Friday, May 17, 2013

အဆီလွှာထဲရောက်အောင် ဆေးဘယ်လိုထိုးမလဲ

ဆရာဝန်တွေဆေးထိုးတဲ့အခါ အကြောဆေး၊အသားဆေးစသည်ဖြင့် နေရာအမျိုးမျိုးမှာ ထိုးတတ်ကြပါတယ်။ အကြောဆေးဆိုရင်  intravenous သွေးပြန်ကြောထဲ ရောက်အောင် ဆေးထိုးပေးရတယ်။ အသားဆေးထိုးရင်လည်း intramuscular ကြွက်သားထဲထိရောက်အောင် ထိုးမှ မှန်တယ်။ muscleကြွက်သားထဲ တကယ်ရောက်ရင် အနည်းနဲ့အများ အောင့်တတ်တယ်။ တခါတရံထိုးနည်းမမှန်ရင် ဒါမှမဟုတ် အဆီပြင်သိပ်များသူတွေမှာ အသားဆေးက အဆီပြင်ထဲ ရောက်သွားတတ်တယ်။ တကယ်အသားထဲရောက်ရင် resistance sensation ဆိုတာ သိရှိခံစားရတယ်။ဒီလိုနေရာတွေမှာ ဆေးထိုးနေကျသူတွေ ပိုကျွမ်းမယ်။ တချို့ဆေးတွေကျတော့ subcutaneous အရေပြားအောက်က အဆီပြင်ထဲထိရောက်အောင် ထိုးပေးရတယ်။ အထူးသဖြင့် နာတာရှည်ရောဂါသည်တွေမှာ subcutaneous ထိုးပေးရတယ်။ အဆီပြင်ထဲထိုးတာလဲ လွယ်တယ်မထင်ပါနဲ့။ပညာသားပါတယ်။ အခန့်မသင့်ရင် အရေပြားအောက် ဒါမှမဟုတ် ပိုနက်ပြီးဝင်သွားရင် အသားဆေးဖြစ်သွားနိုင်တယ်။

ဘာကြောင့် အဆီလွှာထဲ ဆေးထိုးကြသလဲ။
ခန္ဓာဗေဒသဘောအရ ပြောရရင် အဆီတစ်ရှုးတွေထဲမှာ သွေးကြော(သို့)သွေးစီးဆင်းမှု အားနည်းတယ်။ သီအိုရီအရ သွေးစီးဆင်းမှု နည်းတာကြောင့် ထိုးလိုက်တဲ့ဆေးကို စုပ်ယူမှုလဲ နည်းသွားစေတယ်။ အဆီပြင်ထဲရောက်တဲ့ဆေးတွေကို သွေးကြောတွေက ဖြည်းဖြည်းချင်းသာ စုပ်ယူမယ်။ ခန္ဓာကိုယ်အတွက် ဆေးပမာဏ နည်းနည်းချင်းသာလိုအပ်တဲ့ ရောဂါတွေမှာ အသုံးကျတယ်။ ဥပမာ-insulin၊ epinephrine၊growth hormone၊ erythropoietin injection ထိုးဆေးတွေကို subcutaneous အဆီလွှာထဲ ထိုးပေးရတယ်။ subcutaneous ထိုးတဲ့အခါ  intradermal အရေပြားလွှာထဲရောက်မှာကို ဂရုစိုက်သင့်တယ်။ အရေပြားဆိုတာ အဆီလွှာရဲ့ အပေါ်ဖက်ကပ်ရပ်ရှိပြီး ခန္ဓာကိုယ်တခုလုံးကို ဖုံးအုပ်ပေးထားတယ်။ ဒီနှစ်ခုမှာ ထိုးရတဲ့ ဒီဂရီလဲ ကွာခြားပါတယ်။ intradermal အရေပြားထဲရောက်အောင် ထိုးချင်ရင် အရေပြားနဲ့ ၁၅ဒီဂရီစောင်းပြီး ထိုးသွင်းပေးရမယ်။ အဆီလွှာထဲရောက်ချင်ရင် ၄၅ဒီဂရီ(သို့) ၉၀ဒီဂရီစောင်းပြီး ထိုးမှ ထိုးနည်းမှန်တယ်။ပုံမှန်အားဖြင့် subcutaneous ထိုးတဲ့အခါ အရေပြားရဲ့ ၉၀ဒီဂရီ တည့်တည့်ထိုးကြမယ်။ ကလေးငယ်တွေ၊အဆီပြင်နည်းသူတွေမှာ ၄၅ဒီဂရီစောင်းပြီး ထိုးပေးရတယ်။မထိုးခင် အရေပြားကို လက်မနဲ့ လက်ညှိုးဖိထားပြီး စွဲဆိတ်သလို စုပြီးကိုင်ထားရတယ်။ စွဲကိုင်မိလိုက်တဲ့အရေပြားဟာ တစ်လက်မလောက်သာမိရင်  ၄၅ဒီဂရီစောင်းပြီး ထိုးပေးရမယ်။

