Friday, January 30, 2015

ဝက်သက်ဂျိုက်သိုး ဘာ့ကြောင့်ထိုးလဲ

မြန်မာနိုင်ငံတဝှမ်း တောရော၊မြို့ပါမကျန် ဝေလံတဲ့ဒေသတွေအထိ အသက်(၁၅)နှစ်အောက် ကလေးသူငယ် (၁၇)သန်းကျော်ကို ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးပေးဖို့ စီမံချက်နဲ့ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဆောင်ရွက်တဲ့ ဒီလုပ်ငန်းစဉ်ကို အပိုင်း နှစ်ပိုင်းခွဲပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ပထမပိုင်းအဖြစ် ဇန်နဝါရီ (၁၉)မှ (၂၇)ရက်အထိ အသက်(၅)နှစ်မှ(၁၅)နှစ်ထိ ကလေးငယ် (၈.၅)သန်းကိုကာကွယ်ဆေး ထိုးပေးသွားမှာဖြစ်ပြီး ဖေဖော်ဝါရီ (၁၉)မှ (၂၈)ရက်အထိကို အသက်(၉)လမှ (၅)နှစ်အတွင်း ကလေးငယ်များနဲ့ပထမအကြိမ်တွင် ဆေးထိုးရန်ကျန်ရှိနေသူများကို
ထိုးပေးသွားမှာဖြစ်ပါတယ်။ အသက်(၁၅)နှစ်အတွင်း ကာကွယ်ဆေးထိုးပြီးသူ၊မထိုးရသေးသူ မည်သူမဆို ဝက်သက်နဲ့ ဂျိုက်သိုးရောဂါ နှစ်မျိုးစပ် ကာကွယ်ဆေး ထိုးရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းအကြောင်း မဖော်ပြခင် ရောဂါအကြောင်း အနည်းငယ်ဖော်ပြပါရစေ။

ဝက်သက်ရောဂါ(measles)
ဝက်သက်ရောဂါဟာ ဗိုင်းရပ်စ်ပိုးတမျိုးကြောင့်ဖြစ်ပြီး လေထုထဲကတဆင့် ကူးစက်တတ်တယ်။ ကလေးတွေမှာ အဖြစ်များပြီး ကူးစက်ပျံ့နှံ့လွယ်တယ်။ ဝက်သက်ဆိုတာနဲ့ အများစုက အနီစက်ကိုပြေးမြင်လိုက်ကြပြီး ဖြစ်ပါတယ်။ ဒါ့ကြောငိ့ မိဘတွေက အနီစက်ပေါက်တိုင်း ဝက်သက်လို့ ထင်မှတ်မှားကြတာပါ။ ဝကိသက်အနီစက်မပေါက်ခင်ကတည်းက ဖျားတာ၊နှာရည်ယိုချာင်းဆိုး၊မျက်လုံးရဲတာမျိုးရှိတယ်။ ဝက်သက်အနီစက်က မျက်နှာ၊နားသယ်စပ်တွေကတဆင့် စတင်ပေါ်ပေါက်လာတယ်။ မျက်နှာမှာပေါက်ပြီးရင် ခန္ဓာကိုယ်အောက်ပိုင်းကို ပျံ့လာပြီး တကိုယ်လုံးအနံ့ အနီစက်သေးသေးတွေ ပေါက်လာတယ်။ တချို့ကတော့ မျက်နှာမှာ အနီစက်မပေါက်ခင်ကတည်းက ပါးစောင်အတွင်းဖက်မှာ အနီစက်(koplik's spots)တွေ တွေ့ရရင် ဝက်သက်လို့ သတ်မှတ်ပါတယ်။ ရောဂါသက်သာလာတာနဲ့အမျှ အနီစက်က အရောင်ဖျော့လာတယ်။ နောက်ဆုံးအရေပြားကွာပြီးမှ ပျောက်ပါတယ်။ တခါတရံ ဝကိသက်ပျောက်ပြီးရင်တောင် ချောင်းဆိုးတာနဲ့ ဝမ်းလျှောတာ ကျန်နေတတ်တယ်။ ဝက်သက်ရောဂါကြောင့် နောက်ဆက်တွဲ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ဦးနှောက်အမြှေးရောင်ရောဂါ၊အမြင်အာရုံထိခိုက်ပြီး မျက်စိကွယ်တာမျိုးတွေ ဖြစ်စေနိုင်တယ်။ ဒီလိုနောက်ဆက်တွဲရောဂါတွေ ဆက်ဖြစ်နိုင်တာကြောင့် ကလေးသူငယ်တွေမှာ ကြိုတင်ကာကွယ်ဆေး ထိုးထားဖို့လိုတယ်။ 

