Monday, December 23, 2013

ဆောင်းရာသီမှာ ဆင်ခြင်စရာ

ရာသီအကူးအပြောင်းတိုင်းမှာ ကျန်းမာရေးအတွက် သတိထား၊ဆင်ခြင်စရာ ပေါများပါတယ်။ ဒီနှစ်မှာ မန္တလေးဆောင်းရာသီက အဝင်နှေးတယ်။ အအေးကြမ်းတယ်။ ရာသီဥတုက ပိုပြင်းလာတယ်။ သိသိသာသာအေးလာတာက ဒီရက်ပိုင်းတွေမှာ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် သတိပြုနေထိုင်စရာတွေလည်း တပုံတပင်နဲ့ပါပဲ။ ဒီတပတ်အတွက် ဆောင်းရာသီမှာ အဖြစ်များတဲ့ရောဂါတွေနဲ့ နေထိုင်ပုံတွေကို ဖော်ပြပေးပါမယ်။

အအေးမိခြင်း
အအေးမိ၊နှာစေးဆိုတာ ဆောင်းရာသီမှာ အဖြစ်များဆုံးပါ။ နှာချေ၊ချောင်းဆိုးခြင်းကတဆင့် ကူးစက်နိုင်တယ်။ ရောဂါရှိသူ ကိုင်တွယ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ ထိတွေ့၊ကိုင်တွယ်ခြင်းမှ ကူးစက်နိုင်တယ်။ အသုံးအဆောင်တွေ မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဉ်သင့်တယ်။ ကာကွယ်ဖို့အတွက် ရေနွေးနဲ့ လက်ဆေးတဲ့အကျင့် လုပ်ပေးသင့်ပါတယ်။ ဆပ်ပြာသုံးပါ။ ရေများများသောက်ပါ။ အေးတာမှန်သမျှ ရှောင်ပြီး ပူတာတွေကိုဆောင်ပါ။ 

တုပ်ကွေးဖြစ်ခြင်း
ဆောင်းရာသီကို တုပ်ကွေးရာသီလို့ ခေါ်နိုင်ပါတယ်။ ချောင်းဆိုးခြင်း၊ဖျားနာခြင်း၊ခေါင်းကိုက်ခြင်း၊ခြေဆစ်လက်ဆစ်ကိုက်ခဲခြင်း စတဲ့လက္ခဏာအများစုဟာ တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ဖြစ်ပါတယ်။ ရာသီပေါ်၊ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ်ဖြစ်လို့ သတိထားသင့်ပါတယ်။ ဗိုင်းရပ်စ်ဖြစ်လို့ ကာကွယ်ဖို့သာ အလေးထားလုပ်ဆောင်ရတယ်။ တုပ်ကွေးအတွက် ကာကွယ်ဆေးတွေ ရှိနေပါပြီ။ တချို့ တုပ်ကွေးကာကွယ်ဆေး ရှိမှန်း မသိကြဘူး။ နှစ်စဉ် အဖြစ်များသူတွေဟာ ကာကွယ်ဆေး ကြိုတင်ထိုးထားသင့်တယ်။ တစ်နှစ်တခါ ထိုးပေးသင့်တယ်။

လည်ချောင်းနာခြင်း
ဆောင်းရာသီမှာ လည်ချောင်းနာရင် ဗိုင်းရပ်စ်ကြောင့် အဖြစ်များပါတယ်။ပတ်ဝန်းကျင်အပူချိန်ပြောင်းလဲလျှော့နည်းခြင်းဟာ လည်ချောင်းကို ဒုက္ခပေးတယ်။လည်ချောင်းနာခြင်းအတွက် လွယ်ကူ၊မြန်ဆန်တဲ့နည်းက ဆားရည်ပလုတ်ကျင်းတာပါ။ ဆေးခန်းလာသူအချို့ကို ဆားရည်ပလုတ်ကျင်းခိုင်းရင် နားမလည်သူတွေ ရှိတယ်။ ရေနွေးကို ဖန်ခွက်တခုထဲထည့်ပါ။ ခွက်ထဲသို့ ဆားလက်ဖက်ရည်ဇွန်း တဝက်ခန့် ထည့်ပြီး ပလုတ်ကျင်းပါ။ တခါကျင်းရင် သုံးမိနစ်ခန့် ကျင်းပေးပါ။ လည်ချောင်း နာတာ၊ အာသီး ရောင်တာတွေကို သက်သာစေပါတယ်။

ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း
ဆောင်းရာသီမှာ ဝမ်းပျက်၊ဝမ်းလျှောခြင်းဟာ Norovirus ခေါ်တဲ့ အစာအိမ်နာ ဗိုင်းရပ်စ်ပိုးတမျိုး ဖြစ်စေပါတယ်။ ဝမ်းလျှောတာ အပြင် ပျို့ချင်၊အန်ချင်၊ဗိုက်နာတာတွေကို ဖြစ်ပေါ်စေတယ်။ အသက်ငယ်ရွယ်သူနဲ့ အသက်ကြီးရင့်သူတွေ အထူးသတိထားရတယ်။ ဗိုင်းရပ်စ်ကြောင့် ဝမ်းလျှောတာဖြစ်လို့ ဓာတ်ဆားရည်ကိုသာ လုံလောက်အောင် သောက်သုံးပေးသင့်တယ်။ ဗီတာမင်စီ၊ဗီတာမင် ဘီနဲ့ ဇင့်ဓာတ်တွေ ပိုမိုလိုအပ်တယ်။ ရောဂါမသက်သာရင်၊ပိုဆိုးလာရင် ဆရာဝန်နဲ့ပြသပါ။

ပန်းနာရင်ကျပ်ထခြင်း
အေးတဲ့လေက ပန်းနာရင်ကျပ်ရောဂါ ပြန်ထလာတတ်တယ်။ အသက်ရှုမဝတာ၊ မောတာ၊အသံမြည်တာ စတဲ့ရောဂါလက္ခဏာတွေ ခံစားရတယ်။ ပန်းနာသမားတွေ အထူးသတိထားသင့်တဲ့ ရာသီဖြစ်ပါတယ်။  ပြင်ပလေက ပန်းနာရင်ကျပ်ကို ပိုဆိုးစေမယ်။ အပြင်ထွက်ရင် လုံလုံခြုံခြုံဝတ်ဆင်ပါ။ နှာခေါင်း၊ပါးစပ်လုံအောင် အုပ်ထားပါ။ ပန်းနာအတွက် ရှူဆေး(သို့)သောက်နေကျဆေး အမြဲဆောင်ထားပါ။ အကောင်းဆုံးက အိမ်ထဲမှာ နေထိုင်ပါ။

ခြေ၊လက် ထုံကျင်ကိုက်ခဲခြင်း
ဆောင်းရာသီမှာ ခြေဖျား၊လက်ဖျား ထုံကျင်ကိုက်ခဲတာမျိုး အဖြစ်များတယ်။ ကြွက်သားတွေ တင်းပြီး နာနေတတ်တယ်။ ကြာလာတာနဲ့အမျှ ထုံကျင်ကိုက်ခဲတာ ပိုလာတယ်။အရေပြား၊အသားအရောင် ဖြူဖျော့နေတတ်တယ်။ သတိထားသင့်သူတွေက လေးဖက်နာရောဂါသည် တွေပါ။ ရောဂါပြန်ထလာတတ်တယ်။ ခြေ၊လက် နွေးထွေးအောင် အပူပေးပါ။ ခြေအိတ်၊လက်အိတ် ဝတ်ဆင်ပါ။ အပေါ့စားလေ့ကျင့်ခန်းလုပ်ဆောင်ပါ။အကိုက်အခဲပျောက်လိမ်းဆေး တမျိုးမျိုး လိမ်းပေးနိုင်တယ်။ ရေချိုးတဲ့အခါ ရေနွေးနဲ့ ချိုးပါ။ 

ပါးစပ်အပူကန်ခြင်း
ဆောင်းတွင်းမှာ ပါးစပ်မှာ အပူကန်တဲ့အနာမျိုး အဖြစ်များတယ်။ စိတ်ဖိစီးမှု၊ဗီတာမင်ချို့တဲ့တာ၊ ဝမ်းချုပ်တာ၊ ခုခံအားယာယီကျဆင်းခြင်းတာတွေကြောင့် ဖြစ်စေတယ်လို့ ယုံကြည်ရတယ်။ အိပ်ရေးဝဝအိပ်ပါ။ ရေများများသောက်ပါ။အမျှင်ဓာတ်ပါတာ များများစားပါ။ ဆားရည်ပလုတ်ကျင်းတာမျိုး လုပ်ပေးသင့်တယ်။ သောက်ဆေး၊လိမ်းဆေးလိုနိုင်တယ်။ အများစုဟာ ၂ပတ်အတွင်းသက်သာကြတယ်။  

