Thursday, January 31, 2013

ဂျပန်တွေစခဲ့တဲ့ ဦးနှောက်ရောင်ခြင်း

ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးအကြောင်း မေးတတ်ကြတဲ့ လူနာတွေရှိတာကြောင့် Japanese encephalitis အကြောင်း ဖော်ပြပေးပါမယ်။

                             

ကာကွယ်ဆေးအကြောင်းမပြောခင် ဂျပန်ဦးနှောက်ရောင်ခြင်း အကြောင်းကို စတင်ပြောပါမယ်။

 ဂျပန်ဦးနှောက်ရောင် ရောဂါဟာ Japanese encephalitis virus တမျိုးကြောင့် ဖြစ်ပါတယ်။ဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ flavivirus မျိုးနွယ်စု ဗိုင်းရပ်စ်ထဲမှာ ပါဝင်ပါတယ်။single-stranded RNA ဗိုင်းရပ်စ်မျိုးဖြစ်ပါတယ်။ အာရှဒေသတွေ(အထူးသဖြင့် အာရှအရှေ့စွန်းဒေသ၊အရှေ့တောင်အာရှ နဲ့ အနောက်ပိုင်း ပစိဖိတ်ဒေသတွေ)မှာ အဓိကတွေ့ရပါတယ်။ကမ္ဘာတဝှမ်း တနှစ်ကို လူသုံးသောင်းမှ ငါးသောင်းထိ ကူးစက်ခံရပြီး သေနှုန်းက ၁၀မှ ၂၀ ရာခိုင်နှုန်းလောက်
ရှိပါတယ်။အရင်ခေတ်တွေက သေနှုန်းပိုမိုမြင့်မားကြတယ်။မြို့ထက် ရွံ့နွံထူထပ်တဲ့ တောမှာ ပိုမိုအဖြစ်များတယ်။ငှက်၊ဝက်စတဲ့ တိရိစ္ဆာန်တွေက ရောဂါပိုးသယ်ဆောင်ကြတယ်။ရောဂါပိုးသယ်ဆောင်တဲ့ တိရိစ္ဆာန်တွေကို culex မျိုးနွယ်စု ခြင်ကိုက်ခြင်းကြောင့် ရောဂါပိုး ပျံ့နှံ့စေတယ်။ကူးစက်ခံရတဲ့ခြင်က လူတွေကို ကိုက်တဲ့အခါ ရောဂါပိုးက လူတွေဆီပျံ့နှံ့စေပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ လူ လူချင်းမကူးစက်တတ်လို့ သီးသန့်ခွဲနေတာမျိုးလုပ်ဖို့ မလိုအပ်ပါဘူး။တောနယ်မှာရှိတဲ့ စပါးခင်းတွေ၊ဝက်ခြံတွေဟာ ခြင်ပေါက်ဖွားလွယ်တဲ့ နေရာတွေဖြစ်တာကြောင့် အဖြစ်များကြတယ်။ဒီလိုဒေသတွေမှာ ကလေးငယ်တွေဦးနှောက်ရောင်ခြင်းရဲ့ အကြောင်းရင်းဟာ ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်စ်ပိုးကြောင့်လို့ ဆိုပါတယ်။ 

၁၈၇၀ ခန့်က ဂျပန်နိုင်ငံမှာ စတင်တွေ့ရှိခဲ့လို့ Japanese encephalitis ဂျပန်ဦးနှောက်ရောင် ရောဂါလို့ ခေါ်တွင်ခဲ့ပါတယ်။အာရှဒေသတွေမှာ အတွေ့များပေမယ့် အနောက်တိုင်းဥရောပ၊အမေရိကားတို့မှာ မရှိသလောက်ရှားတယ်။ အာရှဒေသတွေမှာ ဖွံ့ဖြိုးပြီးနိုင်ငံ(ဂျပန်၊တရုတ်၊ကိုရီးယား)တွေမှာ ကာကွယ်ဆေးတွေကြောင့် မရှိသလောက်ရှားပါးပြီး ထိန်းချုပ်ထားနိုင်တယ်လို့ဆိုတယ်။ 
၂၀၁၀ သတင်းတပုဒ်အရ အိမ်နီးချင်း ထိုင်းနိုင်ငံမှာကို ကောင်းကောင်းထိန်းချုပ်နိုင်ပြီလို့ သိရပါတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ ယခုထက်တိုင် အဖြစ်များဆဲရောဂါတစ်မျိုးဖြစ်ပါတယ်။ချမ်းသာသူ အများစုနေထိုင်တဲ့ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာတော့ မရှိသလောက်ရှားပါးသွားပြီလို့ ဆိုပါတယ်။ ဒါ့ကြောင့် ချမ်းသာတဲ့ နေရာဒေသတွေမှာ အဖြစ်နည်းတယ်လို့ယေဘုယျ ကောက်ချက်ဆွဲနိုင်ပါတယ်။ 
လက်ရှိ အာဆီယံဒေသအများစုဟာ ဂျပန်ဦးနှောက်ရောင် အဖြစ်များဆုံးဒေသတွေဖြစ်တာကြောင့် နောက်ပိုင်း အာဆီယံဦးနှောက်ရောင် ရောဂါလို့ ပြောင်းလဲခေါ်ဝေါ်ရမယ့်ပုံ ရှိနေပါတယ်။မြန်မာနိုင်ငံမှာ မိုးများ၊ရွှံ့ထူ၊ခြင်ပေါက်ဖွားနိုင်တဲ့ မေလမှ အောက်တိုဘာလထိ အတွေ့များကြတယ်။ တချို့နိုင်ငံတွေမှာ တနှစ်ပတ်လုံးဖြစ်ကြတယ်။အမှောင်ကြိုက်တဲ့ culex ခြင်ကြောင့် ကလေးငယ်တွေ မှောင်ရီပျိုးစအချိန်မှ မနက်ဝေလီဝေလင်းချိန်ထိ ခြင်မကိုက်အောင် သတိထားသင့်တယ်။ 
အသက်၁၅နှစ်အောက် ကလေးငယ်တွေမှာ အများအားဖြင့် ရောဂါလက္ခဏာပြသကြတယ်။
အသက်ကြီးသူတွေဟာ ရောဂါလက္ခဏာမပြသပဲ သူ့ဘာသာပြန်ကောင်းသွားတယ်။လူအယောက် သုံးရာမှာ တယောက်သာ ဖြစ်ပေါ်တတ်တယ်။အသက်ငယ်လေ ရောဂါပိုပြင်းလေဖြစ်လို့ မိဘများအထူးသတိထားသင့်တယ်။

