Monday, August 10, 2015

ရေယုန်အကြောင်း သိကောင်းစရာ

ရေယုန်ရောဂါဟာ varicella zoster virus ကြောင့် ဖြစ်စေတယ်။ varicella ဟာ chicken pox ရေကျောက်အဆင့်ကို ခေါ်ဝေါ်တာဖြစ်ပြီး zoster က ရေယုန်နာပေါက်တဲ့ အခြေအနေကို
ခေါ်ပါတယ်။ဒီအဆင့်နှစ်ခုကိုပေါင်းပြီး varicella zoster virusဆိုပြီး သတ်မှတ်ကြပါတယ်။


Zosterဆိုတာ
Zoster ဆိုတာ ဂရိဘာသာစကားက ဆင်းသက်လာပြီး "ခါးစည်းကြိုး(သို့)ဝန်းရံသည်၊ဝိုင်းပတ်သည်" လို့အဓိပ္ပါယ်ရပါတယ်။လက်တင်ဘာသာနဲ့ဆို shingles လို့ ခေါ်ပါတယ်။ရေယုန်ဖြစ်ပွားပုံ လက္ခဏာက ခါးစည်းကြိုးပတ်ထားသလို ဝန်းရံဖြစ်ပွားပြီး အများအားဖြင့် ကိုယ်ခန္ဓာတစ်ဖက်တည်းတွင်သာ
ပေါက်ရောက်ဖြစ်ပွားကြတယ်။ရောဂါဖြစ်ပွားပုံအဆင့်က ငယ်ရွယ်စဉ် ဗိုင်းရပ်စ်ပိုး ဝင်ရောက်စမှာ ရေကျောက်ရဲ့လက္ခဏာ အနီစက်ငယ်တွေ စတင်ပေါ်ပေါက်လာတယ်။သိပ်မကြာခင်ပဲ သူ့အလိုလိုသက်သာ ပျောက်ကင်းသွားတယ်။ရေကျောက်ဖြစ်ပေါ်စဉ်မှာ အများအားဖြင့် နာကျင်ခြင်းမရှိတတ်ပဲ ယားယံခြင်းသာ ရှိတတ်တယ်။

ရေကျောက်ရောဂါလက္ခဏာတွေ ပျောက်ကင်းသွားပေမယ့် ဗိုင်းရပ်စ်ပိုးက ခန္ဓာကိုယ်အာရုံကြောထဲမှာ ခိုအောင်းကျန်ရစ်ခဲ့တယ်။ခုခံအားကျဆင်းချိန်မှာ ရေယုန်နာအဖြစ် တဖန်ပြန်လည်ပေါ်ပေါက်လာတယ်။

အများအားဖြင့် အသက်ကြီးသူတွေမှာ အတွေ့ရများတယ်။အသက်ငယ်ရွယ်သူတွေမှာ ခုခံအားကျဆင်းတဲ့အခါမျိုးမှာ တွေ့ရှိရတတ်တယ်။ဥပမာ AIDS လို ရောဂါရှိသူတွေ၊စိတ်ဖိစီးမှုများသူတွေ။ ငယ်ရွယ်စဉ် ရေကျောက်ဖြစ်ခဲ့ဖူးသူများမှာ ရေယုန်ပေါက်ဖို့အခွင့်အလန်းဟာ အသက်ကြီးလေများလေဖြစ်တယ်။

ရေယုန်နာရဲ့ လက္ခဏာတွေကို ယေဘုယျအားဖြင့် အဆင့်(၃)ဆင့် ခွဲခြားထားနိုင်တယ်။

ပထမအဆင့်-preherpetic phase ခေါ်တဲ့အနာမဖြစ်ခင် စပ်ဖျဉ်းဖျဉ်း နာကျင်စေတဲ့အဆင့်၊
ဒုတိယအဆင့်-acute eruptive phaseခေါ်တဲ့ အနာပေါက်ချိန်မှ အနာပေါက်ပြဲသွားတဲ့အဆင့်၊
တတိယအဆင့်-postherpetic phaseခေါ်တဲ့ ရေယုန်အနာပျောက်ပြီးနောက် အာရုံကြောများ ဆက်လက်နာကျင်စေတဲ့အဆင့်၊