နှလုံးအမောဖောက်ခြင်း
အသက်အရွယ်ကြီးရင့်သူတွေ အထူးဂရုစိုက်သင့်တဲ့ ရာသီဖြစ်ပါတယ်။ လေ့လာမှုတွေအရ အေးတဲ့ရာသီတွေမှာ သွေးပေါင်တက်တာ၊နှလုံးရောဂါ အဖြစ်များတာတွေ့ရတယ်။ နှလုံးအမောဖောက်ခြင်း(heart attack)ဆိုတာ ဒီရာသီမှာ အဖြစ်များလို့ အထူးဂရုစိုက်စေချင်တယ်။ ပြောစရာက ရေချိုးဆင်ခြင်ဖို့ပါ။ အိမ်ထဲမှာသာ နွေးနွေးထွေးထွေး နေထိုင်သင့်တယ်။ လိုအပ်ရင် heaterသုံးပါ။ အင်္ကျီ၊စောင်၊ဦးထုပ် လုံခြုံစွာ ဝတ်ဆင်ပါ။ သွေးကျဆေး၊နှလုံးဆေး အမြဲဆောင်ထားပါ။ 

အရေပြားခြောက်သွေ့ခြင်း
ဆောင်းရာသီမှာ အရေပြားခြောက်သွေ့တာ၊အသားပတ်တာ အဖြစ်များတယ်။ပတ်ဝန်းကျင်လေထုမှာ စိုထိုင်းစနည်းတဲ့အခါ ဒီလိုဘဲ ဖြစ်တတ်ပါတယ်။အသားအရေ အတွက် အစိုဓာတ်ထိန်းတဲ့ ပစ္စည်းမျိုးလိုအပ်ပါတယ်။ moisturiser လိမ်းဆေးအသုံးပြုကြတယ်။ လိမ်းဆေးကို ရေချိုးပြီးစနဲ့ ညမအိပ်ခင်အချိန်တွေမှာ လိမ်းပေးသင့်တယ်။ အလှဆီ၊ရှားစောင်းလက်ပတ် အသုံးပြုနိုင်တယ်။

နှာခေါင်းသွေးယိုခြင်း
နှာခေါင်းသွေးယို၊သွေးလျှံတာတွေဟာ ခြောက်သွေ့တဲ့ဒေသ၊အေးတဲ့ရာသီတွေမှာ အဖြစ်များပါတယ်။ ပတ်ဝန်းကျင်လေထုစိုထိုင်းဆနည်းခြင်းအပြင် သွေးကြောတွေအပေါ် သက်ရောက်မှုလည်း တခုအပါအဝင်ပါ။ ဖြစ်လာရင် နှာခေါင်းကို လက်ညှိး၊လက်မသုံးပြီး ညစ်ထားပါ။ ခေါင်းကို အနေတော်မော့ပြီး မျက်နှာကျက်ကြည့်ပါ။ သုံးမိနစ်မှ ငါးမိနစ် ဖိထားပါ။ လိုအပ်ရင် ဆက်ညှစ်ထားပါ။ နှာခေါင်းပေါ် ရေခဲဝတ်၊ရေခဲတုံးသုံးပြီး ကပ်တင်ထားနိုင်တယ်။ အဖြစ်များသူတွေအတွက် ဆားခပ်ထားတဲ့ ရေနွေးငွေ့ရှူပေးနိုင်တယ်။ 

ဆောင်းရာသီအတွက် အသုံးဝင်မယ့် ဆောင်ပုဒ်တခုက "prevention is better than cure" ဖြစ်ပါမယ်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းတယ်။ ဆင်ခြင်တယ်ဆိုတာ ကြိုတင်ကာကွယ်တဲ့သဘော သက်ရောက်ပါတယ်။  ဆောင်းရာသီမှာ အနေအထိုင်ဆင်ခြင်ပြီး ရောဂါတွေကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေ အထူးဂရုစိုက်ပါ။အိပ်ရေးဝဝအိပ်ပါ။ ရေချိုးဆင်ခြင်ပါ။နွေးနွေးထွေးထွေး နေထိုင်ပါ။ အရည်၊စွပ်ပြုတ်များများသောက်ပါ။ ချွေးအလွန်အကျွံထွက်စေနိုင်တဲ့ လေ့ကျင့်ခန်းမျိုး ရှောင်ကြဉ်ပါ။ ဆောင်းရာသီမှာ ရောဂါဘေးဘယာ ကင်းဝေးကြပါစေ။


ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၂၃.၁၂.၁၃)

No comments:

Post a Comment