Monday, December 30, 2013

ကျန်းမာစေကြောင်း နှစ်သစ်ဆုတောင်း

နှစ်သစ်ရောက်တော့မှာဖြစ်လို့ လူတိုင်းပျော်ရွှင်နေကြလိမ့်မယ်ထင်ပါတယ်။နှစ်သစ်ဆိုတာ အမှန်တော့ လူသစ်၊စိတ်သစ်၊ခွန်အားသစ်နဲ့ ဘဝသစ်စတင်ဖို့ အကောင်းဆုံး အခွင့်အရေးတခုဖြစ်ပါတယ်။ နှစ်ဟောင်းက စိတ်ပျက်ဝမ်းနည်းစရာတွေကို မေ့ထားပြီး နေ့သစ် ဆီကို မျှော်လင့်ချက်ကိုယ်စီနဲ့ ဆက်လက်လျှောက်လှမ်း ရမှာ ဖြစ်ပါတယ်။ နှစ်သစ်မှာ လူတိုင်း ပျော်ရွှင်ချမ်းမြေ့ချင်ကြတယ်။ ပိုမိုပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ချင်ကြတယ်။ ကျန်းမာရေး၊လူမှုရေး၊စီးပွားရေးကောင်းမွန်ဖို့ ဆုတောင်းကြတယ်။ ဒီလိုလုပ်တဲ့အခါ ဆုတောင်းရုံမျှနဲ့ မပြီးသေးဘူး။ ကိုယ်တိုင်လိုက်နာနိုင်ဖို့လည်း လိုအပ်ပါတယ်။ ကျန်းမာတယ်ဆိုရင် လူအများထင်လိုက်တာက သန်သန်မာမာလှုပ်ရှားသွားလာနိုင်ရင် ကျန်းမာတယ်ပေါ့။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတ်မှတ်တဲ့ စံနှုန်းအရဆိုရင် ကျန်းမာခြင်းဆိုတာ လူကျန်းမာဖို့သာမက စိတ်ချမ်းသာဖို့လည်း လိုအပ်ပါတယ်။ ဒီနှစ်ခုလုံး ညီညွတ်မျှတမှ ကျန်းမာခြင်း အစစ်အမှန်လို့ ဆိုထားတယ်။ ဒီနှစ်ခုလုံး ညီညွတ်မျှတဖို့ဆိုတာ လက်တွေ့မှာ မလွယ်ကူပါဘူး။ လူဖြစ်လို့ ဝမ်းနည်းတာ၊ဝမ်းသာတာ၊စိတ်ဓာတ်ကျတာ၊စိတ်လှုပ်ရှားတာခံစားရတယ်။ ခန္ဓာဖြစ်လို့ ဖျားနာကိုက်ခဲ ဝေဒနာမျိုးစုံ ခံစားရတယ်။ နှစ်သစ်အတွက် ဆုမွန်မတောင်းခင် ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာဖို့ လိုက်နာရှောင်ကြဉ်ရမယ့် အချက်တွေကို အရင်ဖော်ပြပါရစေ။


စိတ်ကျန်းမာရေး 
စိတ်ကျန်းမာရေးအတွက် အိပ်ရေးဝဝအိပ်စက်ပြီး စိတ်ကို အနားပေးရတယ်။ အိပ်စက်ခြင်းက ဦးနှောက်ကို ကြည်လင်လန်းဆန်းစေတယ်။ အိပ်စက်ခြင်းကြောင့် အားအင်တွေပြည့်ဝစေပြီး လုပ်ငန်းခွင်တွေမှာ အောင်မြင်ပြီးစီးအောင် လုပ်ဆောင်နိုင်တာ တွေ့ရပါတယ်။ မှတ်ဥာဏ်ကောင်းဖို့၊အကြံဥာဏ်ကောင်းဖို့ ကောင်းကောင်းအိပ်စက်အနားယူဖို့ လိုအပ်တယ်။ လူတယောက်ဟာ နေ့စဉ် အနည်းဆုံး ၆နာရီအိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။ စိတ်ကို အနားပေးပြီးရင် အာဟာရဖြည့်တင်းရတယ်။ စာဖတ်တာ၊တီဗွီကြည့်တာက စိတ်ကို အာဟာရဖြည့်တင်းတဲ့သဘောမျိုးဖြစ်တယ်။ မိတ်ဆွေအပေါင်းအသင်းနဲ့ နေထိုင်တာတွေဟာ စိတ်ကိုကြည်လင်လန်းဆန်းစေတယ်။ တရားမှတ်တာ၊ယောဂကျင့်တာတွေကလည်း စိတ်ကျန်းမာရေးအတွက်ပဲ မဟုတ်ပါလား။ စိတ်ချမ်းသာစေဖို့ မေတ္တာတရား အရေးကြီးတယ်။ နှစ်သစ်မှာ လူအချင်းချင်း မေတ္တာထားပြီး ပတ်ဝန်းကျင်ကို ကူညီနိုင်အောင် စဉ်းစားကြည့်ပါ။ အဖွဲ့အစည်းတွေနဲ့ ပရဟိတလုပ်ဆောင်ကြည့်ပါ။ မိမိကိုယ်တိုင် ပျော်ရွှင်ချမ်းမြေ့လာတာ တွေ့ရပါလိမ့်မယ်။ ပိုအရေးကြီးတဲ့အချက်က မိမိစိတ်ကို သန့်ရှင်းစင်ကြယ်အောင် ထားသင့်တယ်။ အတိတ်က အကြောင်းအရာတွေအတွက် မိမိကိုယ်ကို အပြစ်ရှိတယ် မခံယူပါနဲ့။ အတိတ်ဆိုတာ သင်ခန်းစာယူဖို့ အစိတ်အပိုင်းဖြစ်ပြီး ပစ္စုပ္ပန်ဆိုတာ လက်တွေ့အသုံးချရတဲ့ နယ်ပယ်ဖြစ်ပါတယ်။ ဒါ့ကြောင့် အရေးကြီးဆုံးဖြစ်တဲ့ ပစ္စုပ္ပန်မှာနေပြီး အကောင်းဆုံးကြိုးစားရင် အနာဂတ်ဆိုတာ အောင်မြင်မှုတွေ စုဝေးရာ နေရာတခုဖြစ်လာပါတယ်။ စိတ်ကျန်းမာရေးအတွက် အခြေခံကျတဲ့အချက် နှစ်ခုက စိတ်ကိုအနားပေးပါ။ စိတ်ကို အာဟာရဖြည့်တင်းပါ။ 