Subcutaneous အဆီလွှာထဲ ထိုးနည်း
-ထိုးရမယ့်နေရာကို ရှေးဦးစွာ အရက်ပြန်ဆွတ်ထားတဲ့ဂွမ်းနဲ့ သုတ်ပါ။ 
-အရက်ပြန်ခြောက်ရင် အရေပြားကို လက်ညှိုး၊လက်မသုံးပြီး စုကာ မတင်ထားပါ။
-အပ်ကို ၉၀ဒီဂရီ(သို့)၄၅ဒီဂရီ ထားပြီး အဆုံးထိရောက်အောင်ထိုးသွင်းပါ။
-အဆီလွှာထဲရောက်ရင် ဆေးကုန်သည်ထိ ဖြည်းညင်းစွာ ထိုးချပါ။
-ဆေးထိုးတဲ့ penနဲ့ ထိုးသွင်းမယ်ဆိုရင် အသံမြည်တဲ့အထိ ဖိချဖို့ လိုအပ်တယ်။
-အပ်မနှုတ်ခင် ၁၀စက္ကန့်လောက် စိတ်ထဲက ရေတွက်ပြီးမှ အပ်ကို ပြန်နှုတ်ရမယ်။

Subcutaneous ထိုးတဲ့အခါ ဆေးစုပ်တာလဲ ပညာပါသေးတယ်။ ဆေးစုပ်နေတုန်း လေဗူပေါင်းတွေ သိပ်များနေရင် ထိုးတဲ့အခါ ပိုမိုနာကျင်တတ်တယ်။ ဒါ့ကြောင့် မထိုးခင် လေဗူပေါင်းမရှိအောင် လုပ်ပေးရတယ်။ ကြားခံလေထု မရှိရဘူး။ လေသိပ်များရင် ပုလင်းထဲပြန်ထည့်ပြီးမှ တခါပြန်စုပ်ယူရတယ်။

