Wednesday, January 30, 2013

သိုင်းရွိုက်နဲ့ လည်ပင်း ရှင်းလင်းကြစေဖို့

 တလောက ဆေးခန်းကို လည်ပင်းကြီးလို့ လာပြတာပါဆိုပြီး တိုင်းရင်းသူလေး နှစ်ယောက်လာပြပါတယ်။သေချာစစ်ကြည့်တော့ လည်ပင်းကြီးတာမဟုတ်ပဲ အာသီးရောင်တာဖြစ်နေပါတယ်။လည်ပင်းကြီးတယ်ဆိုတဲ့ ဝေါဟာရ က မြန်မာတွေနဲ့ မစိမ်းလှပါဘူး။အရင်ခေတ်တွေက လည်ပင်းကြီးရောဂါ ကာကွယ်ဖို့ အိုင်အိုဒင်းဆား သုံးစွဲဖို့ တိုက်တွန်းနှိုးဆော်ထားတာတွေ အများကြီးတွေ့ရပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးငယ်တွေ ကြီးထွားဖို့ ဥာဏ်ရည်ကောင်းစေဖို့ အဓိကထားခဲ့ကြပါတယ်။ လည်ပင်းကြီးတာကို အင်္ဂလိပ်လို goitre လို့ ခေါ်ပါတယ်။ မြန်မာစကားကို မြန်မာတွေကောင်းကောင်း နားလည်ဖို့ ၊ ရှင်းလင်းဖို့က ဆရာဝန်တွေမှာလည်း တာဝန်ရှိပါတယ်။အထူးသဖြင့် ဆေးပညာစကား ရှင်းလင်းပြောကြားရာမှာ အရေးပါသလို
အခန့်မသင့်ရင် အဓိပ္ပါယ်တွေ အများကြီး ကွဲသွားစေပါတယ်။ လူမျိုးခြားတွေနဲ့ပြောတဲ့အခါ တော်တော်သတိထားနိုင်မှ တော်ကာကြပါတယ်။ ဘာသာစကားကောင်းကောင်းမတတ်တဲ့အခါ ဆရာဝန်မှာတာတမျိုး၊ ရောဂါအမည်တပ်တာတမျိုး ဖြစ်တတ်ပါတယ်။ တခါတရံ မြန်မာစကားကို မြန်မာလိုနားလည်အောင် ကျင့်ကြံရပါတယ်။ တချို့က အားသီးရောင်လာ ကြီးလာပြီး ဆရာဝန်က ခွဲစိတ်ရမယ် ပြောထားတာကို အလွယ်တကူမှတ်လိုက်တာက လည်ပင်းကြီးလို့ခွဲရမယ်ဆိုတာမျိုး။ မခွဲချင်လို့ နောက်ဆရာပြောင်းပြတော့ အလွယ်တကူပဲ လည်ပင်းကြီးလို့ လာပြတယ်လို့ ဆိုချင်တယ်။ ဆရာဝန်တွေ အလွယ်တကူနားလည်လိုက်တာက လည်ပင်းကြီးရင် သိုင်းရွိုက်ဂလင်းမှာ မူမမှန်တာ တခုခုဖြစ်လို့ ။ အာသီးဆိုတာ လည်ပင်းထဲမှာရှိပေမယ့် လည်ပင်းကိုတော့ မကြီးစေနိုင်ပါဘူး။ အာသီးဟာ အာခေါင်မှာရှိတဲ့အတွက် တကယ်လို့ကြီးရင်တောင် အစားသောက်ခက်တာ၊ အသက်ရှုခက်တာမျိုးသာဖြစ်တတ်ပါတယ်။ လည်ပင်ကြီးလာရင် ပထမဆုံးစဉ်းစားကြတာက သိုင်းရွိုက်မှာ ပြဿနာရှိလား ဆိုတာကို အဓိကထားပါတယ်။သိုင်းရွိုက်ဟော်မုန်းများလို့(သို့) ချို့တဲ့လို့  လည်ပင်းကြီးစေနိုင်ပါတယ်။ မျိုးရိုး၊ အစားအသောက်၊ ဆေးဝါး၊စိတ်ဖိစီးမှု၊ကလေးမွေးပြီးကာစ အခြေအနေ၊လည်ပင်းထိခိုက်ဒဏ်ရာရှိမရှိ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းဟာ လူခန္ဓာကိုယ်မှာ မရှိမဖြစ် အရေးပါပါတယ်။ ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုနှုန်းကို ထိန်းချုပ်ပေးရတယ်။သိုင်းရွိုက်ဂလင်းဆိုတာ လည်ပင်းရှေ့ဖက် အလယ်လောက်မှာတည်ရှိပါတယ်။အလွယ်ပြောရရင် သိုင်းရွိုက်ဂလင်းမှ Thyroxineဆိုတဲ့ သိုင်းရွိုက်ဟော်မုန်းတွေ ကို ထုတ်လုပ်ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်းထွက်စေဖို့ ပစ်ကျူထရီဂလင်းမှ TSH ခေါ်တဲ့ လှုံ့ဆော်ဟော်မုန်းတမျိုး ထုတ်ပေးရပါတယ်။TSH ထွက်ပေါ်လာအောင် ဦးနှောက်အခြေမှာရှိတဲ့ ဟိုက်ပိုသားလမက်စ်(hypothalamus)က ထွက်တဲ့ TRH ဟော်မုန်းက လှုံ့ဆော်ပေးရပြန်ပါတယ်။ ဒီလိုအဆင့်ဆင့် လှုံ့ဆော်မှုမှတဆင့် သိုင်းရွိုက်ဟော်မုန်းက ထွက်ပေါ်လာပါတယ်။ သိုင်းရွိုက်ဟော်မုန်းများစေတဲ့ အခြေခံအကြောင်းရင်းများစွာ ရှိပါတယ်။ Grave's disease၊adenoma၊ ဆေးဝါး၊ဗိုင်းရပ်စ်၊ ကင်ဆာတွေကြောင့် သိုင်းရွိုက်ရောင်တာ၊ကလေးမွေးဖွားပြီး အခြေအနေ၊စိတ်ဖိစီးမှု၊စတာတွေကြောင့် ဖြစ်တတ်ပါတယ်။သိုင်းရွိုက်ဟော်မုန်းများလာတဲ့အခါ လူကိုဒုက္ခပေးလို့ thyrotoxicosis လို့ ခေါ်ပါတယ်။အမေရိကားမှာ လူတစ်ထောင်မှာ လေးယောက်ဟာ သိုင်းရွိုက်ဟော်မုန်းများတဲ့ လက္ခဏာတွေ ရှိတယ်ဆိုပါတယ်။ အမျိုးသမီးတွေမှာ သိသိသာသာ အဖြစ်များတယ်။အချိုးချကြည့်ရင် အမျိုးသမီး ၉ယောက်ဖြစ်မှ အမျိုးသား တစ်ယောက်နှုန်းသာ ဖြစ်တာ တွေ့ရတယ်။ရောဂါဖြစ်သူရဲ့ ၇၀ ရာခိုင်နှုန်းလောက်က Grave's disease ကြောင့် ဖြစ်တာ တွေ့ရပါတယ်။immune ခုခံအားစနစ်ပုံမှန်မဟုတ်ပဲ အချင်းချင်းပြန်တိုက်ခိုက်လို့ ဖြစ်တဲ့အတွက် auto-immune disease လို့ခေါ်ပါတယ်။အသက် ၂၀ နဲ့ ၅၀ကြား အရွယ်တွေမှာ အဓိက တွေ့ရတယ်။
            
             Thyrotoxicosis မှာ  ထူးခြားတဲ့ လက္ခဏာရပ်တွေ ရှိပါတယ်။အစားသောက်ပိုစားနိုင်ပေမယ့် ဝမလာပဲ ပိန်ချုံးလာတာ၊အပူဒဏ် ခံစားလွယ်တာ၊ချွေးတွေအလွန်အမင်းထွက်တာ၊ မဖျားပဲ ခန္ဓာကိုယ်ကပူနေတာ၊ စိတ်လှုပ်ရှားလွယ်လာတာ၊ခြေလက်တုန်ပြီး ရင်တုန်တာ၊အရင်ကထက် ဝမ်းပိုသွားတာ၊ အားအင်ကုန်ခန်းသလို ခံစားရတာ၊လိင်စိတ်ကျဆင်းတာ၊ရာသီသွေးထိန်တာ၊ကမောက်ကမ ဖြစ်လာတာတွေ ခံစားရတတ်ပါတယ်။ ဆံပင်တဖြည်းဖြည်းကျွတ်ပြီး ဟိုနားဒီနားက ယားလာတတ်ပါတယ်။စမ်းသပ်ကြည့်တဲ့အခါ လက်ဖဝါးနီရဲနေတာ၊နှလုံးခုန်ပုံမမှန် မြန်နေတာတွေ တွေ့ရင် သိုင်းရွိုက်ကိုမေ့လို့မရပါဘူး။ ဒီလက္ခဏာရပ်တွေကို အမှုအမှတ်မဲ့နေမိရင် thyroid crisis ခေါ်တဲ့ အရေးပေါ်ဆေးရုံတက်ကုသခံရတဲ့ အခြေနေမျိုးကြုံရတတ်ပါတယ်။ ဆေးမကုသရင် အသက်ဆုံးရှုံးသည်အထိ ဒုက္ခပေးတတ်ပါတယ်။ ရုတ်တရက် အပြင်းဖျားလာတာ၊နှလုံးခုန် အရမ်းမြန်လာတာ၊ဝမ်းလျောပြီး အန်တာ၊တက်တာ၊သတိလစ်ပြီး စောစောမကုသနိုင်ရင် အသက်ဆုံးရှုံးသည်ထိ ဖြစ်တတ်ပါတယ်။ ဒီလို လက္ခဏာတွေကို ကြိုတင်သတိထားဖို့ အရေးကြီးပါတယ်။ မသေချာရင် ဆရာဝန်နဲ့ ပြသပြီး စမ်းသပ်စစ်ဆေးဖို့ အထူးလိုအပ်ပါတယ်။ သိုင်းရွိုက်များတဲ့လက္ခဏာတွေအပြင် Grave's disease ရဲ့ သီးခြားလက္ခဏာရပ်တွေ ရှိပါသေးတယ်။မျက်လုံးပြူးထွက်နေတာ၊ ရောင်တာ၊အမြင်ဝေဝါးတာ၊လည်ပင်းတခုလုံးရောင်နေတာ၊အသည်းကြီးတာ၊ တခါတရံ ယာယီအကြောသေသလိုမျိုးခံစားရတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုတွေခံစားရပြီဆိုရင် သေချာအောင် သွေးစစ်၊ ဓာတ်မှန်ရိုက်တာမျိုး လုပ်ရတတ်ပါတယ်။ သိပ်မကွဲပြားသေးရင် CT လို၊ MRI လို အကြီးစား ဓာတ်မှန်တွေ ရိုက်ဖို့ လိုတတ်ပါတယ်။ ရောဂါသေချာပြီဆိုရင် ကုသမှုတွေ လုပ်ဖို့ စတင်လိုအပ်လာပါပြီ။ရောဂါကုသတဲ့အခါ အခြေနေနှစ်ရပ်ကို ကုသရပါတယ်။
၁။ရောဂါလက္ခဏာ သက်သာစေဖို့အတွက်အပြင်
၂။များနေတဲ့ ဟော်မုန်းတွေကို လျှော့ချနိုင်စေဖို့ အတွက်ပါ ဆေးကုသဖို့ လိုအပ်ပါတယ်။ခံစားရတဲ့ ရောဂါဝေဒနာသက်သာစေဖို့ beta-blocker သောက်ဆေးတွေကို အများအားဖြင့် အသုံးပြုကြပြီး ရေတိုသောက်သုံးဖို့သာ လိုအပ်ပါတယ်။ ဆေးမတဲ့သူ၊မခံနိုင်သူတွေအတွက်တော့ calcium channel blocker လိုဆေးမျိုးကိုပြောင်းလဲ သုံးစွဲစေပါတယ်။ များနေတဲ့ဟော်မုန်းကို လျှော့ချဖို့ဆိုရင် သောက်ဆေးနဲ့ကုဖို့လိုနိုင်သလို သိုင်းရွိုက်ဂလင်းကို ခွဲစိတ်ဖြတ်တောက်ရတာမျိုးလည်း ရှိနိုင်ပါတယ်။ သောက်ဆေးထဲမှာ သိုင်းရွိုက်ဂလင်းကို ဖျက်ဆီးပစ်တဲ့ radioactive iodine ဆိုတာ ရှိပါတယ်။ဟော်မုန်းထွက်စေတဲ့ ဂလင်းကိုဖျက်ဆီးပစ်တာကြောင့် ဟော်မုန်းlevel ကျသွားစေပြီး