Tuesday, February 12, 2013

အနေအထားပြောင်း အမူးရောဂါ

 ခေါင်းမူးတယ်၊ခေါင်းကိုက်တယ်ဆိုတာမျိုးက လူတိုင်းနီးပါး ဖြစ်ဖူးကြုံဖူးကြပါတယ်။ ခေါင်းအနေထားပြောင်းတဲ့အခါ၊ အထိုင်အထတွေမှာ မူးတတ်တယ်။တချို့တွေကျ လှုပ်ရှားမှုမရှိပဲကိုမူးတာမျိုးရှိပါတယ်။နားအူတာ၊လေထွက်တာမျိုးနဲ့လဲ တွဲလာတတ်တယ်။မူးတဲ့ပုံစံမျိုးစုံရှိသလို ဖြစ်စေတဲ့အကြောင်းရာတွေကလည်း များပါတယ်။ ဒီဘက်ခေတ်မှာ ရောဂါနဲ့မဆိုင်တဲ့ အရက်သောက်၊ဘီယာသောက်ပြီးမူးနေသူတွေကလည်း အများသားလား။ အစားသောက်ပျက်၊အအိပ်ပျက်သူတွေလည်း မူးတတ်ပြန်တယ်။ serotonin များတဲ့အစားစာတွေ(ချီးစ်၊ထောပတ်)စားသူလည်း မူးတတ်ပါတယ်။ခန္ဓာကိုယ်လှုပ်ရှားဖို့ မရှိမဖြစ်လိုအပ်တဲ့ ဂလူးကိုစ့်ဓာတ်ချို့တဲ့ တဲ့အခါလည်းမူးမယ်။ကစားလွန်ပြီး
ပြေးတိုင်းလိုက်တိုင်းကစားပြီး ချာချာလည်မူး၊ထိုးအန်လို့ ကလေးငယ်တယောက် ဆေးခန်းရောက်လာဖူးတယ်။ကစားရင်းကျောင်းမှာမူးလို့ အမောတကော ဆေးခန်းအပြေးအလွှားရောက်လာရှာတဲ့ မိခင်ခမျာ ရောက်မှသာ အကြောင်းသိပြီးသက်ပြင်းချနိုင်တယ်။ ဒီလိုလူနာမျိုးဟာ ဆရာဝန်မလိုပဲ သူ့ဘာသာကို ပျောက်ကင်းနိုင်ပါတယ်။ သွေးပေါင်ချိန် တက်လွန်း၊ကျလွန်းသူတွေလဲ အမူးနဲ့မကင်းနိုင်ပါဘူး။ ခေါင်းခိုက်မိပြီး ဦးနှောက်ထိမိသူတွေလဲ မူးတာတင်မက ထိုးထိုးပြီးအန်တတ်ပါသေးတယ်။ မူးစေတဲ့အကြောင်းရာတွေအများအပြားထဲမှာ ဘာကြောင့်မှန်းမသိမူးပြီး ပြန်ပျောက်သွားသူတွေလည်း ဒုနဲ့ဒေးမဟုတ်လား။ အစားသောက်၊အနေထိုင်မမှန်လို့မူးသူတွေအနေနဲ့ စိုးရိမ်ဖို့မလိုပေမယ့် ခေါင်းထိခိုက်မိတာမျိုးတွေမှာတော့ မပေါ့ဆသင့်ပဲ ဆရာဝန်နဲ့ပြသသင့်ပါတယ်။ မူးတိုင်း ဘာရောဂါဖြစ်လို့ပါလိမ့် အတွေးလွန်တာမျိုးကလည်း မကောင်းတာအမှန်ပါ။တချို့အမူးရောဂါတွေကျတော့ ဆရာဝန်တွေကိုယ်တိုင်ကို ခေါင်းချောက်ရ၊ခေါင်းကိုက်ရတာမျိုးတွေ ဖြစ်ရပါတယ်။ BPPV(benign paroxysmal positional vertigo)လို အမူးရောဂါမျိုးဟာ ဆရာဝန်တွေကို ခေါင်းခြောက်စေပါတယ်။ BPPV ကို မြန်မာလို ပြန်ထားတာအတိအကျမရှိတဲ့အတွက် အလွယ်တကူပဲ အနေအထားပြောင်းအမူးရောဂါလို့ ဘာသာပြန်ပါမယ်။