 ခြင်ကိုက်ခံရပြီး ၅-၁၅ရက်အတွင်း ရောဂါလက္ခဏာ စတင်ပြသတယ်။ ငွေ့ငွေ့ဖျားတာ၊ အပြင်းဖျားတာ နှစ်မျိုးလုံးဖြစ်နိုင်တယ်။မခံမရပ်နိုင်ခေါင်းကိုက်တာ၊ ဂုတ်ကြောတင်းတာ၊ပျို့တာ၊အန်တာ ရှိမယ်။ကိုယ်တခြမ်းအကြောသေတာ၊လမ်းလျောက်ပုံမမှန်တာ၊စကားပြောပုံမမှန်တာ ဖြစ်နိုင်တယ်။ ကလေးသိပ်ငယ်ရင် ငယ်ထိပ်ဖောင်းတာ၊ ဇက်ခိုင်တာ၊တက်တာ မျိုးတွေဖြစ်တတ်တယ်။ရောဂါလက္ခဏာခံစားရသူရဲ့ ၃၀ရာခိုင်နှုန်းက ဦးနှောက်ထိခိုက်ပြီး ရာသက်ပန်အကြောသေတာ၊စကားပြောပုံမမှန်တာမျိုးတွေ ဖြစ်တတ်ကြတယ်။ ရောဂါပိုးသယ်ဆောင်တဲ့ တိရိစ္ဆာန်တွေမှာတော့ မြုံတာ၊ကိုယ်ဝန်ပျက်ကျတာမျိုးတွေ ဖြစ်တတ်ကြတယ်။

 ဂျပန်ဦးနှောက်ရောင်ရောဂါဟုတ်မဟုတ်သိဖို့ သွေးဖောက်စစ်၊ ခါးရိုးဆစ်ရည်ဖောက်စစ်ပြီးသိရှိနိုင်တယ်။ အရည်ထဲမှာ အန်တီဘော်ဒီ JEV specific Ig-M စစ်ဆေးပြီး သိရှိရတယ်။
ခါးရိုးဆစ်ရည်ထဲမှာ ကူးစက်ခံရပြီး အနည်းဆုံး ၄ရက်နေမှ သိရှိရတယ်။ သွေးရည်ကြည်ထဲမှာ အနည်းဆုံး တပတ်နေမှ တွေ့ရှိရတယ်။ 

