြုလာတယ်။ စိတ်နဲ့ပတ်သက်တဲ့ရောဂါတွေအတွက် အကောင်းဆုံးကုသနည်း တခုဖြစ်ပါတယ်။
-အစားအသောက် ဆင်ခြင်ပါ။အပူအစပ်၊ကော်ဖီ၊လက်ဖက်ရည်၊ဘီယာ၊အရက်ရှောင်ပါ။
-ကစီဓာတ်၊အဆီအဆိမ့် လျှော့စားပါ။ပူလွန်း၊အေးလွန်းတာလည်း မကောင်းဘူး။
-လက်တို့စ်၊ဖရူးတို့စ်ပါတာ ရှောင်ကြဉ်သင့်တယ်။နွားနို့၊ဒိန်ချဉ်၊အချိုရည် ရှောင်ကြဉ်ပေးရတယ်။
-ပျော်ပျော်ပါးပါး နေထိုင်ပါ။ အကောင်းဖက်က ရှုမြင်ပါ။ စိတ်ဖိစီးမှုကင်းအောင် တတ်နိုင်သမျှနေထိုင်ပါ။ သက်သာလာပါလိမ့်မယ်။

ဒေါက်တာ အေးမင်းထူး
Health Care Journal(22.2.13)

No comments:

Post a Comment