နှစ်စဉ် ဒီဇင်ဘာလ (၁)ရက်နေ့ဟာ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ ဖြစ်ပါတယ်။ အဆိုပါနေ့မှာ နိုင်ငံအသီးသီး အေအိုင်ဒီအက်စ်ရောဂါအကြောင်း အသိပညာပေးပွဲတွေ ပြုလုပ်ကြတယ်။ အေအိုင်ဒီအက်စ်ရောဂါဟာ ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ ရောဂါဆိုးတခုဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ ၃၂ နှစ်တာ ကာလအတွင်း လူပေါင်း ၃၅.၃ သန်းကျော်ဟာ ဒီရောဂါနဲ့ သေဆုံးခဲ့ကြပါတယ်။ နှစ်စဉ် လူနှစ်သန်းနီးပါး ရောဂါကူးစက်ခံနေရပြီး အဲဒီထဲက (၁၀) ရာခိုင်နှုန်းဟာ ကလေးသူငယ်တွေ ဖြစ်ပါတယ်။ အများစုဟာ တောင် အာဖရိကဒေသမှာ နေထိုင်သူတွေ ဖြစ်ကြပါတယ်။
AIDSဆိုတာ HIVဗိုင်းရပ်စ်ဝင်ရောက်ရာကဖြစ်တဲ့ ရောဂါလက္ခဏာတခုဖြစ်ပါတယ်။ မူရင်းဇာတ်မြစ်က အာဖရိကချင်ပန်ဇီမျောက်တွေ ဖြစ်ပါတယ်။ ချင်ပန်ဇီမျောက်တွေမှာဖြစ်တဲ့ simian immunodeficiency virus(SIV)တွေကနေတဆင့် လူတွေမှာကူးစက်တဲ့အခါ HIV ဗိုင်းရပ်စ်အဖြစ် အသွင်ပြောင်းလာတယ်။ ၁၉၈၁ ခုနှစ် ရောက်မှသာ အမေရိကန်နိုင်ငံမှာ HIV ဗိုင်းရပ်စ်ကို စတင်သတိထားမိခဲ့တယ်။ နောက်ပိုင်းလေ့လာမှုတွေအရ ၁၈ ရာစုနှောင်းပိုင်းကတည်းက HIV ပိုး ရှိခဲ့တယ်လို့ ယူဆခဲ့ကြတယ်။
HIV ဗိုငိးရပ်စ်ပိုး နှစ်မျိုးရှိတဲ့အနက် HIV -1 အမျုးအစားက တကမ္ဘာလုံးမှာ အဖြစ်များတယ်။ ရောဂါပို ပြင်းထန်တယ်။HIV -2 အမျိုးအစားက အနောက်အာဖရိက ဒေသတွေမှာသာ ဖြစ်တယ်။ ဥရောပနဲ့ အိန္ဒိယမှာ အမျိုးအစား(၂) ကူးစက်ခံရသူတွေ ရှိနေပါတယိ။ သို့သော် ရောဂါပိုးရှိသူဟာ သာမန်လူကောင်းအတိုင်းနှစ်ပေါင်းများစွာ နေနိုင်လို့ ရောဂါရှ်လို့ရှ်မှန်း မသိကြတာများတယ်။ HIV ပိုး ရှိ၊မရှိ သွေးစစ်ဖို့ လိုပါတယ်။ ရောဂါကူးစက်ပြီး ၄ပတ်နဲ့ ၁၂ပတ်ကြား သွေးထဲမှာ အင်တီဘော်ဒီကို တွေ့နိုင်တယ်။ နောက်ဆုံးပေါ် 4th generation HIV tests (antigen/antibody) တွေက ၉၅ရာခိုင်နှုန်းထိ မှန်အောင် စစ်နိုင်တယ်။ ရောဂါလက္ခဏာပြင်းထန်ရင် ပိုးကူးစက်ခံရပြီးနှစ်ပတ်နေတဲ့အခါHIV RNA test ကို စစ်လို့ရပြီ။
HIV ဆိုတာ ခုခံအားကျဆင်းစေတဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပြီး AIDS ကတော့ ခုခံအားကျဆငိးလာတဲ့အခါ ဖြစ်ပေါ်လာတဲ့လက္ခဏာအစုအဝေးတွေ ဖြစ်ပါတယ်။ဒါ့ကြောင့် AIDS နဲ့ HIV မတူပါဘူး။ ပုံမှန်အားဖြင့် HIV ပိုး ကူးစက်ခံရပြီး၁၅ နှစ်လောက်ကြာတဲ့အခါ ခုခံအားကျဆင်းရောဂါ(AIDS)အဆင့် ကူးပြောင်း လာလေ့ရှိတယ်။ AIDS အဆင့်ရောက်တဲ့ လူနာတယောက်ဟာ ကုသမှုမခံယူရင် သုံးနှစ်အတွင်း သေဆုံးနိုင်ပါတယ်။
