Saturday, February 14, 2015

စကားထစ်သူအတွက် သောက်ဆေး

စကားထစ်တဲ့အကြောင်း ဆောင်းပါးရေးမိလေတော့ တချို့က စကားမထစ်အောင် ဘယ်ဆေးတွေ သုံးမှာလဲ သိချင်လာကြပြန်တယ်။ စကားထစ်ခြင်းကို လျှော့နည်းစေနိုင်တဲ့ ဆေးနည်းတွေရှိပါတယ်။ အမှန်တော့ နောက်ကွယ်က မမြင်ရတဲ့ စိတ်ပိုင်းဆိုင်ရာကို ကုသတဲ့ ဆေးဝါးကုထုံးသာဖြစ်ပါတယ်။ ဥပမာ စိုးရိမ်စိတ်လွန်ကဲသူကို စိုးရိမ်စိတ်နည်းအောင် ပြုလုပ်နိုင်ရင် စကားထစ်တဲ့အမူအကျင့်ကို တဖြည်းဖြည်း သက်သာလာပါတယ်။ ဆေးနည်းတွေက တခေတ်ပြီး တခေတ် ပြောင်းလဲလာတာ တွေ့ရတယ်။ ဥပမာ ၁၉၆၀ဝန်းကျင်လောက်က haloperidol သုံးခဲ့ပေမယ့် ဘေးထွက်များလို့ နောက်ပိုင်းမှာ မသုံးတော့ဘူး။ ဒီဖက်ခေတ်ရောက်တော့ စိတ်ဆေး၊စိတ်မကျဆေး၊အတက်ပျောက်ဆေးတွေ သုံးလာကြတယ်။ တချို့က ဆေးတမျိုးထက် ဆေးနှစ်မျိုးပေါင်းရင်
ပိုထိရောကိတယ်လို့ဆိုလာပြန်တယ်။ ထိရောက်မှုရဲ့ နောက်မှာ ဘေးထွက်ဆိုးကျိုးလည်းပါလို့ တတ်နိုင်သမျှ ဆေးတမျိုးတည်း သုံးသင့်တယ်။ 

စိတ်ကျရောဂါအခံရှိသူတွေမှာ စိတ်မကျဆေး(SSRI)တမျိုးဖြစ်တဲ့ citalopram 10 mg ညပိုင်း အရင်ပေးကြည့်တဲ့အခါ လူတချို့မှာ သက်သာလာတယ်။ ကံကောင်းရင် စကားပြောမှန်လာတယ်။ စိတ်လှုပ်ရှားတဲ့အခံတခုခုရှိရင် alprazolam 1 mg တနေ့နှစ်ကြိမ်ပေးကြည့်ပါ။ မလိုအပ်ရင် စိတ်ညိမ်ဆေး alprazolamကို ဖြုတ်ပါ။ alprazolam နေရာမှာ ဘေးထွက်ဆိုးကျိုးနည်းပြီး ဖြတ်ရလွယ်တဲ့ buspirone ကို အစားထိုးသုံးတဲ့ အခါပိုကောင်းတာတွေ့ရတယ်။ ဒီထက် ပိုဆိုးတဲ့ အခြေအနေမှာ clomipramine 100mg ညတကြိမ်သုံးရတယ်။သက်သာသူတွေက အဆင့်၎-၅ဆင့်လောက် သက်သာကြတယ်။ စိတ်ကျဆင်းတဲ့ အခြေအနေမျိုးအတွက် ဒီဆေးတွေကို သုံးသင့်တယ်။ 

စကားထစ်သူတွေမှာ dopamineရဲ့သက်ရောက်မှုက များစွာရှိတယ်လို့ တွေ့ရတယ်။ စကားလုံးတွေချည်းထစ်သူမှာ risperidone 0.5mg(သို့) olanzapine 5mg ည တလုံးသောက်ကြည့်ပါ။ စိတ်ခံစားမှုနဲ့ ပတ်သက်တာရှိရင် ဒီဆေးတွေက ပိုကောင်းတယ်။ ဆေးကို ၃-၆လ အနည်းဆုံးပေးကြည့်ရတယ်။ မကောင်းတာက risperidoneကြောင့် အိပ်ချင်စိတ်များတာ၊ရာသီထိန်တာမျိုး ရှိတယ်။ နောက်ပြီး olanzapineကတော့ မှိန်းချင်တာ၊ဝိတိတက်တာမျိုး ရှိပြန်တယ်။ ဆေးတွေက ဆရာဝန်က ချိန်ဆပြီး ပေးရတယ်။ 

နောက်ဆေးနည်းက စိတ်လှုပ်ရှုားမှုလွန်ကဲခြင်းရဲ့ နောက်ဆက်တွဲ ရင်တုန်၊ရင်ဘတ်အောင့်တာရှိရင် Propranolol 10mg မနက်တကြိမ် စမ်းသောက်ကြည့်ပါ။ မသက်သာရင် ဆေးကို တင်လို့ရတယ်။ တချို့ကတော့ တနေ့ သုံးကြိမ်ပေးကြည့်တယ်။ Propranololနဲ့ buspirone တွဲသုံးရင် အာနိသင်ပိုကောင်းတယ်။ buspirone 5mg တနေ့ ၂-၃ကြိမ် ပေးပါ။ ဆေးကို 15mg တနေ့သုံးကြိမ်ထိ လိုအပ်သလို ပေးနိုင်တယ်။ 

အခုနောက်ဆုံး GABAပေါ်မှာ အာနိသင်သက်ရောက်တဲ့ pagocloneကို စမ်းသပ်နေကြပြီ ဖြစ်ပါတယ်။ လက်ရှိချိန်ထိ စကားထစ်ခြင်းကို ကုသဖို့ အလာအလာ အကောင်းဆုံးဆေးတခုလို့ ဆိုရင်မမှားပါ။ အတည်ပြုဖို့ အဆင့်တွေတော့ လိုနေဆဲ ဖြစ်ပါတယ်။ သေချာစမ်းသပ် စစ်ဆေးပြီးရင်တော့ ပေါ်ထွက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၂၂.၁၀.၁၄

No comments:

Post a Comment