ဂျိုက်သိုးရောဂါ(rubella)
ဂျိုက်သိုးရောဂါကို rubella လို့ခေါ်ပါတယ်။ ဂျာမန်ဝက်သက်(German measles) လို့လည်း ခေါ်သေးတယ်။ ပုံစံက ဝက်သက်ဆန်ဆန်ဖြစ်ပြီး တွေ့ရှိခဲ့တဲ့ ဂျာမန်လူမျိုးဆရာဝန် Friedrich Hoffmannကို အစွဲပြုပြီး ခေါ်တာပါ။ တချို့က သုံးရက် ဝက်သက်လို့လည်း နာမည်ပေးတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဝက်သက်ဆန်ဆန်အနီစက်တွေဟာ သုံးရက်လောက်ပဲကြာတတ်လို့ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေနဲ့မတူတာက စပိန်နိုင်ငံမှာတော့ rubellaကို rubeola(ရူဘီယိုးလား)လို့ ခေါ်ပါတယ်။ 

ဂျိုက်သိုးရောဂါဟာ rubella virus ဗိုင်းရပ်စ်ပိုး တမျိုးကြောင့်ဖြစ်စေတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ လေထဲကနေ တဆင့်ပျံ့နှံ့ကူးစက်တယ်။ ခန္ဓာကိုယ်ရဲ့နှာခေါင်းနဲ့ ပြန်ရည်ကြောဂလင်း(lymph)တွေထဲမှာ ပွားများတတ်တယ်။ ရောဂါပိုးကူးစက်ခံရပြီး (၂)ပတ်အကြာမှာ လက္ခဏာတွေ စပြတယ်။လက္ခဏာတွေက တုပ်ကွေးဆန်ဆန်ဖြစ်တယ်။ ငွေ့ငွေ့လေးဖျာတာ၊ကိုက်တာ၊ခဲတာ၊တက်စေ့ရောင်တာ၊အားယုတ်တာ ရှိတယ်။ နှာရည်ယိုပြီး မျက်လုံးရဲမယ်။တချို့ကလေးတွေက အစားအသောက်ပျက်ပြီး အီတယ်။ ထူးခြားချက်က ဝက်သက်လို အနီစက်တွေ စပေါက်လာတာပါ။ အရင်ဆုံးမျက်နှာမှာ ပန်းနုရောင် အနီစက်ဖျော့ဖျော့လေး(exanthem)တွေ စပေါက်လာတယ်။ ပြီးရင် ခန္ဓာကိုယ်ထိပျံ့လာပြိး ခြေလက်တွေမှာပါ ထွက်လာတယ်။ အနီစက်တွေဟာ သုံးရက်လောက်ကြာတဲ့အခါ သူ့ဘာသာအရောင်ဖျော့သွားပြီး ပျောက်ကင်းသွားတယ်။ ဒါ့ကြောင့် သုံးရက် ဝက်သက်လို့လည်း နာမည်ပေးထားတာပါ။ ထူးခြားချက်က ဂျိုက်သိုးအနီစက်တွေဟာ တခြားအနီစက်တွေထက် အရောင်ပိုဖျော့တတ်တယ်။ အနီစက်ပေါက်တဲ့အခါ တခါတရံယားယံတယ်။ အနီစက်မပေါက်ခင် ပြန်ရည်ကြောအကျိတ်ရောင်တာ ရှိတတ်တယ်။ အထူးသဖြင့် လည်ပင်းအကျိတ်ထွက်မယ်။အသက်အရွယ်ကြီးရင့်သူမှာ ခြေဆစ်လက်ဆစ်ကိုက်ပြီး အနီစက်ပေါက်တာမျိုးရှိတယ်။ ဆရာဝန်က စမ်းကြည့်ရင် အာခေါင်မှာ အနီဖုသေးသေးလေးတွေ တွေ့ရတတ်တယ်။ Forchheimer's sign လို့ခေါ်ပါတယ်။ လူငါးယောက်မှာ တယောက်ဟာ ဒီလိုလက္ခဏာတွေ့ရတယ်။ လူတချို့မှာ ရောဂါပိုး ဝင်ရောက်ပြီး ဘာလက္ခဏာမှမပြဘဲ ပျောက်ကင်းသွားတာလည်း ရှိနိုင်တယ်။ 