BPPVဟာ ရုတ်တရက် ခေါင်းအနေအထားပြောင်းတဲ့အခါမျိုးမှာ တွေ့ရပါတယ်။အထူးသဖြင့် လှဲအိပ်လိုက်တဲ့အခါမျိုး၊ အိပ်နေစဉ်တဖက်ဖက်ကို စောင်းလိုက်တဲ့အခါမျိုးတွေမှာ ခေါင်းကမခံမရပ်နိုင်ကို မူးလာပါတယ်။ တချို့ဆိုရင် ညအိပ်ရမှာကို ကြောက်နေရတယ်။လှဲအိပ်တဲ့အခါ မူးလွန်းလို့တဲ့။ တချို့က ညအိပ်နေရင်း မနက်နိုးတော့ တဖက်မစောင်းနိုင်တော့ဘူး။စောင်းလိုက်တာနဲ့ မနေနိုင်မထိုင်နိုင် မူးလာတော့တာ။ဒါ့ကြောင့် အနေထားပြောင်းအမူးရောဂါလို့ ခေါ်တာပါ။ ဒီတိုင်းနေရင်အကောင်းပေမယ့် ပြောင်းလိုက်ရင်မကောင်းတော့ဘူး။ မူးတဲ့အပြင် ပျို့တာ၊အန်တာတွေပါ ရှိလာပြီ။ ထိုင်ရာကထတဲ့အခါ မိုက်ခနဲမူးတာမျိုးကိုကျ အနေအထားပြောင်းအမူးရောဂါ(BPPV)လို့ မခေါ်နိုင်ပါဘူး။postural hypotensionသွေးပေါင်ချိန်ကျလို့ ရုတ်တရက်သွေးမလိုက်နိုင်လို့ မူးတာမျိုးပါ။ BPPV ဆိုတာ နားအပိုင်းသုံးပိုင်းခွဲထားတဲ့ထဲမှာ အတွင်းဆုံးပိုင်းမှာ ပြဿနာရှိတဲ့အခါမျိုးမှာဖြစ်ပါတယ်။နားအတွင်းပိုင်းမှာ labyrinthခေါ်တဲ့ ဝင်္ကဘာသဏ္ဍာန် အရည်လမ်းကြောင်းတခု ရှိပါတယ်။ဒီလမ်းကြောင်းမှာရှိတဲ့ အရည်တွေ လုပ်ရှားမှုက ခေါင်းနေအထား balance ကို ထိန်းညှိပေးပါတယ်။ ဒီလမ်းကြောင်းဟာ semicircular canal ခေါ်တဲ့ စက်ဝိုင်းခြမ်းပုံ ပြွန်သေးသုံးခုနဲ့ ဆက်သွယ်တည်ရှိတယ်။ပုံမှန်အားဖြင့် utrical ထဲမှာရှိရမယ့် calcium carbonate crystal ကယ်လ်ဆီယမ်ပုံဆောင်ခဲငယ်တွေဟာ အောက်ဖက်ဆုံးposterior canalအနောက်ခြမ်းပြွန်ငယ်ထဲ ဝင်ရောက်ပိတ်ဆို့တဲ့အခါ အနေအထားပြောင်းအမူးရောဂါကို အဓိကဖြစ်စေပါတယ်။တခြားsemicircular canalပြွန်တွေပိတ်တဲ့အခါမျိုးမှာလဲ ဖြစ်တတ်ပေမယ့် အဖြစ်တော့နည်းပါတယ်။ပုံမှန်လူတယောက် ခေါင်းလှုပ်တဲ့အခါ အတွင်းပိုင်းနားထဲမှာရှိတဲ့ အရည်တွေရဲ့ လှုပ်ရှားမှုကို အာရုံခံအမွှေးမျှင်နာဖ့်ကြောတွေက တဆင့်ဦးနှောက်ကို ပို့ဆောင်ပေးပါတယ်။ဦးနှောက်ကတဆင့် မျက်စိကို အလိုက်သင့်ဖြစ်ဖို့ လှုံဆော်ပေးပါတယ်။ညအိပ်တဲ့အခါ နားအတွင်းပိုင်uးtricleထဲမှာရှိတဲ့ ကယ်ဆီယမ်အပိုင်းအစတွေဟာ အောက်ဖက်ကို တဖြည်းဖြည်းရွေ့လျားလာပြီး semicircular canalထဲကို ဝင်ရောက်ပိတ်ဆို့တဲ့အခါ လှုပ်ရှားမှုကို ဦးနှောက်က ပုံမဖော်နိုင်တော့ပဲ ချာချာလည်မူးလာစေတယ်။ဒါ့ကြောင့် တော်တော်များများ ဖြစ်သူတွေကြည့်လိုက်ရင်အိပ်ရာထ မနက်ပိုင်းမှာ အတွေ့များတယ်။ ပတ်ဝန်းကျင်လေထုဖိအားပြောင်းလဲတဲ့အခါ၊ ရာသီဥတုအေးတဲ့အခါ တွေမှာလည်း တွေ့ရတတ်ပါတယ်။နားခိုင်းမိတာ၊ပိုးဝင်တာကြောင့်လည်း အဖြစ်များတယ်လို့ ဆိုပါတယ်။တခြားအမူးရောဂါတွေနဲ့မတူတာက နားအူတာ၊ထုံတာကျင်တာ၊အကြောသေတာ၊မျက်ရိုးကိုက်တာမျိုး မရှိတတ်ဘူး။

