Monday, February 17, 2014

သက်စောင့်ဓာတ်များကို လေ့လာခြင်း(၅)

သက်စောင့်ဓာတ်များကို လေ့လာခြင်းခေါင်းစဉ်နဲ့ ရေးလာခဲ့တာ အပိုင်း(၅)ကို ရောက်ရှိလာခဲ့ပါပြီ။ ပုံမှန်က vitamin B4ကို ဖော်ပြရမှာ ဖြစ်ပေမယ့် ဗီတာမင်စစ်စစ်မဟုတ်တာကြောင့် မဖော်ပြတော့ပါဘူး။ ဒီတပတ်မှာ သက်စောင့်ဓာတ်တမျိုးဖြစ်တဲ့ Vitamin B5အကြောင်းကို ဆက်လက် ရေးသားဖော်ပြပေးပါမယ်။

Vitamin B5(pantothenic acid)
Vitamin B5ကို ၁၉၃၃ခုနှစ်မှာ Roger J. Williams က စတင်တွေ့ရှိခဲ့ပါတယ်။pantothenic acid(သို့)pantothenateလို့လည်း ခေါ်ပါတယ်။ pantothen ဆိုတဲ့ စကားက ဂရိစကားလုံး ဖြစ်ပါတယ်။ အဓိပ္ပါယ်က "from everywhere" နေရာတိုင်းက ရရှိနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးပါ။ ပတ်ဝန်းကျင်မှာ တွေ့သမျှ အစားအသောက်တွေထဲမှာ နည်းနည်းစီ ပါဝင်တယ်လို့ပြောရင်လည်း မမှားပါဘူး။ အသား၊ငါး၊အစေ့အဆံ စတာတွေမှာ အဓိက ပါဝင်တယ်။ အထူးသဖြင့် အစေ့အဆံတွေရဲ့ အပြင်ဖက်အလွှာပါးမှာ တွေ့ရှိရတယ်။ဆန်၊ဂျုံ၊ပြောင်း၊နေကြာစတဲ့ အစေ့အဆန်တွေကို စားသုံးတဲ့ တိရိစ္ဆာန်တွေကနေ အဓိကရရှိတယ်။ အမဲသား၊ဘဲသား၊ကြက်သား၊ပင်လယ်ငါးဥ၊အသည်း၊ကျောက်ကပ်၊နို့၊ကြက်ဥ၊ဒိန်ချဉ်၊ကိုက်လံ၊ပန်းဂေါ်ဖီ၊ထောပတ်သီးတွေထဲမှာလည်း ပါဝင်တယ်။တိရိစ္ဆာန်တွေရဲ့အသားမှာ vitamin B5ပါဝင်မှုက ပုံမှန်ထက် (၂)ဆလောက် ပိုတယ်။ 

Vitamin B5ဟာ ရေမှာ ပျော်ဝင်တဲ့ဗီတာမင်မျိုး ဖြစ်ပါတယ်။ လူတယောက်အတွက် နေ့စဉ်ပုံမှန်လိုအပ်ချက်က 5mg ဖြစ်ပါတယ်။ မွေးကင်းစမှ ၆လထိ 1.7mg၊၆လ-၁နှစ်ထိ 1.8mg၊၁-၃နှစ်ထိ 2mg၊ ၃-၈နှစ်ထိ 3mg၊၈-၁၃နှစ်ထိ 4mg၊၁၃နှစ်အထက် 5mg၊ကိုယ်ဝန်ဆောင်မိခင်မှာ 6mg၊နို့တိုက်မိခင်တွေမှာ 7mg အသီးသီးလိုအပ်ပါတယ်။ ဗီတာမင်အားဆေးတွေထဲမှာ Vitamin B5ကို pantothenol ဆိုတဲ့နာမည်နဲ့ တွေ့ရပါတယ်။ ဖြည့်စွက်ဆေး၊အားဆေးတွေထဲမှာ calcium pantothenate ပုံစံနဲ့ ပါဝင်ကြတယ်။ အသားအရေလှစေတဲ့ ပစ္စည်း(cream,lotion,gel)တွေမှာလည်း provitaminပုံစံမျိုးနဲ့ ပါဝင်တတ်တယ်။