ဒီထဲမှာ တတိယအဆင့်ဟာ ရေယုန်ပေါက်သူတိုင်း ဖြစ်ပွားလေ့မရှိပဲ အသက်၅၀ကျော် လူကြီးများမှာသာ အဖြစ်များတာ သတိပြုစေချင်ပါတယ်။

အသက်ကြီးသူများမှာ စိတ်ဓာတ်ကျဆင်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ခုခံအားကျဆင်းခြင်းစတာတွေဟာ ဗိုင်းရပ်စ်ပိုးတွေ ပြန်လည်ထကြွဖို့ အချိန်ကောင်းပဲ ဖြစ်ပါတယ်။မြုံနေတဲ့ ဗိုင်းရပ်စ်ပိုးဟာ ပြန်လည်ထကြွချိန်မှာ အာရုံကြောတွေကို ရောင်စေပြီး အရေပြားကို ပူလောင်လောင်၊စပ်ဖျဉ်းဖျဉ်းနာကျင် ခံစားရစေတယ်။ဒီအချိန်ဟာ အနီစက်တွေမပေါက်သေးတဲ့ ရှေ့ပြေးလက္ခဏာရပ်တခု ဖြစ်ပါတယ်။အနီစက်မပေါက်ခင် ၂ရက်၊၃ရက်ခန့်စောပြီးခံစားရတတ်ပါတယ်။ ဖျားတာ၊ခေါင်းကိုက်တာ၊ကိုယ်လက်မအီမသာဖြစ်တာ၊ညောင်းညာကိုက်ခဲနေတာတွေနဲ့ တွဲပြီးဖြစ်တတ်ပါတယ်။ဒီအဆင့်ကို preherpetic neuralgia လို့ခေါ်ပါတယ်။

အထက်ပါလက္ခဏာတွေခံစားရပြီး ၂ရက်ခန့်အကြာမှာ အနီစက် အဖုအပိန့်တွေ စတင်ပေါ်ပေါက်လာပါမယ်။ရင်ဘတ်၊ဝမ်းဗိုက်တွေမှာ အဖြစ်များပြီး နာကျင်မှုဟာ တစစ်စစ်နဲ့ ပိုမိုဆိုးရွားလာပါတယ်။အများအားဖြင့် ကျောရိုးမရဲ့ တဖက်ခြမ်းမှာသာ အဖြစ်များတယ်။ ရေယုန်နာတွေ ခါးတစ်ပတ် ပတ်မိရင်သေတတ်တယ်ဆိုတာ အမှန်မဟုတ်ပါ။အနီစက် စတင်ပေါ်ပေါက်ပြီး ၂ရက်အတွင်းမှာ vesicles ခေါ်တဲ့ ပြည်ဖုသေးသေးတွေ ဖြစ်ပေါ်လာပါမယ်။၅ရက်အတွင်း အရည်ကြည်ဖုတွေအဖြစ် ဆက်လက်ပြောင်းလဲသွားပါတယ်။ အရည်ဖုဖြစ်ပြီးမကြာခင် ပေါက်သွားတဲ့အခါ နာကျင်ခြင်းကို ပိုမိုခံစားရပါတယ်။ရောဂါကူးစက်ခံရဖို့အခွင့်လန်းဟာ ဒီအဆင့်မှာ အများဆုံးဖြစ်ပါတယ်။အနာတွေပေါက်ပြဲပြီး ကူးစက်နိုင်တဲ့အဆင့်မို့ acute eruptive phase လို့ခေါ်ပါတယ်။ပေါက်ပြဲသွားတဲ့အနာတွေဟာ တဖြည်းဖြည်းခြောက်ကပ်ပြီး ၂ပတ်အတွင်း လုံးဝပျောက်ကင်းသွားပါတယ်။တခါတရံ အမာရွတ်ဟာ လနဲ့ချီပြီး ကြာတတ်ပါတယ်။တချို့ကံဆိုးသူအနည်းစုဟာ သေရာပါအမာရွတ်တွေ ကျန်ရစ်တတ်ပါတယ်။