 တခါဖြစ်ဖူးသူဟာ နောက်ထပ်ပြန်ဖြစ်နိုင်တယ်။အများစုဟာ ၄၀ကျော်အရွယ်အသက်ကြီးသူတွေဆိုပေမယ့် ငယ်ရွယ်သူတွေမှာလည်း တွေ့ရပါတယ်။အေးတဲ့ရာသီတွေမှာ ပိုမိုတွေ့ရတယ်။ အမျိုးသမီးတွေက နှစ်ဆလောက် အဖြစ်များတယ်။ ခေါင်းတဖက်ထဲသာ ဖြစ်ကြတယ်။ဥပမာ ဘယ်ဘက်ဖြစ်သူဟာ ညာဘက်စောင်းအိပ်နိုင်တယ်။ ခေါင်းမော့တဲ့အခါ၊ ခေါင်းလှည့်တဲ့အခါမှသာတွေ့ရတယ်။ ရောဂါလို့ခေါ်လို့မရသလို ပျောက်ဖို့လည်း အချိန်ယူရတယ်။ တချို့က ခေါင်းလှည့်လေ့ကျင့်ခန်းနဲ့ပျောက်တတ်သလို မပျောက်သူက ရက်ပိုင်းမှ လပိုင်းထိကြာတတ်တယ်။ စားဆေး၊ထိုးဆေးနဲ့ ပျောက်ကင်းတာတော့ မတွေ့မိသေးဘူး။ ရောဂါဝေဒနာသက်သာစေဖို့တော့ တချို့ဆေးတွေ အသုံးပြုကြပါတယ်။ လောလောဆယ်မပျောက်ကင်းလည်း နောက်ပိုင်းသူ့ဘာသာပျောက်ကင်းမှာမို့ အထူးစိုးရိမ်ဖို့တော့လည်း မလိုအပ်ဘူး။ပြဿနာတခုက ရောဂါမဟုတ်ဘူးဆိုပေမယ့် လူနာအတွက်တော့ ဒုက္ခမသေးလှဘူး။ ဟိုစောင်းမရ၊ဒီလှည့်မရဆိုတော့ စိတ်ကသိကအောက်တော့ ဖြစ်ရတယ်။ ညအိပ်တဲ့အခါ ပက်လက်အိပ်မရတဲ့လူနာတွေက ဒုက္ခအရောက်ဆုံးပါပဲ။ တချို့ကျ မနက်အိပ်ယာနိုးတော့ ခေါင်းလှည့်လို့မရလို့ ဆရာဝန်ပြေးပင့်ရတယ်။ ဒီလိုလူနာတွေကုဖို့အတွက် epley maneuver ခေါ်တဲ့ ခေါင်းလေ့ကျင့်ခန်းသာရှိပါတယ်။ခေါင်းလေ့ကျင့်ခန်းဆိုတာလည်း ဖြစ်တဲ့ဘက်လှည့်ရတာလည်းပါတော့ လူနာအတွက် မသက်သာလှဘူး။သက်သာရင်တော်သေးရဲ့။ တခါမက နှစ်ခါ၊မပျောက်တော့ သုံးခါ ဆက်လုပ်ခိုင်းရတဲ့ဆရာဝန်လည်း ချွေးပြန်ရတယ်။ အိမ်မှာ ကိုယ့်ဘာသာလုပ်ခိုင်းတဲ့အခါ မလုပ်ချင်သူကများတယ်။ ဆေးပေးပြီး ချော့ခိုင်းခဲ့ရတဲ့လူနာတွေလည်း မနည်းလှဘူး။ ဆေးခန်းချာချာလည်မူးပြီးလာတဲ့လူနာအနက် ၂၀ရာခိုင်နှုန်းလောက်က BPPV ဖြစ်သူတွေဆိုတဲ့ ကိန်းဂဏာန်းက မသေးလှဘူး။ 