HIV ပိုးဟာ သွေး၊ မိခင်နို့၊ သုတ်ရည်၊ မွေးလမ်းကြောင်းက ထွက်တဲ့ အရည်၊ စအိုကထွက်တဲ့အရည်တွေမှာ ပါဝင်လေ့ရှိတယ်။ ရောဂါပိုးရှိတဲ့သူဆီကထွက်တဲ့ အရည်ဟာ တခြားသူရဲ့ သွေးကြောထဲ တိုက်ရိုက်ဝင်ရောက်ခဲ့ရင် ရောဂါကူးစက်ခံရနိုင်တယ်။ လိင်ဆက်ဆံခြင်းနဲ့ ဆေးထိုးအပ်မျှဝေသုံးစွဲခြင်းကနေ အဓိက ကူးစက်နိုင်တယ်။ ဒါ့ကြောင့် အရေပြားချင်းထိတွေ့မိရုံနဲ့ မကူးစက်နိုင်ပါသလို တအိမ်တည်းနေရုံနဲ့လည်း မကူးစက်စေဘူး။ အစားအသောက်ကနေ မကူးစက်စေသလိုပွေ့ဖက်နမ်းရှုပ်ရာက မကူးစက်နိုင်ဘူး။ေ ချွး၊တံတွေးနဲ့ မျက်ရညစတာတွေ ထိတွေ့ကိုင်တွယ်ရုံနဲ့လည်း မကူးစက်နိုင်ဘူး။
HIV ရောဂါပိုး ကူးစက်ခံရပြီး (၁)လအတွင်း တုပ်ကွေးဆန်ဆန် လက္ခဏာတွေ ဖြစ်ပေါ်လေ့ရှိတယ်။ ဖျားခြင်း၊ ချမ်းခြင်း၊ တကိုယ်လုံး ညောင်းညာကိုက်ခဲခြင်း၊ အနီစက်ထခြင်း၊လည်ချောင်းနာခြင်း၊ပါးစပ်နာ ပေါက်ခြင်း၊အားယုတ်ခြင်း၊ ဂလင်းတက်စေ့ ရောင်ခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။ ဒီအချိန်အတွင်း သွေးစစ်ရင် ရောဂါပိုးတွေ့မှာ မဟုတ်ပါဘူး။ window period ခေါ်တဲ့ ခုခံအားတိုက်ဖျက်တဲ့ အင်တီဘော်ဒီ မထွက်သေးလို့ ဖြစ်ပါတယ်။ ဒါပေမယ့် တခြားသူတွေကိုတော့ ကောင်းကောင်း ကူးစက်နိုင်ပါတယ်။
ကူးစက်ခံရပြီး အချိန်ကြာလာရင် ဘာလက္ခဏာမှ မပြတော့ဘူး။ ဒီအဆင့်ကို chronic HIV infection လို့ ခေါ်ပါတယ်။ ပုံမှန်အားဖြင့် (၁၀) နှစ်ကနေ နှစ်(၂၀)ထိ ကြာတတ်တယ်။ အကယ်၍ ဒီအဆင့်မှာ ဆေးကုမထားရင် ဗိုင်းရပ်စ်တွေက ခုခံအားကို လုံးဝဖျကိဆီးပြီး AIDSအဆင့်ကို ကူးပြောင်းသွားမှာ ဖြစ်ပါတယ်။ AIDS ရောဂါသည်တယောက်ဟာ မကြာခဏအဖျားကြီးခြင်း၊ဝမ်းလျှောခြင်း၊ညဖက်ချွေးထွက်ခြင်း၊ ဝိတ်ကျလွယ်ခြင်း၊ အလုံးအကျိတ်ပေါက်ခြင်း၊ ပါးစပ်၊စအိုနဲ့ အင်္ဂါစပ်တွေမှာ အနာဖြစ်ခြင်း၊ မှတ်ဉာဏ်လျှော့ခြင်း၊ စိတ်ဓာတ်ကျခြင်း နမိုးနီးယားအဆုတ်ရောင်ခြင်း၊တကိုယ်လုံး အနီစက်ပေါက်ခြင်း၊ စတာတွေ ဆက်ဖြစ်နိုင်တယ်။
လူ့ခန္ဓာကိုယ်မှာ ပြင်ပပိုးမွှားတွေ ဝင်ရောက်ရင် တိုက်ခိုက်တဲ့ ခုခံအားစနစ်ဆိုတာရှိတယ်။ HIVပိုးက အဆိုပါခုခံအားစနစ်ကို ကျဆင်းစေတဲ့ ဗိုင်းရပ်စ်တမျုး ဖြစ်ပါတယ်။ တခြားဗိုင်းရပ်စ်တွေနဲ့ မတူတာက HIV ပိုးကူးစက်ခံရရင် ခန္ဓာကိုယ်က ဒီပိုးကိုမတိုက်ထုတ်နိုင်ဘူး။ ရောဂါပိုးက တသက်လုံးရှိနေမယ်။အချိန်ကြာလာတာနဲ့အမျှ ပိုးကခုခံအားကို တဖြည်းဖြည်း တိုက်စား ဖျက်ဆီးသွားတယ်။ နောက်ဆုံးမှာ ခုခံအားက မရှိသလောက် ကျဆင်းသွားပြီးAIDS