လက္ခဏာရပ်တွေ သက်သာစေပါတယ်။သိုင်းရွိုက်ကင်ဆာမှာလည်း အသုံးပြုနိုင်ပါတယ်။သို့သော်ကိုယ်ဝန်ဆောင်မိခင်တွေ၊နို့တိုက်မိခင်တွေကိုတော့ မပေးသင့်ပါ။ အဖုကျိတ်တွေနဲ့ လည်ပင်းကြီးရောဂါဖြစ်သူတွေ၊ဆယ်ကျော်သက်အရွယ်ဖြစ်သူတွေမှာ အဓိကထား ပေးပါတယ်။လိုအပ်ရင် ဒုတိယတစ်ကြိမ် ဆေးသောက်ဖို့ လိုနိုင်ပါတယ်။တစ်ပတ်ခန့် တော့ သီးခြားနေသင့်တယ်။ဆေးသောက်ပြီး ၃ လခန့်နေမှ အကျိုးအာနိသင်စပြပါတယ်။ ဆေးရဲ့effect မပြခင် လက္ခဏာသက်သာအောင် တခြားသောက်ဆေးတမျိုး လိုကောင်းလိုနိုင်ပါတယ်။သိုင်းရွိုက်ဂလင်းကို ဖျက်ဆီးတာဖြစ်တဲ့အတွက် နောက်ဆက်တွဲ သိုင်းရွိုက်ဟော်မုန်းနည်းတတ်တာကြောင့် တလျောက်လုံး သိုင်းရွိုက်ဟော်မုန်းပြန်ဖြည့်ဆေးတွေ သောက်ရတတ်ပါတယ်။ ဆရာဝန်နဲ့ မကြာခဏပြန်ပြဖို့လည်း လိုအပ်ပါတယ်။ လက်ရှိမှာ thyrotoxicosis အတွက် အသုံးများဆုံးက thiourea(carbimazole,methimazole, propylthiouracil)ဆေးတွေ ဖြစ်ကြတယ်။ ဆေးသောက်တဲ့အခါ ဆရာဝန်နဲ့သေချာပြသပြီး ဆေးပမာဏကို လိုတိုး၊ ပိုလျှော့လုပ်ရတယ်။သိုင်းရွိုက်ရောဂါသည်ဆိုတာမျိုးက သွေးစစ်တာ ပျင်းလို့မရတဲ့ ရောဂါထဲမှာပါပါတယ်။ဒီလိုရောဂါမျိုးမှာ အထူးကုရဲ့ အကူအညီ၊ဆုံးဖြတ်ချက်၊ အတွေ့ကြုံက လိုလာတယ်။ ဆေးစသောက်ပြီဆိုတာနဲ့ ဆေးပမာဏကို ပုံမှန်ထက်များပြီး ပေးရပါတယ်။ သွေးအဖြေကိုအမြဲပြန်ကြည့်နေပြီး ဟော်မုန်းပမာဏပုံမှန်ရောက်သည်ထိ အကဲခတ်နေရပါတယ်။ လိုအပ်ရင် တလတစ်ကြိမ် ပုံမှန်သွေးစစ်ရမယ်။သွေးတွင်းဟော်မုန်းဓာတ် ပုံမှန်ရောက်ပြီဆိုမှသာ ဆေးကိုပြန်လျှော့ အခြေနေပြန်ကြည့်ရတယ်။ လိုရင်ထပ်တိုး၊ ပြန်လျှော့ လုပ်ပါတယ်။ ပုံမှန်ပြန်ရောက်ပြီဆိုရင် ဆေးကို နှစ်နှစ်လောက်သောက်ခိုင်းပြီး လိုအပ်ရင်ဖြတ်ပါမယ်။ တချို့က အချိန်အတိုင်းတာ တခုထိသောက်ခိုင်းတယ်။ပြသတဲ့ဆရာဝန်ပေါ် မူတည်ပြီး ဆုံးဖြတ်ချက်တွေ ကွဲပြားပါတယ်။ဟော်မုန်းဆေးတိုင်းဟာ ဘေးထွက်ဆိုးကျိုးများတဲ့အတွက် သတိထားရပါတယ်။ အဖြစ်နည်းပေမယ့် သတိထားရတဲ့ ဘေးထွက်ဆိုးကျိုးက agranulocytosis (သွေးဖြူဥမွှားနည်းခြင်း)ပါ။ရိုးတွင်းခြင်ဆီကို ဒုက္ခပေးတာကြောင့် လည်ချောင်းနာ၊အနီစက်ထွက်လာရင် ပြန်ပြပါလို့ တခါတည်းမှာရတယ်။နောက်ပြဿနာတစ်ခုက