အနာခြောက်များ သက်သာပျောက်ကင်းသွားသော်လည်း အာရုံကြောများ ဆက်လက်နာကျင်နေခြင်းကို postherpetic neuralgia လို့ခေါ်ပါတယ်။အသက်ကြီးရင့်သူတွေ၊ခုခံအားနည်းသူ၊ကျဆင်းသူတွေဟာ ဒီတတိယအဆင့်ကို ဆက်လက်ခံစားရတတ်ပါတယ်။ပြင်းပြင်းထန်ထန်နာကျင်တဲ့အတွက် ငိုယို၊အော်ဟစ်တာမျိုးလည်း တွေရဖူးတယ်။ညအိပ်မပျော်နိုင်ပဲ မျက်တွင်းချိုင့်၊အားယုတ်၊စိတ်ဓာတ်ကျနေတဲ့ သက်ကြီးလူနာတွေလည်း ရှိတတ်ပါတယ်။ဒီလိုနောက်ဆက်တွဲတွေမဖြစ်အောင် အနောက်နိုင်ငံအချို့က ရေကျောက်ဖြစ်ခဲ့ဖူးသူများကို shingles vaccine ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

အိမ်တွင် အလွယ်ဆုံးပြုစုကုသခြင်း
ရေယုန်ပေါက်သူများ အလွယ်ဆုံးအိမ်တွင်းပြုစုနည်းမှာ သန့်စင်သော ရေအေးဝတ် ကပ်ပေးခြင်း ဖြစ်ပါတယ်။ရေအေးဝတ်ကြောင့် နာကျင်ခြင်းကို သိသိသာသာ သက်သာစေပါတယ်။
အနာကိုမထိခိုက်မိအောင် အင်္ကျီပွပွဝတ်ဆင်ခြင်း၊အအေးစချည်ထည် ဝတ်ဆင်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
အနားယူခြင်းဟာ နာကျင်မှုကိုသက်သာစေယုံမက ပျောက်ကင်းမှုကို မြန်ဆန်စေပါတယ်။လိုအပ်လျင် paracetamol,ibuprofen အစရှိတဲ့ အကိုက်အခဲပျောက်ဆေးတွေ အသုံးပြုနိုင်တယ်။ဗီတာမင် အေ-စီ-အီး-ဇင့်-ဆယ်လီနီယမ် ပါဝင်တဲ့အားဆေးတွေက ခုခံအားအတွက်သာမက ပျောက်ကင်းမှုကို မြန်ဆန်စေတယ်။
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို ပုံမှန်ထက်စားသုံးသင့်တယ်။

မပျောက်ကင်းပဲရောဂါလက္ခဏာပိုမိုဆိုးရွားလာပါက  တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသပါ။ရောဂါအခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ anti-viral ဗိုင်းရပ်စ်သတ်ဆေးတွေ ပေးပါလိမ့်မယ်။acyclovir,famcyclovir,valacyclovir စတာတွေကို အသုံးများကြတယ်။အနည်းဆုံး တပတ်၊ဆယ်ရက်ပေးတတ်ကြတယ်။လိမ်းဆေး၊သောက်ဆေး သုံးနိုင်တယ်။ရောဂါလက္ခဏာပြင်းထန်ရင် စတီးရွိုက်ဆေးတွေ ပေါင်းထည့်မယ်။steroid ဆေးတွေဟာ ဘေးထွက်ဆိုးကျိုးများတဲ့အတွက် သတိထားသုံးစွဲရတယ်။short course ရက်အနည်းငယ်သာပေးပြီး ဖြည်းဖြည်းချင်း ဖြတ်ရတယ်။နာတာ၊ယားတာအတွက် lignocaine gel၊calamine lotion လိမ်းဆေးတွေ လိုကောင်းလိုမယ်။နာတာမသက်သာရင်၊ရေရှည်ခံစားနေရရင် pregabalin၊ gabapentin၊ amitryptyline စတဲ့ အာရုံကြောဆေးတွေ အသုံးပြုရတယ်။သတိလည်း ထားရတယ်။