ဂျိုက်သိုးရောဂါဟာ အသက်အရွယ်အရွေးဖြစ်နိုင်တယ်။ ကလေးတွေမှာ အဖြစ်များတယ်။ ဒါပေမယ့် မွေးကင်းစ တနှစ်အောက်တွေနဲ့ အသက်(၄၀)ကျော်တွေမှာတော့ အဖြစ်နည်းတယ်။ ငယ်ရွယ်သူတွေထက် အသက်ကြီးလေ ရောဂါပိုဆိုးလေဖြစ်တယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ကာကွယ်ဆေးကြောင့် အဖြစ်နည်းသွားပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ပြဿနာတရပ်အနေနဲ့ ရှိနေဆဲပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေကတဆင့် မွေးရာပါ ဂျိုက်သိုးရောဂါ(congenital rubella syndrome) ဖြစ်စေလို့ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။ ဝင်လာတဲ့ ဗိုင်းရပ်စ်ပိုးက အချငိးကို ဖြတ်ပြီး သန္ဓေသားရဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးလိုက်တယ်။ ဒီအခါ ကိုယ်ဝန်ပျက်တာ၊ကလေးအသေမွေးတာရှိတယ်။ ဗိုင်းရပ်စ်ပိုး ဝင်ရောက်တိုက်ခိုက်ခံရတဲ့အခါ  မွေးလာတဲ့ကလေးငယ်မှာ ကိုယ်အင်္ဂါချို့ယွင်းမှုတွေ ဖြစ်စေတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကာကွယ်ဆေးထိုးမထားတဲ့ မိန်းကလေးတွေရဲ့ (၂၀)ရာခိုင်နှုန်းဟာ ရောဂါပိုးကူးစက်ခံရနိုင်ပြီး ရောဂါကူးစက်ခံရသူ ၅ယောက်မှာ တယောက်ဟာ ကိုယ်ဝန်ပျက်ကျတတ်တယ်။ မွေးလာတဲ့ ကလေးတွေမှာလမစေ့မှီစောမွေးတာ၊ပေါင်မပြည့်တာလည်း ရှိတယ်။ တချို့က ဦးနှောက်နဲ့ဥာဏ်ရည်ဖွံ့ဖြိုးမှုနည်းပြီး အကြားအာရုံ၊အမြင်အာရုံချို့တဲ့တာ၊ မွေးရာပါနှလုံးရောဂါ ပါလာတတ်တယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် ပထမသုံးလအတွင်း ကူးစက်ခံရတဲ့မိခင်တွေကနေ တဆင့် ဒီလိုရောဂါတွေကို ဖြစ်ပေါ်စေတယ်။ ဒါ့ကြောင့် မိမိကလေးငယ် ဘဝတလျှောက်လုံး မသန်မစွမ်း မဖြစ်ရလေအောင် အရွယ်မရောက်မီ ဂျိုက်သိုးကာကွယ်ဆေးကြိုထိုးထားဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ရောက်ရင် ဝက်သက် ပပျောက်ရေး၊ မွေးရာပါ ဂျိုက်သိုးရောဂါ ထိန်းချုပ်ရေးအတွက် လုပ်ဆောင်နေပါတယ်။ တွက်ချက်မှုအရ ၂၀၁၁မှာ တခါဖြစ်ခဲ့တဲ့ ဝက်သက်ဟာ၂၀၁၅မှာ ကပ်ရောဂါအသွင်ဖြစ်နိုင်ဖွယ်ရှိတဲ့အတွက် mass campaign အနေနဲ့ ကာကွယ်ဆေးထိုးဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် မွေးရာပါကလေးငယ်တွေ မသန်မစွမ်းမဖြစ်ရလေအောင် အသက်(၁၅)နှစ်အောက် ကလေးမှန်သမျှ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထိုးဖြစ်အောင် ထိုးထားရပါမယ်။ အဲဒီလို ဝက်သက်၊ဂျိုက်သိုး ကာကွယ်ဆေးထိုးခြင်းကြောင့် ပြင်းထန်အဆုတ်ရောင်ရောဂါ၊မျက်ကြည်လွှာကိုထိခိုက်ပြီး မျက်စိကွယ်တာ၊ဦးနှောက်အမြှေးရောင်ရောဂါနဲ့ မွေးရာပါကိုယ်အင်္ဂါချိုတဲ့မှုတွေကို ကာကွယ်ပေးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၁၅ နှစ်သစ်မှာ မြန်မာနိုင်ငံတဝှမ်း mass campaign အနေနဲ့ လုပ်ဆောင်နေတဲ့ ဝက်သက်၊ဂျိုက်သိုးကာကွယ်ဆေး(measles-rubella vaccine)ကို အသက်(၁၅)နှစ်အောက် ကလေးတိုင်း မဖြစ်မနေ ထိုးထားကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၂၆.၁.၁၅)

No comments:

Post a Comment