ကိုယ်ကျန်းမာရေး 
ကိုယ်ကျန်းမာရေးအတွက် အစားအသောက်၊အနေအထိုင်က အရေးကြီးပါတယ်။ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားနေ့စဉ်လုပ်ဆောင်ပါ။ လေ့ကျင့်ခန်းက စိတ်ရော၊ကိုယ်ပါ နုပျိုလန်းဆန်းစေတယ်။  လှုပ်ရှားတဲ့အရာမှန်သမျှ ကျန်းမာရေးအတွက် ကောင်းတယ်။ လေ့ကျင့်ခန်းအတွက် အလွယ်ဆုံးနည်းက လမ်းလျှောက်ခြင်း ဖြစ်ပါတယ်။ နေ့စဉ် နာရီဝက်အနည်းဆုံး လျှောက်ဖို့လိုအပ်ပါတယ်။ လမ်းလျှောက်ခြင်းအပြင် မိမိဝါသနာပါရာ အားကစားတွေကို လုပ်ပေးသင့်တယ်။ ရေကူး၊ကြက်တောင်၊gymကစားတာတွေဟာ ကျန်းမာရေးအတွက် ကောင်းတဲ့အလေ့အကျင့်ကောင်းတွေ ဖြစ်ပါတယ်။ ကျန်းမာရေးဆိုတာ အသက်ကြီးကြီးငယ်ငယ် လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ကျန်မာစေဖို့ အရေးကြီးတဲ့အချက်တခုက အစားအသောက် ဖြစ်ပါတယ်။အဝလွန်သူပေါများနေတဲ့ ဒီနေ့ခေတ်မှာ အဆီစားခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်သင့်တယ်။ အဆီအဆိမ့်နေရာမှာ ဟင်းသီးဟင်းရွက်၊သစ်သီးဝလံ စားတဲ့အလေ့အကျင့်မျိုး ပြောင်းလဲလုပ်ဆောင်ကြည့်ပါ။ အဝလွန်ခြင်းသာမက နှလုံး၊သွေးတိုး၊ဆီးချိုစတဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးတယ်။ နှစ်သစ်မှာ မိမိကျန်းမာရေးအတွက် ကောင်းကျိုးမပေးတဲ့ ဆေးလိပ်၊အရက်၊ကွမ်းယာစတဲ့ အကျင့်ဆိုးတွေကို စဖြတ်ကြည့်ပါ။ လေ့လာတွေ့ရှိချက်တွေအရ ဆေးလိပ်၊အရက်ဖြတ်ဖို့ဆိုတာ အခက်ခဲဆုံးအလုပ်တွေထဲမှာ တခုအပါအဝင်ပါတဲ့။ ဒါ့ကြောင့် နှစ်သစ်မှာ အခက်ခဲဆုံးအလုပ်တခု အောင်မြင်အောင် စတင်လုပ်ဆောင်ကြည့်ပါ။ အကယ်၍ အောင်မြင်ပြီဆိုရင် ကျန်းမာရေးအတွက်သာမက နှစ်သစ်အတွက်ပါ မင်္ဂလာတပါး ဖြစ်လာပါလိမ့်မယ်။ 

ဆောင်ပုဒ်ကလေး လက်ဆောင်ပေးချင်
၂၀၁၄ နှစ်သစ်အတွက် လိုက်နာစေချင်တဲ့ ကျန်းမာရေးဆောင်ပုဒ်က "စိတ်ကျန်းမာရေး အနားပေး၊ကိုယ်ကျန်းမာရေး လှုပ်ရှားပေး" ဖြစ်ပါတယ်။ကျန်းမာရေးအတွက် အကျိုးပြုမယ့် အမူအကျင့်တွေကို တနှစ်ပတ်လုံး လိုက်နာနိုင်အောင် ကြိုးစားကြည့်ပါ။ ဆောင်ရန်၊ရှောင်ရန်ဖော်ပြပေးပြီးဖြစ်လို့ နှစ်သစ်အတွက် ဆုမွန်ကောင်းတောင်းပါရစေ။ နှစ်သစ်မှာ နိုင်ငံသူ၊နိုင်ငံသားအားလုံး ပိုမိုကျန်းမာ၍ ပိုမိုပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။


ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၃၀.၁၂.၁၃)

No comments:

Post a Comment