အသက်၅၀ ကျော်တွေ ကာကွယ်ဆေးထိုး
"ရေယုန်နာကို ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်ကြပါ" ဆိုတာ အဓိကအားဖြင့် ရေကျောက်ဖြစ်ဖူးသူတွေကို ဆိုလိုတာပါ။ အဓိကအားဖြင့် အသက်၅၀ကျော် အရွယ်တွေကို ထိုးခိုင်းပါတယ်။ ရေယုန်ပြန်ဖြစ်ဖို့အခွင့်လန်း နည်းသလို တတိယအဆင့် postherpetic neuralgia ကို သိသိသာသာ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

ကြိုတင်သတိထားပါ
ရေကျောက်၊ရေယုံဖြစ်ပွားနေသူတွေနဲ့ အသားအရည်ချင်း ထိတွေ့မှုကို ရှောင်ကြဉ်သင့်တယ်။
အထူးသဖြင့်အနာပေါက်ပြဲချိန်ထွက်လာတဲ့ အရည်ဟာ ဗိုင်ရပ်စ်ပါဝင်မှုအများဆုံးဖြစ်လို့ အထူးသတိထားဖို့လိုတယ်။
ပတ်ဝန်းကျင်မှာ အနီစက်၊အနာပေါက်သူတွေကို သတိထားဆက်ဆံပါ။ အားပေးပါ။ စိတ်အားမငယ်စေနဲ့။ ရေယုန်ပေါက်တိုင်း တောင်ထင်၊မြောက်ထင် မထင်ပါနဲ့။ လူတိုင်းပေါက်နိုင်ပါတယ်

ရေယုန်အတွက် အကြံပြုချက်

-acyclovir 400mg တနေ့ သုံးကြိမ်သောက်ပါ(လူနာက ကီလို ၄၀အောက်ဖြစ်ရင် 200mg တနေ့ ၅ကြိမ်သောက်ပါ)
-zocovin cream တနေ့ ၃-၄ကြိမ်လိမ်းပါ၊
-အရေပြား ပူစပ်ပူလောင်၊ယားယံရှိရင် calamine lotion တနေ့သုံးကြိမ်လိမ်းပါ။
-ဖြစ်တဲ့နေရာကို ရေခဲဝတ်တင်ပေးပါ(တခါတင် ၁၅မိနစ် တနေ့သုံးကြိမ်)
- neogab(gabapentin)150mg ညမအိပ်ခင် တလုံးသောက်ပါ။နောက်ရက်မှာ မနက် တကြိမ်၊ညတကြိမ်သောက်ပါ။ အိပ်မရအောင် ဖြစ်နေသူတွေမှာ ဒီဆေးကအကျိုးရှိတယ်။
-မသက်သာသေးရင် dexamethasone 0.5mg တနေ့ ၂-၃ကြိမ်ထည့်သောက်ပါ။(အစာစားပြီးမှသောက်)
-ခုခံအားနည်းသူတွေမှာဖြစ်လို့ ခုခံအားတက်စေတဲ့ antoxyl forte တနေ့ တလုံးသောက်ပါ။ 
-immunor ဆိုတာ နို့ရည်ကြည်က ထုတ်တဲ့ဆေးပါ။ ခုခံအားကို တက်စေတယ်။ လိုအပ်ရင် ပေးပါတယ်။တနေ့ နှစ်ကြိမ်။
-ဗိုင်းရပ်စ်ရောဂါတွေမှာ ရေများများသောက်တာ အကျိုးရှိတယ်။ ၂-၃ဗူး။
-ရေယုန်သမားတွေ ဖြစ်စ ၃-၅ရက်အတွင်း မခံနိုင်အောင် နာကျင်တတ်တယ်။ စိတ်မပျက်ပါနဲ့။ သေချာကုရင် တိုးတက်ကောင်းမွန်လာပါလိမ့်မယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံ သတင်းစာ(၂၉.၆.၁၅)

No comments:

Post a Comment