ရောဂါသေချာပြီဆိုတာနဲ့ ကုသဖို့လိုပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာတွေဟာ ထိရောက်တဲ့ဗိုင်းရပ်စ်သတ်ဆေးတွေ မရှိတာကြောင့် ဖြစ်တဲ့လက္ခဏာကိုသာ သက်သာအောင်ကုသရတယ်။ ဒါ့ကြောင့် ဗိုင်းရပ်စ်ရောဂါတွေမှန်သမျှ ကာကွယ်ဖို့သာ အလေးထားပြောဆိုကြတယ်။ ဒီအချက်တွေကြောင့် ဆရာဝန်၊ဆရာမတွေဟာ ကလေးငယ်တွေ ကာကွယ်ဆေးထိုးဖို့  သတိပေးနှိုးဆော်ကြတယ်။ riskရှိတဲ့ ၊ခေတ်မှီဖွံ့ဖြိုးတိုးတက်ချင်တဲ့နိုင်ငံတွေမှာ ကျန်းမာရေးရှုထောင့်အရကို ကာကွယ်ဆေးကို အလေးထားအားကိုးရတယ်။ ဆရာဝန်တွေ သက်သာသလို လူနာအတွက်လည်းကောင်းကျိုးရှိလို့ လာမေးတဲ့အခါ ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းရတယ်။ မိုးရာသီတွေမှာ အဖြစ်များပေမယ့် ကျန်တဲ့ရာသီတွေမှာလည်း ဖြစ်တတ်ပြန်တယ်။ ရာသီမဟုတ်ဘဲ ကူးစက်တာမျိုးတွေမှာ ကလေးအထူးကုတွေဟာ ပိုမိုကျွမ်းကျင်ကြတယ်။ အဖြစ်များပြီဆိုရင် ထိုးဖို့သူတို့က တိုက်တွန်းတတ်ကြတယ်။ 

ဆေးအမျိုးစားပေါ်မူတည်ပြီး ထိုးရတဲ့ရက်တွေမတူညီကြဘူး။ပိုးကိုထိန်းချုပ်ထားတဲ့ inactivated vaccine ကို အသုံးများကြတယ်။
vero cellကထုတ်ထားတာကို အတိုကောက် JE-VC လို့ခေါ်ပါတယ်။၂၀၀၉ ခုနှစ်မေလမှာအမေရိကား FDA က Ixiaro အမည်ရတဲ့ JE-VC ကို တရားဝင်အသိမှတ်ပြုပေးခဲ့တယ်။Japanese encephalitis အဖြစ်များတဲ့ဒေသ ခရီးသွားချင်သူတွေ၊ အသက် ၁၇ နှစ်ပြည့်ပြီးတဲ့ riskများတဲ့ဒေသခံတွေကို ထိုးပေးနိုင်တယ်။ကလေးငယ်တွေ ထိုးမပေးရဘူး။ လက်မောင်းမှာ အသားဆေးထိုးပေးရတယ်။ တစ်ကြိမ်နဲ့ တစ်ကြိမ် ၂၈ ရက်ခြားပြီး စုစုပေါင်း နှစ်ကြိမ်ထိုးပေးရတယ်။ အကောင်းဆုံးက ခရီးမသွားခင် ၁လ အလိုမှာ အပြီးထိုးထားရင် ပိုအဆင်ပြေတယ်။
ကလေးငယ်တွေထိုးပေးရတဲ့ဆေးကို ကြွက်ကနေထုတ်ယူထားပြီးJE-MB vaccine လို့ခေါ်ပါတယ်။အနည်းဆုံး အသက်တစ်နှစ်ကျော်မှ ထိုးပေးရတယ်။ အရေပြားအောက် အဆီလွှာထဲကို စုစုပေါင်း နှစ်ကြိမ်ထိုးပေးရတယ်။တခါ နဲ့တခါ ၄ပတ်ခြားပြီး ထိုးပေးရတယ်။အရင်က ဒီအမျိုးစားကို ခရီးသွားတွေအတွက်ပါ ထိုးပေးခဲ့ဖူးတယ်။အရေပြားအောက်ကို စုစုပေါင်းသုံးကြိမ်၊၀-၇-၂၈ ရက်မြောက်တွေမှာထိုးရတယ်။၁-၂နှစ်ကလေးငယ်ကို 0.5 ml ထိုးပြီး၊ ၂နှစ်ကျော်ရင် 1ml ထိုးပေးရတယ်။ 
live-attenuated vaccineဆိုတာလဲရှိပါသေးတယ်။ တနှစ်အထက်ကလေးငယ်တွေကို ပေးရတယ်။သုံးလခြားပြီး စုစုပေါင်း နှစ်ကြိမ်ကို အရေပြားအောက် အဆီလွာထဲ ထိုးထဲ့ရတယ်။ကိုယ်ဝန်ဆောင်တွေ သိပ်လိုအပ်ရင်ပေးနိုင်ပါတယ်။ ဒီရောဂါဟာ အချင်းကတဆင့် ကလေးကိုကူးစက်တတ်လို့ပါ။အကောင်းဆုံးကာထိုးသင့်၊မသင့် ဆရာဝန်နဲ့ တိုင်ပင်ပါ။ခြင်ကိုက်မခံရအောင် အထူးသတိထားပါ။ရောဂါကာကွယ်ခြင်းဟာ လူနာအတွက်သာမက ဖွံ့ဖြိုးဖို့ ကြိုးစားဆဲနိုင်ငံအတွက်ပါ အကုန်အကျသက်သာပြီး အကျိုးရှိစေလို့ ထိုးသင့်ပါတယ်လို့ အကြံပြုပါတယ်။

ဒေါက်တာ အေးမင်းထူး
Health Care Journal(1.2.13)

No comments:

Post a Comment