ဆေးဖြတ်ပြီးရင် ၁နှစ်၊၂နှစ်အတွင်း အများစုဟာ သိုင်းရွိုက်များတဲ့ လက္ခဏာတွေ ပြန်ပြတတ်ပါတယ်။ ဒီအချက်တွေကြောင့် ဆေးကိုဆက်သောက်ခိုင်းရတတ်ပါတယ်။ မသောက် မကောင်း၊သောက် မကောင်း တဲ့အခြေနေမှာ လူနာပေါ်ကြည့် ဆုံးဖြတ်ရပါတယ်။propylthiouracil ဟာ အသည်းကို ထိခိုက်စေတာမို့ အသည်းရောဂါသည်တွေမှာ သတိထားသုံးစွဲရသလို အခန့်မသင့်ရင် သေဆုံးသည်ထိဖြစ်တတ်ပါတယ်။ ဒီလိုဆေးမျိုးကို ကိုယ်ဝန်ဆောင် ပထမသုံးလမှသာ သုံးစွဲကြပါတယ်။ ကိုယ်ဝန်ဆောင်နောက်ပိုင်းလတွေမှာ methimazoleဆေး ကိုပြောင်းလဲသုံးစွဲတတ်ကြပါတယ်။ သိုင်းရွိုက်ဂလင်းက သိပ်ကြီးလာပြီး အသက်ရှုလမ်းကြောင်းပိတ်ဆို့တဲ့လက္ခဏာတွေရှိရင်တော့ ခွဲစိတ်ကုသဖို့ လိုအပ်လာပါပြီ။အခြားကုသနည်းတွေနဲ့ မသက်သာတဲ့ အခြေနေမှာလည်း နောက်ဆုံးပိတ်သုံးစွဲပါတယ်။များနေ၊ကြီးနေတဲ့ သိုင်းရွိုက်ဂလင်းကို ဖြတ်ထုတ်ပစ်ရတယ်။ ကြီးရင်ကြီးသလောက် ခွဲစိတ်တဲ့ဂလင်းပမာဏ ပိုများပါမယ်။ အားလုံးနီးပါးဆိုရလောက်အောင် subtotal or near-total thyroidectomy လို့ခေါ်ပါတယ်။ ၉၈ ရာခိုင်နှုန်းသက်သာတယ်ဆိုပေမယ့် ခွဲစိတ်မှုရဲ့ဘေးထွက်ဆိုးကျိုးတွေပြင် သိုင်းရွိုက်ဟော်မုန်းကို ပြန်ဖြည့်ဆည်းပေးနိုင်တဲ့ဆေးတွေ ဘဝတလျှောက်လုံး သောက်ရပါတယ်။ ဖြစ်စေတဲ့အကြောင်းခံရောဂါအတွက်ဆေးပေးဖို့ လိုကောင်းလိုပါမယ်။ တခါတရံ အကြောင်းခံမယ်မယ်ရရမရှိရင် သူ့ဘာသာပြန်ကောင်းတာမျိုးရှိပါတယ်။ဆေးကြောင့်ဖြစ်ရင် ဆေးဖြတ်လိုက်တဲ့အခါ ပြန်ကောင်းပါတယ်။ဗိုင်းရပ်စ်ကြောင့် ဖျားတာ၊ရောင်တာမျိုးဟာ သူ့ဘာသာသက်သာသွားတတ်လို့ စိတ်ပူဖို့သိပ်မလိုအပ်ပါ။ ဒါ့ကြောင့် လည်ပင်းကြီးတိုင်း ရောဂါလို့သတ်မှတ်၍ မရပါ။မသေချာရင်ဆရာဝန်နဲ့ပြပါ။ စိတ်ရှည်ရှည်ထားပါ။ ကံကောင်းဖို့ဆိုတာ အလုပ်ကောင်းဖို့လိုအပ်သလို စိတ်ထားကောင်းဖို့လည်း လိုအပ်ပါတယ်။အများစုဟာ ပြန်ကောင်းကြပါတယ်။အထူးသဖြင့် အလှပကြိုက်တဲ့ အမျိုးသမီးတွေပါ။စိတ်မပျက်ပါနဲ့။ဒီလို ဖြစ်လာရင် ဆရာဝန်ပြောတဲ့အတိုင်း လိုအပ်သလို လိုက်နာဆောင်ရွက်ဖို့သာ အဓိကဖြစ်ပါတယ်။  အားလုံး စိတ်ကောင်းနှလုံးကောင်းနဲ့ ကံကောင်းကြပါစေ။

ဒေါက်တာ အေးမင်းထူး
Health care journal(25.1.13)

No comments:

Post a Comment