Subcutaneous ထိုးတဲ့အခါ 1cc syringe ဆေးထိုးအပ်တွေကို အသုံးများကြတယ်။
1cc syringeဆေးထိုးအပ်မှာလည်း tuberculin syringeနဲ့ insulin syringeဆိုပြီး နှစ်မျိုးရှိတယ်။
tuberculin syringeက ပုံမှန်ဆေးထိုးအပ်ပုံစံမျိုးပါပဲ။ 0.1ml တိုင်းမှာ အမှတ်တခုစီ မှတ်ထားတယ်။ အပ်ကပိုရှည်မယ်။
insulin syringeက size ပိုသေးသလို အပ်ကလည်း ပိုတိုတယ်။ တန်ဖိုးကို unit နဲ့တွက်ချက်တယ်။ 10unitတိုင်း အမှတ်တခုစီတွက်ထားတယ်။ 10-100unitထိ သတ်မှတ်ထားတယ်။ 100unitဆိုတာ 1mlပမာဏနဲ့ ညီမျှတယ်။ 10unit ဟာ 0.1mlနဲ့ ညီမျှတယ်။ 10unitမှာမှ အစိတ်သေး ၅ခု ထပ်စိတ်ထားသေးတယ်။ ဒါ့ကြောင့် အစိတ်သေးလေးတစ်ခုဟာ 0.02mlနဲ့ တူညီတယ်။ insulineပမာဏတွက်တဲ့အခါ unitတန်ဖိုးနဲ့တွက်ချက်ပြီးပေးရလို့ insulin syringeမှာလည်း unitတန်ဖိုးသာ ရေးထားခြင်း ဖြစ်ပါတယ်။ insulin syringeက 29G ဖြစ်လို့ အပ်လုံးသေးတယ်။ ပုံမှန်အားဖြင့် subcutaneous ထိုးတဲ့အခါ 25G-31Gကြား အရွယ်ရှိတဲ့အပ်နဲ့ ထိုးရတယ်။ အဆီလွှာထဲထိုးရင် 1ml အများဆုံး 2mlထိသာ ထိုးပေးရမယ်။

Subcutaneous ထိုးတဲ့အတွက် ဘေးထွက်ဆိုးကျိုး ဘာတွေဖြစ်နိုင်လဲ။
-bleeding သွေးယိုတာ၊
-lumpအလုံးကျိတ်ဖြစ်တာ၊
-swellingရောင်ကိုင်းလာတာ၊
-bruise ဖူးရောင်တာ၊
-rashအနီစက်ပေါက်တာ၊
ဆေးမတဲ့တာရှိရင် ဖျားတာ၊ချောင်းဆိုး၊အသက်ရှုကျပ်၊မျက်နှာ၊ပါးစပ်၊နှုတ်ခမ်းတွေ ရောင်ကိုင်းလာတာတွေ ဖြစ်နိုင်တယ်။

Subcutaneous ကို ဘယ်နေရာတွေမှာ ထိုးရသလဲ။
၁။upper armလက်မောင်း အထက်ပိုင်း
၂။mid thighပေါင်အလယ်ပိုင်း
၃။abdomenဝမ်းဗိုက်ပိုင်း ချက်ပတ်ပတ်လည်
၎။lower backခါးနေရာ ရှေ့၊နောက်
ဒီနေရာ လေးခုမှာပဲ subcutaneous ထိုးပေးရတယ်။ သတိထားသင့်တာက ထိုးမယ့်နေရာမှာ အခဲအကျိတ်ရှိရင်၊ရောင်တာရှိရင်၊ အနာ(သို့) မီးလောင်ကွက်နာတွေရှိရင် မထိုးသင့်ဘူး။ ထိုးချင်ရင် အနည်းဆုံး ၁လက်မ ခွာပြီး ထိုးပေးရမယ်။ 
ဆေးမတဲ့တာတွေ့ရင် ချက်ချင်းပြန်နှုတ်ပါ။ မကောင်းတဲ့အချက်က ဆေးထိုးတာကြာလာရင် အဆီခဲ၊အဆီကျိတ်တွေဖြစ်လာတတ်သေးတယ်။ တချို့ဟာ သူ့ဘာသာပြန်ပျောက်သွားမယ်။ 
နာတာရှည်လူနာတွေ၊ဆီးချိုသမားတွေမှာ ဆေးထိုးနည်းကို တခါတည်းသင်ပေးလိုက်ရတယ်။ တချို့ဆီးချိုလူနာတွေဟာ ဆရာဝန်၊ဆရာမထက်ကို insulin ထိုးတာ ပိုကျွမ်းသွားကြတယ်။ နေ့စဉ်အလုပ်က အတွေ့အကြုံရင့်အောင် သင်ကြားပေးနိုင်တယ် မဟုတ်လား။

ဒေါက်တာ အေးမင်းထူး
Health Care Journal(17.5.13)



No comments:

Post a Comment