Saturday, April 5, 2014

လည်ပင်းကြီးပြီး မျက်လုံးပြူးတာ ပြန်ကျနိုင်လား


ဆရာ လည်ပင်းကြီးပြီး မျက်လုံးပြူးတာက မျက်လုံးကမကျနိုင်တော့ဘူးလားဆရာ. ကျအောင်လုပ်လို့ကောရလား.?မျက်လုံးပြန်ကျဖို့ ဘာတွေလုပ်လို့ရနိုင်လဲ ဆရာ.ကျေးဇူးတ်ပါတယ် ရှင်...

Regards,
..........



သိုင်းရွိုက်ဟော်မုန်းများတာကို Hyperthyroidism လို့ခေါ်ပါတယ်။ လူကိုဒုက္ခပေးလာတာကြောင့် Thyrotoxicosis ဖြစ်လာတယ်။ သိုင်းရွိုက်ဟော်မုန်းများသူ၊နည်းသူတွေဟာ လည်ပင်းကြီးတတ်ကြတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်။ အမျိုးသား၊အမျိုးသမီး အချိုးချကြည့်ရင် ၁:၉ဖြစ်လို့ အမျိုးသမီးတွေဟာ
၉ဆလောက် အဖြစ်များတာ တွေ့ရတယ်။ အသက်၂၀-၅၀အတွင်း အဖြစ်များတယ်။ သက်လတ်အရွယ်ပိုအဖြစ်များတယ်။ သိုင်းရွိုက်ဟော်မုန်း များတဲ့(hyperthyroid)လက္ခဏာတွေ လေ့လာကြည့်ရင်-
-အစားသောက်ပိုစားနိုင်ပေမယ့် ပိန်ချုံးလာတာ၊
-အပူဒဏ် ခံစားလွယ်တာ၊
-ချွေးတွေအလွန်အမင်းထွက်တာ၊ 
-မဖျားပဲ ခန္ဓာကိုယ်ကပူနေတာ၊ 
-စိတ်လှုပ်ရှားလွယ်လာတာ၊
-ခြေလက်တုန်ပြီး ရင်တုန်တာ၊
-အရင်ကထက် ဝမ်းပိုသွားတာ၊ 
-အားအင်ကုန်ခန်းသလို ခံစားရတာ၊
-လိင်စိတ်ကျဆင်းတာ၊
-ရာသီသွေးထိန်တာလည်း ရှိမယ်။

သိုင်းရွိုက်ဟော်မုန်း ဘာ့ကြောင့်များလဲ။ ၇၀ ရာခိုင်နှုန်းလောက်က Grave's disease ခေါ်တဲ့ ခုခံအားစနစ်က ကိုယ့်အချင်းချင်း ပြန်တိုက်လို့ ဖြစ်ရတယ်။ သိုင်းရွိုက်ဟော်မုန်း များတိုငိး Grave's diseaseလို့ နာမည်တပ်မရဘူး။ ဒါပေမယ့် ဖြစ်တဲ့လက္ခဏာတွေကို ကြည့်ပြီးသိရှိနိုင်တယ်။ 
Grave's disease ရဲ့ ထူးခြားတဲ့ လက္ခဏာတွေက
•မျက်လုံးပြူးထွက်နေတာ၊ 
•မျက်လုံးရောင်တာ၊
•အမြင်ဝေဝါးတာ၊
•လည်ပင်းတခုလုံးရောင်နေတာ၊
•အသည်းကြီးတာ၊
•အကြောကပ်တာ၊
•ယာယီအကြောသေတာ၊
တွေ့ရတယ်။ ဒါ့ကြောင့် သိုင်းရွိုက်များတဲ့လက္ခဏာတွေအပြင် Grave's diseaseရဲ့ ထူးခြားတဲ့လက္ခဏာတရပ်ရပ်ရှိရင် ဖြစ်တဲ့အကြောင်းရင်းကို Grave's disease ကြောင့်လို့ ကောက်ချက်ချနိုင်တယ်။ 

ရောဂါကို မကုသဘဲထားရင် ပိုဆိုးလာလို့ ကုသရပါတယ်။ သိုင်းရွိုက်များသူကို သောက်ဆေးပေးနိုင်တယ်။ဓာတ်ကင်ပေးနိုင်တယ်။ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းပေး ကုသတယ်။ နောက်ဆုံး လိုအပ်ရင်(သို့)ပိုဆိုးလာရင် ခွဲစိတ်ကုသရပါတယ်။ အများစုဟာ ဆေးပေးပြီး လက္ခဏာတွေ သက်သာလာတယ်။ မကုသရင်တော့ လက္ခဏာတွေ သက်သာမလာနိုင်ဘူး။ 

မေးထားတာပြန်ဆက်ရရင် မျက်လုံးပြူးထွက်တာက Grave's diseaseရဲ့ လက္ခဏာတရပ်ဖြစ်တယ်။ အင်္ဂလိပ်လို protruding eye၊bulging eye၊ ဆေးစာနဲ့ဆိုရင် exophthalmos လို့လည်း ခေါ်ပါတယ်။eye socket မျက်လုံးအိမ်နံရံမှာရှိတဲ့ အဆီ၊ကြွက်သားပြင်တွေ ရောင်ရမ်းတဲ့အခါ မျက်လုံးကအပြင်ပြူးထွက်သလို ဖြစ်နေတယ်။နောက် ကနေ မျက်လုံးကို တွန်းထားတယ်။ ရောဂါကိုစောစောကုသနိုင်ရင် လူအများစုဟာ ပုံမှန်ပြန်ဖြစ်နိုင်တယ်။ ဆေးခန်းလာသူအချို့ကို လေ့လာကြည့်တဲ့အခါ ရောဂါပျောက်တိုင်း ပုံမှန်နီးပါး ပြန်မဖြစ်ကြသူလည်း ရှိတယ်။ ကံနဲ့ဆိုင်သလို ရောဂါအနေအထားနဲ့လဲဆိုင်တယ်။ သေချာတာကတော့ ရောဂါကိုသေချာကုသနိုင်ရင် ဆိုးဆိုးရွားရွားဖြစ်နိုင်စရာမရှိဘူး။ ပြန်သက်သာနိုင်တယ်။ ထီထိုးသလိုပေါ့။ ထီမထိုးဘဲနဲ့ ထီပေါက်ချင်လို့မရဘူး။ ရောဂါမကုဘဲနဲ့ လက္ခဏာမပျောက်နိုင်ဘူး။ ပိုဆိုးလာနိုင်တယ်။ ဒါပေမယ့် ရောဂါကတော့ ထီထိုးသလောက် ကံစမ်းဖို့မလိုအပ်ပါဘူး။ ပျောက်ကင်းနိုင်ချေများတယ်။ ဒါ့ကြောင့် ရောဂါကို ထီလိုသဘောထားပြီး စောစောထိုးကြည့်၊ကုသကြည့်ပါ။ ကံကောင်းမှာပါ။ 

(သိုင်းရွိုက်ဟော်မုန်းအကြောင်း လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ရေးထားတာ ရှိပါတယ်။ အသေးစိတ်ဖတ်ချင်ရင် http://drayeminhtoo.blogspot.com/2013/01/blog-post.html?m=0 မှာ ဝင်ကြည့်ပါ။)

ဒေါက်တာ အေးမင်းထူး
၂၅.၃.၁၄


No comments:

Post a Comment