ဆေးပညာအရ vitamin B5ရဲ့ ကောင်းကျိုးတွေ၊အာနိသင်တွေကို လေ့လာစမ်းသပ်မှုတွေ လုပ်ကြည့်တဲ့အခါ အမျိုးမျိုး တွေ့ရတယ်။ဗီတာမင်ဘီ အုပ်စုဝင်ဖြစ်တာကြောင့် အစာအာဟာရကနေ စွမ်းအင်ထုတ်လုပ်တဲ့ဖြစ်စဉ်မှာ ပါဝင်ကူညီပေးရပါတယ်။ စားကောင်း၊အိပ်ပျော်၊ဝမ်းမှန်စေတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေတယ်။ အာရုံကြော၊အာရုံခံနာဖ့်အဖွဲ့အစည်းကို အားပေးတယ်။ သွေးတွင်း အဆီဓာတ်ကို ကျဆင်းစေတယ်။ ဆဲလ်ကွဲပွားခြင်း၊ဆဲလ်သစ်တွေကို ဖြစ်ပေါ်စေပြီး အနာကျက်မြန်စေတယ်။ အရေပြား၊ဆံပင်နဲ့ လက်သည်း၊ခြေသည်း ကျန်းမာရေးအတွက် အထောက်အကူပြုတယ်။ ဒီအာနိသင်ကြောင့် မိတ်ကပ်၊ရှန်ပူနဲ့ ဝက်ခြံပျောက်ဆေးအချို့မှာ ထည့်သွင်းအသုံးပြုကြတယ်။ ဆီးချိုရောဂါသည်တွေကို လေ့လာတဲ့အခါ အာရုံကြောရောင်ရမ်းခြင်း၊ထုံကျင်ခြင်းအတွက် vitamin B5 တွဲပေးတဲ့အခါ အကျိုးအာနိသင် ပိုကောင်းလာတယ်။ ဒါ့ပြင် ဆီးချိုမှာ အဖြစ်များတဲ့ ခြေထောက်အနာ၊ပြည်တည်နာတွေကို panthenol ပါဝင်တဲ့ဆေး လိမ်းပေးတဲ့အခါ ပျောက်ကင်းမှု ပိုမြန်ဆန်တာ တွေ့ရတယ်။

Vitamin B5ဟာ အစားအစာအများစုမှာ ပါဝင်တာကြောင့် ချို့တဲ့မှုနည်းပါးတယ်။ သတ်သတ်လွတ်သမားတွေထက် အရက်သမားတွေမှာ ပိုချို့တဲ့နိုင်တယ်။ ချို့တဲ့မှုလက္ခဏာက တခြားဗီတာမင်တွေလိုပဲ ခံစားရတယ်။ လက္ခဏာတွေအနေနဲ့ အားယုတ်တာ၊နုံးချိတာအပြင် ပျို့ချင်၊အန်ချင် ဖြစ်နိုင်တယ်။ ခြေဖျား လက်ဖျား ထုံတာ၊ကျဉ်တာ၊ပူစပ်ပူလောင်ခံစားရတာမျိုး ခံစားရတယ်။ အာရုံကြောနဲ့မှတ်ဥာဏ် ထိခိုက်နိုင်တယ်။ကြီးထွားမှုနှေးကွေးတာ၊အစားအသောက်ပျက်တာ၊ညအိပ်မပျော်တာ ဖြစ်နိုင်တယ်။ ဂလူးကိုစ့် level ပြောင်းလဲနိုင်တယ်။အသားအရေခြောက်သွေ့တာ၊အရေခွံကွာတာမျိုး ဖြစ်စေတတ်ပါတယ်။ ကြာလာရင် ခန္ဓာကိုယ်အတွက် အရေးကြီး ဟော်မုန်းထုတ်ပေးနေတဲ့ အက်ဒ်ရီနယ်ဂလင်း(adrenal gland)ကိုပါ ထိခိုက်စေနိုင်တယ်။ 

vitamin B5ရဲ့ ထူးခြားချက်က upper limitပြောရမယ့် အလွန်ဆုံးသောက်နိုင်တဲ့ဆေးပမာဏကို မကန့်သတ်နိုင်ဘူး။ ဆေးပမာဏပိုနေလို့လည်း ဘေးထွက်ဆိုးကျိုး သိသိသာသာခံစားရမယ် မဟုတ်ပါဘူး။ လေ့လာမှုတွေအရ ဆေးပမာဏကို 10g လောက်ထိ ပေးကြည့်တဲ့အခါ အူလမ်းကြောင်းနဲ့သက်ဆိုင်တဲ့ ဝမ်းပျက်၊ဝမ်းလျှောလောက်သာ တွေ့ရတယ်။ နောက် ဖြစ်နိုင်တဲ့ဆိုးကျိုးတခုက အက်ဒရီနယ်ဂလင်းကို ပိုအလုပ်ပေးရတာကြောင့် ကြာလာတာနဲ့အမျှ ထိလွယ်ခိုက်လွယ် ဖြစ်လာနိုင်တာပါ။ ဟော်မုန်းlevel အတက်၊အကျက ဇီဝကမ္မဖြစ်စဉ်နဲ့ စိတ်အာရုံကို ပြောင်းလဲစေနိုင်တယ်လို့ ယူဆရတယ်။ သတိပြုသင့်တာက ကိုယ်ဝန်ဆောင်မိခင်၊နို့တိုက်မိခင်တွေမှာ လိုတာထက်ပိုမတိုက်သင့်ဘူး။ သွေးယိုစေနိုင်တယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အားဆေးသောက်သုံးတဲ့အခါ ဆရာဝန်ညွှန်ကြားတဲ့ အားဆေးမျိုးကိုသာ သောက်သုံးသင့်ကြောင်း အကြံပေးချင်ပါတယ်။

ဒေါက်တာအေးမင်းထူး
ရတနာပုံသတင်းစာ(၁၇.၂.၁၄)

No comments:

Post a Comment