အနေအထားပြောင်းအမူးရောဂါ သေချာဖို့က လက္ခဏာမေးရုံတင်မက Dix-Hallpike ခေါ်တဲ့ ခေါင်းစောင်း၊ကိုယ်သိပ်အနေအထားနဲ့ သေချာစေရတယ်။ မျက်ဆံက အထက် ဘယ်၊ညာမြန်မြန်ယိမ်းနေရင် nystagmus ရှိလို့အနေအထားပြောင်း အမူးရောဂါလို့သတ်မှတ်ပါတယ်။posterior canalမှာ ပိတ်ဖို့များပါတယ်။မရှိရင် roll test ဆက်လုပ်ပြီး စောင့်ကြည့်ပါတယ်။လူနာကို ပက်လက်အိပ်ခိုင်းပြီး ခေါင်းနဲနဲငုံ့ဘယ်ဘက်ကို ၉၀ဒီဂရီစောင်းခိုင်း၊ညာဖက်ကို ၉၀ဒီဂရီစောင်းခိုင်းပြီး ကြည့်ပါတယ်။nystagmusတွေ့ရင်  lateral canalမှာပိတ်တယ်လို့ယူဆပါတယ်။ဒီလိုသာမန်ကာလျှံကာ testလေ့ကျင့်ခန်းလေးကိုက တချို့လူနာတွေအတွက် ပင်ပန်းဆင်းရဲလှပါတယ်။ မသိရင် ဆရာဝန်ဘာလုပ်နေပါလိမ့် ထင်ကြမယ်။

အနေအထားပြောင်း အမူးရောဂါဖြစ်ရင် ကုသဖို့ နည်းလမ်းနှစ်သွယ်သာ ရှိပါတယ်။ ပထမနည်းက Epley maneuver ခေါ်တဲ့ ပုံဆောင်ခဲတွေနေရာမှန်ပြန်ပို့ပေးတဲ့ ခေါင်းလေ့ကျင့်ခန်းလုပ်ခိုင်းရတယ်။ တချို့ကို semont maneuver လေ့ကျင့်ခန်း လုပ်စေတယ်။ သိပ်ဆိုးတဲ့လူနာတွေမှာ vestibular suppressant ဆေးကို တနာရီလောက် ကြိုပေးထားပြီး လေ့ကျင့်ခန်းလုပ်စေတယ်။ ဆေးခန်းတင်မက အိမ်မှာတွေပါလုပ်ဖို့ သင်ကြားပေးလိုက်ရတယ်။ တရက်ကို သုံးကြိမ်၊နှစ်ပတ်လောက်လုပ်ခိုင်းရတယ်။ သက်သာသူအများစုက သုံးရက်အတွင်း သက်သာကြတယ်။ ပိုမိုဆိုးရွားတဲ့လူနာတွေ၊နေ့စဉ်လုပ်ငန်းမလုပ်နိုင်သူတွေ၊ ကာလရှည်ကြာဖြစ်သူတွေကို နောက်ဆုံးအနေနဲ့ ခွဲစိတ်ကုသရတယ်။ဖြစ်တဲ့ပြွန်ကိုပိတ်ပစ်ပြီး နောက်မဖြစ်တော့အောင်လုပ်တဲ့နည်းကို အသုံးပြုကြတယ်။ပုံမှန်မဟုတ်လို့ နောက်ဆက်တွဲဆိုးကျိုးများသလို အသုံးပြုမှုနည်းတယ်။ Epley maneuver ကို John Epley ဆိုတဲ့ဆရာဝန်က ၁၉၈၀မှာ စတင်အသုံးပြုခဲ့တယ်။ လက်ရှိအသုံးပြုနေတဲ့ ခေါင်းလေ့ကျင့်ခန်းဟာ Epley maneuver ကို Modified ပိုကောင်းအောင် ပြုပြင်ထားတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။၇၀ရာခိုင်နှုန်းက လေ့ကျင့်ခန်းနဲ့သက်သာတယ်ဆိုပါတယ်။ ခေါင်းလေ့ကျင့်ခန်းလုပ်ပုံအဆင့်ဆင့်ကို အောက်မှာဖော်ပြလိုက်ပါတယ်။