ရောဂါအဆင့်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။သာမန်လူကောင်းတယောက်ဟာ CD4 count 500 နဲ့ 1600 ကြားမှာရှိတယ်။ ယေဘုယျအားဖြင့် သွေးဖြူဥ CD4 count 200 အောက်ဖြစ်ရင် AIDS လို့ခေါ်ပါတယ်။ ပိုးက လူခန္ဓာကိုယ်ထဲဝင်ပြီး အာဟာရဓာတိကို စားသုံးတယိ။ သူတို့က ပွားများလာသလောကိ လူနာခမျာ ပိန်ချုံးလာတယ်။ တခြားရောဂါတွေ ဆက်တိုက်ဝင်ရောက်လာပြီး အသက်သေဆုံးသည်ထိ ဖြစ်နိုင်တယ်။ ဒါ့ကြာင့် HIV ပိုးဝင်ရောက်တဲ့အခါအချိန်မဆိုင်းပဲ ကုသမှုခံယူဖို့ လိုအပ်တာ ဖြစ်ပါတယ်။ ဒီလိုကုခြင်းအားဖြင့် နောက်ဆက်တွဲပြဿနာတွေကိုပါ လျှော့နည်းစေပြီး လူ့သက်တမ်းစေ့နေနိုင်လာတယ်။
HIV ကုတဲ့အခါ ART(antiretroviral therapy) ဆေးတွေ ပေးဖို့ လိုပါတယ်။ ART(antiretroviral therapy)ဆေးတွေ စောစောသောက်ခြင်းအားဖြင့် AIDS ရောဂါအဆင့်ထိမရောက်အောင် တားဆီးနိုင်မှာ ဖြစ်ပြီး သာမန်လူကောင်းတယောက်အတိုင်း လူ့သက်တမ်းစေ့ နေနိုင်သွားတယ်။ ရောဂါပျောက်အောင် မလုပ်နိုင်တဲ့အခြေအနေမှာ ရောဂါပိုးကိုထိန်းချုပ်နိုင်ဖို့သာ ကြိုးစားသင့်တယ်။ဆေးကို နေ့စဉ်ပုံမှန်သောက်ရတယ်။ ဒီလိုသောက်ခြင်းအားဖြင့် ဗိုင်းရပ်စ်ပိုးကို နေ့စဉ် နှိမ်နင်းနေတဲ့သဘော ဖြစ်တယ်။
၂၀၀၅ နောကိပိုင်းကစပြီး AIDS ဖြစ်ပွားမှု ၄၅ ရာခိုင်နှုန်းလျှော့ကျသွားတယ်။ အလားတူ တီဘီရောဂါကြောငိ့ သေဆုံးမှု ၃၂ ရာခိုင်နှုန်းလျှော့နည်းလာတယ်။ ဒါဟာ ဆေးဝါးတွေကို စနစ်တကျ သုံးစွဲမှုကြောင့် ဖြစ်ပါတယ်။ ART ဆေးရရှိသူ ၅၀ ရာခိုင်နှုန်းခန့် ရှိလာပါတယ်။ရောဂါရှိတဲ့သူက မိမိကိုယ်ကို ဂရုစိုက်ဖို့ လိုသလို ပတ်ဝန်းကျင်ကလညိး အလေးထားဆက်ဆံဖို့ လိုပါတယ်။ ရောဂါသည်ရဲ့ အတွင်းရေးကိစ္စတွေ ဖြစ်နိုင်သမျှ ဖွင့်မပြောပါနဲ့။ အထူးသဖြင့် HIV ရောဂါသည်တယောက်ကို နှိမ့်ချဆကိဆံတာမျိုး မလုပ်သင့်ဘူး။ အတူနေတဲ့အခါ အသုံးအဆောင်ပစ္စည်းတွေ မျှဝေသုံးစွဲနိင်ြတယ်။ ထမင်းတဝိုင်းတည်း အတူစားလို့ရတယ်။ ရေဘူးအတူသောက်လို့ရတယ်။ ရောဂါကသတိထားသင့်တဲ့ရောဂါမျိုးဖြစိပေမယ့် အလွနိအကျွံ ရှောငိရှားနေဖို့တော့ မလိုပါဘူး။ လူလူချင်းကူညီဖေးမဖို့လူသားတိုင်းမှာ တာဝန်ရှိနေပါတယ်။ကမ္ဘာက အေအိုင်ဒီအက်စ်ရောဂါသည်များကို စာနာနားလည်တဲ့အနေနဲ့ ဖဲကြိုးနီ(red ribbon) လှုပ်ရှားမှုတွေ ပြုလုပ်ကြတယ်။ဖဲကြိုးနီက အေအိုင်ဒီအက်စ်ရောဂါရဲ့ အမှတ်အသားဖြစိပြီး လူသားတိုင်းနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြယုဒ်တခုလည်း ဖြစ်လာပါတယ်။
ဒေါက်တာအေးမင်းထူး
၃.၇.၁၈
No comments:
Post a Comment