Epley maneuver လုပ်ပုံအဆင့်ဆင့်
၁။လေ့ကျင့်ခန်းလုပ်မယ့် ကုတင်မှာ မတ်မတ်ထိုင်ပြီး ခြေထောက်ဆန့်ထားရမယ်။
၂။ရှေးဦးစွာ ရှေ့မျက်နှာမူပြီး ခေါင်းကို ဖြစ်တဲ့ဖက် ၄၅ဒီဂရီ စောင်းထားရမယ်။ စက္ကန့် ၃၀(မိနစ်ဝက်)ထားရတယ်။
၃။ပြီးရင် ခေါင်းစောင်းလျက် ရုတ်တရက် လှဲချလိုက်ရမယ်။ခေါင်းကို ၃၀ဒီဂရီလောက် မော့ထားသင့်တယ်။ဖြစ်တဲ့ဖက်က နားဟာ မြေကြီးဖက်ကို ဦးတည်နေရမယ်။စက္ကန့်သုံးဆယ်ထားရမယ်။ ဒီလိုလုပ်ချိန်မှာ မခံမရပ်နိုင် မူးတာ၊မျက်လုံး လည်တာရှိနိုင်တယ်။
၎။ဆန့်ကျင်ဖက်၄၅ဒီဂရီကို ခေါင်းရုတ်တရက်လှည့်ရမယ်။အရင်ပုံစံတိုင်း ခေါင်းကိုမော့ထားရမယ်။ဒီအနေထားမှာ ခန္ဓာကိုယ်ဟာ ပက်လက်အနေထားသာ ရှိသေးတယ်။စက္ကန့်၃၀ ခန့်ထားရမယ်။
၅။ပက်လက်အနေထားကနေ ခေါင်းစောင်းတဲ့ဖက်ကို ၉၀ဒီဂရီ လှိမ့်ရမယ်။သတိထားရမှာက ခေါင်းအနေထားကလည်း လှည့်ထားတဲ့အတိုင်း စောင်းပြီး လိုက်သွားရမယ်။ဒီအချိန်မှာ ထပ်ခေါင်းမူးတာမျိုးရှိနိုင်တယ်။ စက္ကန့်သုံးဆယ် ထားရမယ်။
၆။ပြီးရင် ခေါင်းစောင်းလျက် အရင်အနေထားအတိုင်း ပြန်ထပြီး ထိုင်နေရတယ်။စက္ကန့်၃၀လောက်ပြီးရင် ခေါင်းကိုပုံမှန်အနေထားတိုင်း ရှေ့တည့်တည့်ကို ပြန်ကြည့်ခိုင်းတယ်။ လေ့ကျင့်ခန်းလုပ်လို့ စုစုပေါင်းကြာချိန်က ၃မိနစ်ခန့်သာ ရှိပါတယ်။
Epley maneuverကို တနေ့သုံးကြိမ်၊လေးကြိမ် ပြန်လုပ်ခိုင်းတယ်။ တခါလောက်လုပ်ခိုင်းရင်ပဲ လူနာတွေမှာ ပင်ပန်းပြီး မခံမရပ်နိုင်ဖြစ်လာကြတယ်။ တချို့ခေါင်းနည်းနည်းလောက်စောင်းရင်ပဲ မူးတဲ့လူနာတွေမှာ ဒီလေ့ကျင့်ခန်းလုပ်ဖို့ မဖြစ်နိုင်တာမျိုးလည်းတွေ့ရဖူးတယ်။ထိုင်ဖို့တောင် အနိုင်နိုင်ရယ်ဆိုတဲ့ လူနာတွေမှာ ခေါင်းအတော်ခြောက်ရတယ်။ သောက်ဆေး၊ထိုးဆေးတွေက ဒီရောဂါမှာ အကျိုးမဖြစ်ထွန်းတာ များတယ်။ ကံကောင်းထောက်မပြီး သက်သာသွားတဲ့အခါ ဆရာဝန်တော်လို့ ဖြစ်သွားတတ်ပြန်တယ်။ ဆရာဝန်ထက် လူနာပိုကံကောင်းတယ်ပြောရမှာပါ။ ဆရာဝန်ဆိုတာ လူနာသက်သာဖို့သာ အဓိကမဟုတ်လား။ ဖြစ်သူအများစုဟာ ချက်ချင်းမကောင်းတောင် ရက်အနည်းငယ်အတွင်း ကံကောင်းကြပါတယ်။ ပြန်လည်းဖြစ်တတ်လို့ ဂရုစိုက်စေချင်တယ်။ ဒီလိုဖြစ်တတ်သူတွေ မကြာခင်ကောင်းသွားမှာမို့ စိုးရိမ်သောကမရောက်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဒေါက်တာ အေးမင်းထူး
Health Care Journal(15.2.13)






           

1 comment:

  1. Thank you for your post.There are a lot of medical knowledge in your blog.Thank you so much.

    ReplyDelete